ကလေးငယ်များတွင် ၀မ်းချုပ်ခြင်း
ဘယ်လိုကလေးငယ်များက ၀မ်းချုပ်လေ့ရှိသလဲ
မိခင်နို့ရည်သောက်သုံးရသော ကလေးငယ်များထက် နို့ဘူးတိုက်သောကလေးများက ၀မ်းပိုချုပ်လေ့ ရှိပါတယ်။ နို့မှုန့်တွင်ပါ၀င်သော အာဟာရများသည် အလွယ်တကူ အစာမကြေ တတ်သောကြောင့် နို့ဘူးသောက်သော ကလေးများသည် ၀မ်းချုပ်ခြင်းကိုပိုမိုခံစားရလေ့ရှိပါတယ်။
၀မ်းချုပ်နေကြောင်းဘယ်လိုသိနိုင်သလဲ
ကလေးငယ်၀မ်းချုပ်နေတယ်လို့ထင်ပါက အောက်ပါလက္ခဏာများရှိ၊ မရှိစစ်ဆေးကြည့်ပါ။
• ၀မ်းမသွားမီကလေးငယ်သည် ဂဏှာမငြိမ်ဖြစ်ခြင်း
• ငိုခြင်း၊ မအီမသာဖြစ်ခြင်း
• ၀မ်းခြောက်သွေ့မာကြောနေခြင်း
• တစ်ပတ်လျှင် နှစ်ကြိမ်လောက်သာ ၀မ်းသွားခြင်း
• ၀မ်းအနံ့ဆိုးဝါးခြင်း
• ပါးစပ်ပျက်ခြင်း
• ၀မ်းဗိုက်တောင့်တင်းခြင်း
သို့သော် တစ်ခါတရံ ၀မ်းအရည်ကျဲကျဲသွားခြင်းသည် ၀မ်းချုပ်ခြင်း၏ လက္ခဏာဖြစ်နေတတ်ပါတယ်။ ၀မ်းချုပ်နေသော်လည်း၀မ်းအရည်ကျဲသွားရခြင်းဆိုသည်မှာ အူမကြီးအောက်ပိုင်းအတွင်း ၀မ်းများမာနေ၍ ထို၀မ်းအမာများကိုဖြတ်ကျော်ပြီး ၀မ်းအရည်ကျဲကျဲသွားရခြင်း ဖြစ်ပါတယ်။ ထို့ကြောင့် ၀မ်းအရည် ကျဲကျဲသွားတိုင်း ၀မ်းလျောသည်ဟု မမှတ်ယူသင့်ပေ။
ဘယ်အရာတွေက ၀မ်းချုပ်စေသလဲ
1. အထက်မှာပြောခဲ့သလို နို့မှုန့်တိုက်တဲ့ကလေးများ (နှို့မှုန့်များဟာ အစာခြေဖျက်ဖို့ ခဲယဉ်းတာကြောင့် ကလေးငယ်ကို ၀မ်းချုပ်စေပါတယ်။)
2. အစာမာများ စားခြင်း၊ အမျှင်ဓါတ်နည်းပါးသော အစာများစားခြင်း
3. ရေဓါတ်ခန်းခြောက်ခြင်း
4. စားမိသောအစာနှင့်ဓါတ်မတည့်ခြင်း
5. မွေးရာပါရောဂါများ - အူမကြီးကောင်းစွာအလုပ်မလုပ်နိုင်သော (Hirschsprung’s disease)၊ စအို၀နှင့် အစာအိမ်ဟောင်းတို့ ကောင်းစွာအလုပ်မလုပ်နိုင်သောအခြေအနေ(Anorectal malformation)၊ မွေးရာပါကျောရိုးကွဲရောဂါ (Spina bifida)၊ မျိုးရိုးဗီဇကြောင့် အသက်ရူလမ်းကြောင်း၊ အူလမ်းကြောင်းနှင့် ပန်ကရိယ ထိခိုက်သောရောဂါ (Cystic Fibrosis)
ကလေးငယ်များ၀မ်းမချုပ်အောင် ဘယ်လိုလုပ်မလဲ
1. ကလေးကို ပက်လက်အနေအထားထားပြီး ခြေထောက်နှစ်ဖက်ကို စက်ဘီးစီးသကဲ့သို့ ငြင်ငြင်သာသာ လှုပ်ရှားပေးပါ။
2. နို့ဗူးတိုက်ပါက နို့မှုန့်အားညွှန်းဆိုထားသည့်အတိုင်းသာဖျော်စပ်ပါ။ ရေနည်းနည်းနဲ့ ခပ်ပျစ်ပျစ်ဖျော်ထားသော နို့ရည်များသည်ကလေးငယ်အား ၀မ်းပိုချုပ်စေပါတယ်။
3. အမျှင်ဓါတ်များသောအစားအစာများ၊ အရည်ရွှမ်းသောသစ်သီးများကိုကျေွးပေးပါ။
4. လိုအပ်ပါက ဆရာ၀န်နှင့် သေချာစွာတိုင်ပင်ပါ။
Dr. Htet Htet Aung (www.drmyanmar.com)