ကလေးငယ်တွေကို ဆံပင်ညှပ်ပေးတဲ့အချိန်မှာ ကမ်ဘာပျက်မတတ် သောင်းကျန်းကြတာကို ဘယ်လိုဖြေရှင်းကြမလဲ?
ကလေးငယ်တွေဟာ အသက် 14 လက စတင်ပြီး (တစ်ခါတစ်ရံ အသက် 5-6 နှစ်ထိတိုင်အောင်) ဆံပင်ညှပ်ခံရမှာကို အလွန်အမင်း ကြောက်ရွံ့ကြပါတယ်။ ဖြစ်နိုင်တာကတော့ ဆံပင်ညှပ်မယ့်အချိန်မှာ ကတ်ကြေး အကြီးကြီးက အနားကို ရောက်လာတဲ့အတွက် ကြောက်စိတ်တွေ ၀င်လာတာ ဖြစ်ပါတယ်။
အဲဒီအချိန်မှာ ကလေးငယ်ကို အတင်းအကြပ် ပြုလုပ်တာဟာ အခြေအနေကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။ ကလေးကို အတင်းချုပ်ထားတာကြောင့် ထိခိုက်ရှနာ ဖြစ်သွားပါက ပုံမှန်ကြောက်စိတ်ကနေ တစ်သက်လုံး ပုံမှန်မဟုတ်တဲ့ အစွဲအလမ်းတစ်ခု ဖြစ်သွားနိုင်ပါတယ်။ တကယ်တမ်း ကလေးတွေဟာ ကတ်ကြေးကို ကြောက်တာမဟုတ်ဘဲ သူတို့ထိခိုက်မိမှာကို ကြောက်နေကြတာ ဖြစ်ပါတယ်။ ဒါကြောင့် ကလေးကို သင်ကြားတဲ့အခါမှာ သူတို့ကို ခြိမ်းခြောက်တဲ့နည်းနဲ့ မသင်သင့်ပါဘူး။ ကလေးငယ်ကို အဲဒီကြောက်စိတ်ကို ဖိနှိမ်ဖို့ အတင်းအကြပ် ပြုလုပ်လေလေ ပိုဆိုးလေလေပဲ ဖြစ်လာမှာပါ။ ဖြစ်သင့်တာက ဆံပင်ညှပ်တာဟာ ဘာမှကြောက်ဖို့မလိုကြောင်း ရှင်းပြရင်း ကလေးမှာ စိတ်ဒဏ်ရာမရစေဖို့ အောက်ပါတို့ကို လုပ်ဆောင်နိုင်ပါတယ်။
အနံ့အသက်ပြင်းပြင်းတွေ၊ ဆံပင်မညှပ်ခင် ပုဝါခြုံရတာ၊ ထိုင်ခုံအမြင့်ကြီးပေါ် တက်ထိုင်ရတာ စတာတွေဟာ သူတို့ကို မသက်မသာ ဖြစ်စေပါတယ်။ ဆံပင်ညှပ်နေတဲ့အချိန်မှာ မှန်ကို ကြည့်ခိုင်းမယ့်အစား ကြမ်းပြင်ပေါ်ထိုင်ခိုင်းပြီးတော့ ကာတွန်းကြည့်နေတာပဲဖြစ်ဖြစ်၊ ဉာဏ်စမ်းဂိမ်း ကစားနေစေတာပဲဖြစ်ဖြစ် ပြုလုပ်စေသင့်ပါတယ်။ တကယ်လို့ ကလေးရဲ့ ကြောက်ရွံ့စိတ်ဟာ ကတ်ကြေးကြောင့် ဖြစ်တယ်လို့ ထင်ပါက ဆံပင်ရိတ်စက်လိုမျိုးဟာကို အစားထိုး အသုံးပြုသင့်ပါတယ်။ အဲ့ဒီအချိန်မှာ ကလေးငယ်ရဲ့ဘေးမှာ သူငယ်ချင်းဖြစ်ဖြစ်၊ ညီအစ်ကို မောင်နှမတွေဖြစ်ဖြစ် ရှိနေစေတာဟာလည်း သူ့ကို ပိုပြီးသက်သောင့်သက်သာ ဖြစ်စေမှာပါ။ တချို့ ဆံသဆရာတွေကတော့ ကလေးနှစ်ယောက်ကို ထိုင်ခုံတစ်လုံးထဲမှာ အတူတကွ ထိုင်စေပြီး တစ်လှည့်စီ ညှပ်ပေးတာကလည်း အလုပ်ကို ပြီးစေနိုင်ပါတယ်။ အကောင်းဆုံးကတော့ ဆံပင်ညှပ်ခြင်းဆိုတာ ကလေးငယ်အတွက် ပျော်ရွှင်စရာကောင်းတဲ့ အရာတစ်ခုလို့ ခံစားစေရအောင် တတ်နိုင်သမျှ ဖန်တီးပေးရမှာ ဖြစ်ပါတယ်။
Dr. Thinzar Wynn (www.drmyanmar.com)






























