/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးငယ်တွေကို-နေကာမျက်မှန်-တပ်ပေးသင့်သလား

ကလေးငယ်တွေကို နေကာမျက်မှန် တပ်ပေးသင့်သလား ?

Category
ကလေးများနှင့်ကျန်းမာရေး

        နေရောင်ခြည်တွင်ပါဝင်သော ခရမ်းလွန်ရောင်ခြည်သည် ကလေးငယ်လေးများ အသက်ကြီးပြင်းလာချိန်တွင် အတွင်းတိမ်ရောဂါနှင့် အခြားမျက်စိရောဂါများဖြစ်ပေါ်နိုင်ခြေကို ပိုမိုမြင့်တက်စေနိုင်သည့်အတွက် ကလေးငယ်များကိုလည်း နေကာမျက်မှန်တပ်ပေးသင့်ပါသည်။ သို့ရာတွင် ကလေးငယ်မှ နေကာမျက်မှန် တပ်ဆင်ရန် ငြင်းဆန်နေပါကလည်း အတင်းအကျပ်တိုက်တွန်းခိုင်းစေရန်မလိုအပ်ဘဲ ကလေးမျက်လုံးကိုနေရောင်ခြည် ထိတွေ့မှုမှ ကာကွယ်ပေးနိုင်သော လျှာထိုးပါသည့် ဦးထုပ်မျိုးကိုဆောင်းပေးနိုင်ပါသည်။ ကလေးငယ်များသည် လူကြီးမိဘတို့ကိုတုပတတ်သည့်အလျောက် မိဘဖြစ်သူမှ နေကာမျက်မှန်တပ်ပြခြင်းအားဖြင့်လည်း ကလေးငယ်ကိုယ်တိုင် နေကာမျက်မှန်ကို လိုလိုလားလားဝတ်ဆင်လာစေရန် ဆွဲဆောင်နိုင်မည်ဖြစ်သည်။

          အရေးကြီးသည့်အချက်မှာ နေကာမျက်မှန်တိုင်းခရမ်းလွန်ရောင်ခြည်ဒဏ်ကို ကာကွယ်ပေးနိုင်သည် မဟုတ်ဘဲ နေကာမျက်မှန်တွင် 400 နာနိုမီတာ (400 nanometers) အထိ ခရမ်းလွန်ရောင်ခြည်ကို စုပ်ယူနိုင်စွမ်းရှိသည်ဟု ဖော်ပြသည့်အမှတ်အသားပါဝင်မှသာလျှင် ခရမ်းလွန်ရောင်ခြည်ဒဏ်ကို အမှန်တကယ်ကာကွယ်ပေးနိုင်သည်ဖြစ်ရာ စိတ်ချယုံကြည်ရသော နေကာမျက်မှန်အမျိုးအစားကို လည်း ရွေးချယ်ဝယ်ယူတတ်ရန်လိုပါသည်။  ပုံမှန်လမ်းဘေးဆိုင်များတွင် ဝယ်ယူသောနေကာ မျက်မှန်အမျိုးအစား အများစုမှာ ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်နိုင်သည့်ဓာတ်မပါဝင်ပါက မျက်လုံးကိုအပြည့်အဝ ကာကွယ်မှု ပေးနိုင်မည်မဟုတ်ပေ။ ခရမ်းလွန်ရောင်ခြည်ကာကွယ်နိုင်စွမ်းသည် မျက်မှန်တွင်ဓာတ်တစ်မျိုး ထည့်သွင်းထားခြင်းကြောင့်ဖြစ်ပြီး နေကာမျက်မှန်အရောင်နှင့် မသက်ဆိုင်သည့်အတွက် ကြိုက်နှစ်သက်ရာ မျက်မှန်အရောင်ကို ရွေးချယ်ဝယ်ယူနိုင်သော်လည်း အရောင်မရင့်လွန်း၊ မဖျော့လွန်းသော မျက်မှန်မှာအသင့်တော်ဆုံးဖြစ်ပါသည်။ မျက်မှန်အရောင်ဖျော့လွန်းပါက တောက်ပသောနေရောင်အောက်တွင် မျက်စိစူးခြင်းဖြစ်ပေါ်နိုင်ပြီး အရောင်ရင့်လွန်းလျှင်လည်း ကလေးငယ်၏ မျက်လုံးသူငယ်အိမ်ကို ပိုမိုကျယ်ဝန်းလာစေပြီး မျက်လုံးသို့ခရမ်းလွန်ရောင်ခြည်စုပ်ယူမှု ပိုမိုများပြားသည့်အတွက် ခရမ်းလွန်ရောင်ခြည်ကို 100 ရာခိုင်နှုန်း မကာကွယ်နိုင်သော နေကာမျက်မှန်ဖြစ်ခဲ့လျှင် ကလေးငယ်မျက်လုံးအတွက် အန္တရာယ်ရှိနိုင်ပါသည်။

Dr. Thanda Lin (www.drmyanmar.com)