/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးငယ်တွေ-ဗိုက်နာရင်

ကလေးငယ်တွေ ဗိုက်နာရင်

Category
ကလေးများနှင့်ကျန်းမာရေး

        အသက် 5 လအောက်ကလေးငယ်များတွင် မူလကကျန်းမာနေသော်လည်း တစ်ခါတရံအလွန်အမင်း ငိုယိုဂျီကျခြင်းကိုကြုံတွေ့ရတတ်သည်။ တစ်ပတ်လျှင် သုံးရက်နှင့်အထက် သုံးနာရီအထိ ဆက်တိုက်ငိုယိုခြင်း များကြုံတွေ့ရပြီး ထိုသို့ငိုယိုတတ်လာသည်မှာလည်း အနည်းဆုံးသုံးပတ်အထိကြာမြင့်ခဲ့ပြီဆိုလျှင် ကလေးငယ်တွင် ဝမ်းဗိုက်ရစ်ကာ နာနေခြင်းကြောင့်ဖြစ်နိုင်သည်။ ထိုသို့ဖြစ်ပေါ်လာလျှင် ပထမဦးစွာ ဆရာဝန်နှင့် ပြသတိုင်ပင်၍ ကလေးတွင်အစားအသောက်ပြဿနာနှင့်  အခြားရောဂါကြီးကြီးမားမား မရှိကြောင်းသေချာစေရန် စစ်ဆေးကြည့်ရန် လိုအပ်ပါသည်။ အခြားပြင်းထန်သောရောဂါများမရှိဘဲ ဗိုက်ရစ်နာခြင်းတစ်မျိုးသာရှိနေကြောင်း သေချာမှသာ ဗိုက်ရစ်နာခြင်းကို သက်သာစေနိုင်သည့်အောက်ပါ နည်းလမ်းများကို စမ်းသပ်အသုံးပြုနိုင်ပါသည်။

 

(1) အူလမ်းကြောင်းအတွင်း အကျိုးပြုပိုးမွှားများပါ၀င်သောဆေးများအသုံးပြုခြင်း

        လေ့လာချက်များအရ ဝမ်းဗိုက်ရစ်နာသောကလေးငယ်များတွင် အခြားကလေးငယ်များ၌ ပုံမှန်ရှိသော အူလမ်းကြောင်းအကျိုးပြု ဘတ်တီးရီးယားပိုးမွှားများနှင့် အမျိုးအစားမတူသော ပိုးမွှားများရှိကြောင်းတွေ့ရှိရသဖြင့် အူလမ်းကြောင်းအကျိုးပြုပိုးမွှားများ (Lactobacillus reuteri) ပါဝင်သော ဆေးများတိုက်ကျေွးခြင်းဖြင့် ဝမ်းဗိုက်ရစ်နာခြင်းကို သက်သာစေနိုင်ပါသည်။

 

(2) ဗိုက်ပေါ်သို့ ရေနွေးအိတ်ကပ်ပေးခြင်း

        ရေနွေးအိတ်အတွင်းသို့ မပူလွန်းမအေးလွန်းသောရေနွေးနွေးထည့်၍ တဘက်ဖြင့်ထုပ်ကာ ကလေးငယ်၏ ဗိုက်ကလေးကို ရေနွေးအိတ်ကပ်ပေးနိုင်သည်။ ကလေး၏ အရေပြားမှာ နုနယ်လှသည့်အတွက် အပူချိန်ကို အထူးသတိပြုရန်လိုပါသည်။

 

(3) ကလေးဗိုက်အား ညင်သာစွာပွတ်သပ်နှိပ်နယ်ပေးခြင်း

        ကလေးငယ်၏ဗိုက်အားညင်သာစွာ ပွတ်သပ်နှိပ်နယ်ပေးခြင်းသည် ကလေးငယ်နာကျင်မှုကို သက်သာစေနိုင်ပါသည်။ သို့ရာတွင် တစ်ခါတရံကလေးမခံနိုင်ဘဲဖြစ်တတ်သဖြင့် ကလေး၏တုံ့ပြန်မှုကို ဂရုပြုကြည့်ရှုရန်လိုအပ်ပါသည်။

 

(4) ဆူညံသံများပြုလုပ်ခြင်း

        မိခင်၏သားအိမ်အတွင်းနေထိုင်စဉ် သနေ္ဓသားဘဝတွင်ကြားခဲ့ရသော နှလုံးခုန်သံနှင့် ဝမ်းတွင်းလှုပ်ရှားသံ များကို ပြန်လည်အမှတ်ရစေသည့်အသံများကို ကလေးငယ်များကြိုက်နှစ်သက်သည့်အလျောက် ကလေးငယ်အနီးတွင် အဝတ်ခြောက်စက်ဖွင့်၍မှုတ်သံပေးခြင်း၊ နောက်ဖေးမီးဖိုမှ မီးခိုးထုတ်ပန်ကာကိုလည်စေ၍အသံပြုခြင်းနှင့် မိုးရေစက်ကျသံကဲ့သို့သော သဘာဝအသံများပါဝင်သည့် စီဒီခွေဖွင့်ပေးခြင်းတို့ဖြင့် နာကျင်မှုမှအာရုံလွှဲပြောင်းနိုင် မည်ဖြစ်သည်။

 

(5) တိတ်ဆိတ်ငြိမ်သက်သော ပတ်ဝန်းကျင်ဖန်တီးပေးခြင်း

        အချို့သောကလေးငယ်များမှာမူ အထက်တွင်ဖော်ပြခဲ့သည့်ဆူညံသံများကို ကြိုက်နှစ်သက်ခြင်းမရှိသည့်အတွက် ၄င်းကလေးငယ်တို့အတွက်မူ တိတ်ဆိတ်ငြိမ်သက်၍ အလင်းရောင်မရှိသော ပတ်ဝန်းကျင်မျိုးကို ဖန်တီးပေးရန်လိုအပ်ပါသည်။

