ကလေးချောင်းဆိုးချွဲကြပ်ခြင်းအတွက် အိမ်တွင်းနည်းလမ်းများ
ကလေးငယ်လေးတွေမှာ ချောင်းဆိုးချွဲကြပ်ခြင်းဟာ အရမ်းအဖြစ်များပါတယ်။ များသောအားဖြင့် ဗိုင်းရပ်စ်ကြောင့်ဖြစ်တာများပြီး သူ့အလိုလို ပျောက်သွားတာ များပါတယ်။ ဒါပေမဲ့ တစ်ခါတလေမှာ ချောင်းဆိုးတာဟာ ပိုးသတ်ဆေးတွေ၊ စတီးရွိုက်ဆေးတွေ လိုတတ်ပါတယ်။ ဆေးသောက်တာအပြင် ကလေးငယ်တွေမှာ ပြုလုပ်ပေးသင့်တဲ့ ချောင်းဆိုးချွဲကျပ်ခြင်းအတွက် အိမ်တွင်းနည်းလမ်းကောင်းများကို ဖော်ပြပေးလိုက်ပါတယ်။
အနားယူပြီး အချိန်ယူတာဟာ ချောင်းဆိုးနေတဲ့ကလေးငယ်တွေအတွက် အကောင်းဆုံးနည်းလမ်းတစ်ခုပါပဲ။ ချောင်းဆိုးစေတဲ့ ဗိုင်းရပ်စ်အတော်များများဟာ သူ့ဟာသူ အချိန်တန်ရင် ပျောက်သွားတတ်တဲ့အတွက် တတ်နိုင်သလောက် ကလေးကို နားနားနေနေ နေစေပါ။
တကယ်လို့ ချောင်းဆိုးတာကြောင့် ကလေးက မအီမသာဖြစ်နေမယ်၊ ညဘက်ကို အိပ်မရဖြစ်နေမယ် ဆိုရင်တော့ ဒီအိမ်တွင်းနည်းလမ်းလေးတွေကို ကြိုးစားကြည့်ပေးပါ။
>> လေထုအစိုဓာတ်ထိန်းခြင်း
လေထုအစိုဓာတ်ထိန်းပေးခြင်းက ချောင်းဆိုးတာကို အကြောင်းရင်း ၂ ချက်ကြောင့် သက်သာစေနိုင်ပါတယ်။ ပထမကတော့ အစိုဓာတ်ထိန်းပေးခြင်းကြောင့် ကလေးရဲ့ဦးခေါင်းခွံတွင်း လှိုဏ်ခေါင်းနံရံလေးတွေကို စိုစွတ်နေစေပါတယ်။ ခြောက်သွေ့ခြင်းမရှိတော့တဲ့အခါ အချွဲတွေပိုထွက်လာတာမျိုးမရှိတော့ဘဲ ချောင်းဆိုးတာကို သက်သာစေနိုင်ပါတယ်။
ဒုတိယအချက်ကတော့ အစိုဓာတ်ပါတဲ့လေက ကလေးရဲ့ချွဲတွေကို သိပ်မကပ်အောင် တားပေးပါတယ်။ ချွဲမကပ်တဲ့အတွက် ဟပ်ထုတ်ရ ပိုလွယ်စေပါတယ်။ လေထုအစိုဓာတ်ကို ထိန်းပေးဖို့အတွက် ရေငွေ့လွှင့်စက်လေးကို တစ်နေ့ နာရီပိုင်းလောက် ဖွင့်ထားပေးပါ။
တစ်ချိန်လုံးကြီး ဖွင့်ထားစရာမလိုပါဘူး။ တစ်ချိန်လုံးဖွင့်ထားရင် မျက်နှာပြင်တွေစိုစွတ်ပြီး မှိုတက်တတ်ပါတယ်။ စက်ကိုလည်း ဘက်တီးရီးယားပိုးတွေ မပွားနေစေဖို့ မကြာမကြာ ဆေးကြောပေးပါ။
ရေနွေးငွေ့ရှူတာကလည်း ချွဲတွေကို ပျော်စေနိုင်ပါတယ်။ ရေချိုးခန်းထဲရေနွေးဖွင့်ပြီး အမေနဲ့ကလေးနဲ့တံခါးပိတ်ပြီး ဝင်ထိုင်နေတာမျိုး လုပ်လို့ရပါတယ်။ တူတူထိုင်ပြီး ကလေးကို ထွက်လာတဲ့ ရေနွေးငွေ့တွေကို တတ်နိုင်သလောက် ရှူခိုင်းပါ။ ဒီလိုထိုင်ရှူရင်း စာအုပ်ဖတ်တာ၊ ရုပ်ရှင်ကြည့်တာမျိုး လုပ်နိုင်ပါတယ်။
