/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးငယ်များနှင့်-ရေကူးနေစဉ်အတွင်း-ရေဓာတ်ခန်းခြောက်ခြင်း

ကလေးငယ်များနှင့် ရေကူးနေစဉ်အတွင်း ရေဓာတ်ခန်းခြောက်ခြင်း

Category
ကလေးများနှင့်ကျန်းမာရေး

          ရေကူးကန်တွင်အချိန်ဖြုန်းခြင်းနှင့် ရေပန်းများအောက်တွင်ဆော့ကစားခြင်းများသည် ကလေးအများစုအတွက် နွေရာသီအနားယူခြင်းနည်းလမ်းများဖြစ်ပေသည်။ အကယ်၍ ခွင့်ပြုထားပါက ကလေးငယ်များသည် ရေကူးကန်ထဲတွင် တစ်နေကုန်လည်းနေနိုင်ပါသည်။ သို့သော် သူတို့၏အနီးအနားတွင် အလွယ်တကူရေသောက်သုံးနိုင်ရန် စီစဉ်ထားပေးသင့်ပါသည်။

          ရေကူးကန်ထဲရှိ ကလေးများတွင် ရေဓာတ်ခန်းခြောက်ခြင်းဖြစ်ခြင်းဆိုသည်မှာ အနည်းငယ်ထူးဆန်သယောင်ဖြစ်သော်လည်း အမှန်တကယ်ကိုပင် ရေဓာတ်ခန်းခြောက်ခြင်းဖြစ်နိုင်ချေမြင့်မားပါသည်။

          ချေွးထွက်ခြင်းကြောင့် ခန္ဓာကိုယ်မှလိုအပ်နေသော ရေဓာတ်များဆုံးရှုံးပြီး ရေဓာတ်ခန်းခြောက်ခြင်းဖြစ်ရကြောင်းကို Cleveland ဆေးခန်း၏ ကလေးအရေးပေါ်ဌာနမှ မန်နေဂျင်းဒါရိုက်တာ Dr.Purva Grover ကရှင်းပြထားပါသည်။

          သို့ရာတွင်အောက်ပါတို့ကို လိုက်နာခြင်းဖြင့် ရေကူးနေစဉ်အတွင်း ကလေးငယ်များရေဓာတ်ခန်းခြောက်ခြင်း အန္တရာယ်ကိုအလွယ်တကူ ကာကွယ်နိုင်ပါသည်။

ဆုံးရှုံးသွားသောရေဓာတ်များကို မှန်မှန်ပြန်ဖြည့်ပေးပါ

        အမေရိကန်နိုင်ငံ ကလေးအထူးကုဆရာ၀န်များ အကယ်ဒမီ၏ လမ်းညွှန်ချက်အရ ကလေးများကိုရေမကူးမီ၊ ရေကူးနေစဉ်အတွင်းနှင့် ရေကူးပြီးနောက်တွင်  ရေသေချာတိုက်သင့်သည်ဟုသိရပါသည်။

          ရေကိုသာအဓိကတိုက်သင့်၍ အချိုရည်များက ကလေးငယ်များ၏ရေဓာတ်ဆုံးရှုံးနိုင်ချေကို ပိုမိုမြင့်တက်စေကြောင်း Dr.Grover က ထပ်ဆင့်ရှင်းပြထားပါသည်။ သူမကပင် ဆက်လက်၍ ရေထဲတွင်စတော်ဘယ်ရီသီးများ (သို့) သခွားသီးစိတ်များ (သို့) ရှောက်သီးများစိမ်၍ ကလေးငယ်များသောက်ချင်လာအောင်ပြုလုပ်သင့်သည်ဟုလည်း အကြံပေးထားပါသည်။

          အကောင်းဆုံးမှာ -

အသက် 9 နှစ်မှ 12 နှစ်ကလေးငယ်များ - 15-20 မိနစ်ခြားတစ်ခါ ရေ 5 အောင်စခန့်သောက်သုံးပါ။

အသက် 13 နှစ်အထက်လူငယ်လူရွယ်များ - တစ်နာရီတစ်ခါအနည်းဆုံး ရေ 32 အောင်စခန့်သောက်သုံးပါ။       

