/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးက-ဘာလို့-မကြာမကြာ-ဖျားနာနေတတ်တာလဲ

ကလေးက ဘာလို့ မကြာမကြာ ဖျားနာနေတတ်တာလဲ?

Category
ကလေးများနှင့်ကျန်းမာရေး

ကလေးတွေဟာ မကြာခဏ အအေးမိတတ်ကြတာ သဘာဝပါပဲ။ နှာစေးဖျားနာတိုင်းလည်း ကိုဗစ် မဟုတ်ပါဘူး။ ကလေးငယ်လေးတွေဟာ အမျိုးမျိုးသော ဗိုင်းရပ်စ်ပိုးတွေကို တိုက်ထုတ်ဖို့ ကိုယ်ခံအား မတည်ဆောက်ရသေးတာကြောင့် ပိုးနဲ့ထိတွေ့မိတိုင်းမှာ ဖျားနာနေတော့တာပေါ့။

ဒါကြောင့် ကလေး မကြာခဏဖျားတိုင်း အရမ်းကြီးစိတ်မညစ်ဘဲ ဒီလိုဖျားနာခြင်းတွေဟာ ကလေးရဲ့ ကိုယ်ခံအားကို တည်ဆောက်နေတာကြောင့် နောက်ပိုင်းမှာ ရောဂါပိုးမွှားတွေကို ခံနိုင်ရည်ရှိလာနိုင်တာကို သိထားသင့်ပါတယ်။

EC Kidz IA 1

>>  ဒီလို မကြာမကြာ ဖျားနာနေတာကို ဘယ်လိုတားဆီးနိုင်မလဲ?

ဘယ်လိုပဲဖြစ်ဖြစ် မိဘတွေအနေနဲ့တော့ ကိုယ့်သားသမီး ခံစားနေရတာတွေကို တတ်နိုင်သလောက် ရှောင်ရှားချင်တတ်ကြမှာ သဘာဝပါပဲ။ ဒါကြောင့် ကလေး မကြာမကြာ အအေးမမိအောင် ဒီနည်းလမ်းလေးတွေကို လိုက်နာကြည့်ကြပါနော်။
 
၁။  ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေကို ရွေးချယ်ပါ။
ကလေးရဲ့ နေ့စဉ်စားသောက်ပုံထဲမှာ မပြုပြင်ထားတဲ့ နှံစပါးပြောင်း၊ အသားငါး၊ နို့နဲ့နို့ထွက်ပစ္စည်းတွေနဲ့ ဟင်းရွက်ဆီလိုမျိုး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီဓာတ်တွေ ပါဝင်သင့်ပါတယ်။ ဒါ့အပြင် အသီးအရွက်ကိုလည်း တစ်နေ့ ၅ ကြိမ်ခန့် ကျွေးပေးသင့်ပါတယ်။ ငါးမှာ ပါဝင်တဲ့ အိုမီဂါ ၃ ဖက်တီးအက်ဆစ် အဆီဓာတ်ဟာလည်း ကိုယ်ခံအားအတွက်ကောင်းတာမို့ တစ်ပတ် ၂ ရက်ခန့် ငါးကျွေးသင့်ပါတယ်နော်။

၂။  အဆာပြေမုန့်ရွေးချယ်မှုကလည်း အရေးကြီးပါတယ်။
ကလေးတွေ စားလေ့ရှိတဲ့မုန့်တွေဟာ တာရှည်ခံပစ္စည်းတွေနဲ့ ပြုလုပ်ထားပြီး အာဟာရတန်ဖိုးလည်း အင်မတန်နည်းပါးတာမို့ မိဘတွေအနေနဲ့ ကိုယ်ခံအားကောင်းစေတဲ့ အဆာပြေမျိုးကို ရွေးချယ်ကျွေးသင့်ပါတယ်။ ပရိုဘိုင်အိုတစ်ကြွယ်ဝတဲ့ဒိန်ချဉ်၊ အိုမီဂါ ၃ အက်ဆစ် ကြွယ်ဝတဲ့ သစ်ကြားစေ့လို အစေ့အဆံတွေနဲ့ ဗီတာမင်စီနဲ့ အခြားဗီတာမင်အမျိုးမျိုးကြွယ်ဝတဲ့ အသီးအနှံအမျိုးမျိုးကို ရွေးချယ်သင့်ပါတယ်နော်။