 

(6) လှုပ်ရှားပေးခြင်း

        ကလေးငယ်များသည် ညင်သာသောလှုပ်ရှားမှုများကိုကြိုက်သည့်အတွက် ကလေးငယ်အား ချီပိုး၍ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ပေးခြင်းဖြင့်လည်း ကလေးသက်သာငြိမ်သက်စေရန် လုပ်ဆောင်နိုင်ပါသည်။ ကလေးငယ်အားချီပိုးရာတွင် မိမိရင်ဘတ်နှင့် ကလေး၏ ၀မ်းဗိုက်ကိုနီးကပ်စွာထိကပ်၍ ချီပိုးရန်လိုအပ်ပါသည်။

 

(7) မော်တော်ကားစီးစေခြင်း

        တစ်ခါတရံ ကလေးငယ်အားကားပေးစီးခြင်းဖြင့်လည်း လှုပ်ရှားမှုများ၊ တုန်ခါမှုများနှင့် ကားသံများကြောင့် ဗိုက်ရစ်နာခြင်းသက်သာသွားကြောင်းတွေ့ရှိရသည်။ ဂိုဒေါင်ထဲတွင်ပင် ကားစက်နှိုးထားခြင်းထက် အမြင်အာရုံအပြောင်းအလဲဖြစ်စေရန် အမှန်တကယ်မောင်းနှင်ပေးဖို့လိုအပ်ပါသည်။

 

(8) အိမ်ပြင်ထွက် လမ်းလျှောက်ပေးခြင်း

        ကလေးငယ်၏ ပတ်ဝန်းကျင်အပြောင်းအလဲဖြစ်စေရန် ကလေးငယ်အား ခေါ်ယူချီပိုး၍အိမ်အပြင်တွင် လမ်းထွက်လျှောက်ပေးနိုင်ပါသည်။

 

(9) ကလေးအနေအထားပြောင်းပေးခြင်း

        ကလေးအားချီပိုးထားခြင်း၊ မတ်မတ်ထိုင်နေစေခြင်းနှင့် ပေါင်ပေါ်တွင်မှောက်လျက်နေစေခြင်း စသဖြင့့််ကလေးငယ်၏ အနေအထားပုံစံအမျိုးမျိုးပြောင်းလဲပေးရန် လိုအပ်ပါသည်။

 

(10) စောင်၊ အဝတ်များနှင့် လုံခြုံစွာထွေးပွေ့ထားခြင်း

        ကလေးငယ်အတွက် မိမိပတ်ဝန်းကျင်လောကကြီးကို ကြီးမားလှသည်ဟုထင်မြင်ခံစားတတ်သည့် အလျောက် စောင်များ၊ အဝတ်များ၊ အနှီးများဖြင့် တင်းကျပ်လုံခြုံစွာ ထုတ်ပိုးထွေးပွေ့ထားခြင်းဖြင့် ကလေးငယ်အား စိတ်လုံခြုံမှုရရှိစေသည်။ ကလေးဝမ်းဗိုက်ရစ်နာခိျန်နှင့် ကလေးသိပ်ချိန်တို့တွင် ထိုသို့လုပ်ဆောင်ပေးနိုင်ပါသည်။ လသားကလေးများအားလုံခြုံစွာထုပ်ပိုးထွေးပွေ့ထားခြင်းဖြင့် ကလေးလွယ်ကူစွာအိပ်ပျော်သည်သာမက ကလေးအိပ်ပျော်စဉ် လှုပ်ရှားမှုများကိုပါ ထိန်းသိမ်းပေးထားခြင်းဖြင့် ပိုမိုနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ကြောင်း သုတေသီများက လေ့လာတွေ့ရှိထားပြီးဖြစ်သည်။

 

(11) ရေချိုးပေးခြင်း

        ကလေးငယ်ဝမ်းဗိုက်ရစ်နာနေချိန်တွင် ရေနွေးနွေးဖြင့် ရေချိုးပေးခြင်းဖြင့်လည်း သက်သာစေနိုင်ပါသည်။

♦  ကလေးလေနာထခြင်း

        ကလေးလေနာထခြင်းသည် ဝမ်းဗိုက်ရစ်နာခြင်းကိုဖြစ်ပေါ်စေတတ်သော အကြောင်းအရင်းမဟုတ်သော်လည်း အချို့သောဝမ်းဗိုက်ရစ်နာသောကလေးငယ်များတွင် ငိုယိုရာမှ လေများမျိုချတတ်သဖြင့် လေနာထခြင်းပါ ပူးတွဲဖြစ်ပေါ်တတ်သည်။ ကလေးလေထသည်ဟုထင်လျှင် ဆရာဝန်နှင့် ပြသတိုင်ပင်ဆွေးနွေးပြီး ဆရာဝန်ညွှန်ကြားချက်နှင့်အညီ ကလေးအားအစာအိမ်ဆေးလေဆေးတိုက်ကျေွးခြင်း၊ နို့တိုက်မိခင်တွင် အစားအသောက်ပုံစံပြောင်းလဲခြင်း၊ နို့ဗူးတိုက်ကျေွးလျှင် နို့မှုန့်အမျိုးအစားပြောင်းလဲခြင်းများ လုပ်ဆောင်ရနိုင်သည်။

 

Dr. Thanda Lin

 www.drmyanmar.com