Solmux Kids 1

>> ရေဓာတ်ပြည့်ဝအောင်နေခြင်း
လေထုအစိုဓာတ်လိုပဲ ကိုယ်ခန္ဓာ ရေဓာတ်ပြည့်ဝခြင်းက ခြောက်သွေ့ခြင်းကို ကာကွယ်ပေးပြီး ချွဲကိုပျော်စေကာ ချောင်းဆိုးတာကိုသက်သာစေနိုင်ပါတယ်။ မကြာခဏ ရေတိုက်ပေးပါ။ အသားပြုတ်ရည် တိုက်ပေးခြင်းကလည်း ရေဓာတ်ပြည့်ဝစေသလို လိုအပ်တဲ့အာဟာရဓာတ်တွေကိုလည်း ရစေနိုင်ပါတယ်။ အသီးဖျော်ရည် အချိုရည်အေးအေးလေးတွေကလည်း လည်ချောင်းနာနေတာကို သက်သာစေနိုင်ပါတယ်။ လိမ္မော်ဖျော်ရည်ကတော့ အက်ဆစ်ဓာတ်များတာကြောင့် မသောက်တာ ကောင်းပါတယ်။
ကလေးမှာ ရေဓာတ်ပြည့်ဝ၊ မဝ သိချင်ရင် ကလေးရဲ့ဆီးကိုကြည့်ပါ။ ဆီးမကြာမကြာသွားပြီး ဆီးအရောင်က လိမ္မော်ရောင်အဖျော့ ဖြစ်နေတယ်ဆိုရင် ရေဓာတ်ပြည့်ဝနေကြောင်း သိနိုင်ပါတယ်။ ကလေးငယ်ငယ်လေးတွေမှာဆိုရင် သေးခံမကြာမကြာ လဲရ၊ မရကို ကြည့်ပါ။
Solmux Kids 2

>> ချွဲစုပ်ခြင်း
အစိုထိန်းပေးခြင်း၊ ရေဓာတ်ပြည့်ဝခြင်းတို့ကြောင့် ချွဲတွေပျော်လာပြီဆိုရင် ကလေးအကြီးတွေအတွက် ကိစ္စမရှိပေမယ့် ကလေးသေးသေးလေးတွေကိုတော့ စုပ်ခွက်အုပ်လုံးလေးနဲ့ နှာခေါင်းကနေ ချွဲတွေကို စုပ်ထုတ်ပေးဖို့ လိုပါတယ်။
ပထမဆုံးချွဲတွေပျော်အောင် နှာခေါင်းထဲကို ဆေလိုင်းဆားရည်လေး ထည့်ပေးပါ။ ပြီးရင် စုပ်လုံးထဲ ကလေတွေကို ညှစ်ထုတ်ပြီး နှာခေါင်းလေးထဲ စုပ်လုံးထိပ်ကလေးကို ဖြည်းဖြည်းချင်း ထည့်လိုက်ပါ။ ညှစ်ထားတဲ့စုပ်လုံးလေးကို ဖြည်းဖြည်းချင်း လွှတ်လိုက်ပြီး ချွဲတွေကိုစုပ်ထုတ်လိုက်ပါ။
စုပ်ထုတ်ထားတဲ့ချွဲတွေကို ဖယ်ရှားပြီးရင် နှာခေါင်းနောက်တစ်ဖက်ထဲကို ဒီနည်းအတိုင်းပဲ လုပ်ပေးပါ။ ချွဲတွေ ထပ်မထွက်တော့တဲ့အထိ လုပ်ပေးပါ။
အဓိကအချက်ကတော့ ကလေးချောင်းဆိုးနေတယ်ဆိုရင်တော့ မေမေဖေဖေတို့ကတော့ စိုးရိမ်မှာပါပဲ။ ချောင်းဆိုးချွဲကြပ်တာဟာ ကလေးလေးတွေမှာ ဖြစ်လေ့ရှိတတ်ပြီးတော့ သူ့ဟာသူပဲ ပျောက်သွားတတ်တယ်ဆိုတာ သတိချပ်ဖို့လိုပါတယ်။
အပေါ်မှာပြောခဲ့တဲ့ အိမ်တွင်းနည်းလမ်းလေးတွေနဲ့ သက်သာအောင်လုပ်ပေးပါ။ မသက်သာဘူး၊ ပိုဆိုးလာတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။
Dr. Mya Phoo Ngon (www.drmyanmar.com)