၃။  ကလေးကို အပြင်ထွက်ပြီး ဆော့ကစားစေပါ။
အပြင်ထွက်ဆော့ကစားခြင်းဖြင့် ကိုယ်လက်လှုပ်ရှားမှုကို ရစေနိုင်သလို ကိုယ်ခံအားအတွက် အရေးကြီးတဲ့ ဗီတာမင်ဒီဓာတ်ကိုလည်း ရရှိစေနိုင်ပါတယ်။

EC Kidz IA 2

၄။  ကလေးတွေမှာ အိပ်ချိန်ကလည်း အရေးကြီးတယ်နော်။
အိပ်ရေးပျက်ခြင်းဟာ natural killer cells လို့ခေါ်တဲ့ သဘာဝကိုယ်ခံအားဆဲလ်တွေကို နည်းစေပြီး ကိုယ်ခံအားကို ကျဆင်းစေနိုင်ပါတယ်။ တစ်ညကို မွေးကင်းစကလေးတစ်ယောက်ဟာ ၁၆ နာရီ၊ လေးဘက်ထောက်ကလေးတွေဟာ ၁၁-၁၄ နာရီ၊ ကျောင်းမနေမီအရွယ်တွေဟာ ၁၀-၁၃ နာရီ အိပ်ချိန်လိုအပ်ပါတယ်။

၅။  ကလေးရဲ့စိတ်ဖိစီးမှုပမာဏကို သတိထားစောင့်ကြည့်ပါ။
ကလေးတွေမှာလည်း လူကြီးတွေလိုပဲ စိတ်ဖိစီးမှုတွေ ရှိတတ်ကြပါတယ်။ အိမ်မှာ၊ ကျောင်းမှာ၊ အပေါင်းအသင်းကြောင့် စသဖြင့် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ ဒီလိုတာရှည်စိတ်ဖိစီးမှုများလာတဲ့ သွေးဖြူဥပမာဏတွေ လျော့နည်းလာတာကြောင့် ကလေးရဲ့ကိုယ်ခံအား အားနည်းလာနိုင်ပါတယ်။ ဒါကြောင့် ကလေးကို တရားထိုင်တာ အကျင့်လုပ်ပေးတာမျိုး၊ မိသားစုလိုက် ပျော်စရာလေးတွေ တူတူလုပ်ကြတာမျိုး၊ ရုပ်ရှင်တူတူကြည့်ပြီး ရယ်မောတာမျိုး စသဖြင့် ကလေးရဲ့ စိတ်ဖိစီးမှုတွေကို ဖြေဖျောက်ပေးပြီး ပျော်စရာလေးတွေ ဖန်တီးပေးပါ။

၆။  ရောဂါပိုးမွှားတွေနဲ့ ဝေးဝေးမှာနေပါ။
ကပ်ရောဂါချိန်မှာ ပိုအရေးကြီးပါတယ်။ တစ်ခုခုကိုင်ပြီးတိုင်း လက်ဆေးတာ၊ ဖျားနာနေသူတွေနဲ့ ဝေးဝေးနေတာ၊ လက်ကို ပါးစပ်ထဲထည့်တာ၊ မျက်နှာတို့၊ နှာခေါင်းတို့ကို လက်နဲ့ မကြာမကြာကိုင်တာ စတဲ့ အကျင့်ဆိုးတွေကို ဖျောက်ပေးတာ၊ အသုံးပြုပြီးသား တစ်ရှူးတွေကို ချက်ချင်း အမှိုက်ပုံးထဲပစ်တာ၊ အိမ်နဲ့ ကလေးဆော့ကစားနေကျ အရုပ်တွေကို အမြဲဆေးကြောပေးတာ စတဲ့ အလေ့အကျင့်ကောင်းတွေကို မွေးမြူပေးပါ။

Dr. Mya Phoo Ngon (www.drmyanmar.com)