          အားဖြည့်အချိုရည်များသောက်သုံးလိုပါက ပြိုင်ပွဲ (သို့) ပြင်းပြင်းထန်ထန်ရေကူးပြီး အနည်းဆုံးတစ်နာရီခန့်အကြာတွင်မှ သောက်သင့်ပါသည်။ ထိုအချိန်တွင် ခန္ဓာကိုယ်မှ ဓာတ်ဆားများ (ခန္ဓာကိုယ်ရေဓာတ်ကို ထိန်းညှိပေးသောပစ္စည်းများ) စတင်ဆုံးရှုံးလေ့ရှိသောကြောင့် အားဖြည့်အချိုရည်များက အထောက်အကူပြုပေလိမ့်မည်။

 

ရေဓာတ်ခန်းခြောက်ခြင်းမှကာကွယ်ရန် အကောင်းဆုံးနည်းလမ်းများ

        နေရောင်အောက်တွင် ကစားစဉ်ရေဓာတ်ဆုံးရှုံးခြင်းကိုကာကွယ်ရန် အောက်ပါအချက်များကိုလိုက်နာပါ။

1. အလွန်ပူပြင်းသောအချိန်များကိုရှောင်ကြဉ်ပါ

          နွေရာသီချိန်များတွင် ကလေးငယ်ကိုပူပြင်းသောနေရောင်နှင့်မထိတွေ့စေရန် တတ်နိုင်သမျှရှောင်ကြဉ်စေပါ။ (မွန်းတည့် 12 နာရီမှ ညနေ 4 နာရီထိ)

 

2. နေ့တစ်နေ့၏စိုထိုင်းစကို အမြဲစောင့်ကြည့်ပါ

          စိုထိုင်းစမြင့်မားသောနေ့များတွင် ချေွးပိုမိုထွက်လေ့ရှိခြင်းကြောင့် ဆားဓာတ်များပိုမိုဆုံးရှုံးနိုင်ကာ ကလေးငယ်များ ရေပိုမိုသောက်သုံးစေရန် ဂရုပြုပါ။ ထိုကဲ့သို့နေ့မျိုးတွင် ဖြစ်နိုင်လျှင် အိမ်တွင်း၌သာကစားစေပါ။

 

3. ကစားနေစဉ် မကြာခဏအရိပ်ထဲ၌ နားနေစေပါ

          ရေကစားနေစဉ်အတွင်း ကလေးငယ်များကိုအရိပ်ထဲ၌ဖြစ်စေ ဂိုဒေါင်၌နေရာစီစဉ်ပေး၍ဖြစ်စေ မကြာခဏနားနေစေပါ။ ရေသန့်ဘူးများကိုလည်း စီစဉ်ထားပေးပါ။

 

4. ရေသောက်ခြင်းအလေ့ကို ပြုလုပ်ပေးပါ

         ရေကူးခြင်းကိုလွန်းပြန်လေ့ကျင့်နေသော ကလေးများကိုမူ သုံး၊ လေးကြိမ်ကူးပြီးပါက တစ်ကြိမ်ရေသောက်သုံးနိုင်ရန် စီစဉ်ပေးပါ။ အားလပ်ချိန်ရေကစားနေသောအချိန်များတွင် နာရီဝက်တစ်ခါ ရေကူးကန်မှတက်၍ ရေသောက်ခြင်းအလေ့အကျင့် ရနိုင်ရန်ကူညီပေးပါ။

 

5. အန္တရာယ်ရှိသော လက္ခဏာများ

        ကလေးငယ်များတွင် အောက်ပါလက္ခဏာများတွေ့ရှိနေရပါက အပူလွန်ခြင်းကိုခံစားနေရပြီဖြစ်ခြင်းကြောင့် အရိပ်ရှိရာသို့ခေါ်ဆောင်သွား၍ ရေများများတိုက်ပေးပါ။

- ခေါင်းမူးခြင်း

-   ပျို့ခြင်း

-   ဆီးသွားနည်းလာခြင်း

-   ပါးစပ်များခြောက်လာခြင်း

          အကယ်၍ ရေဓာတ်ခန်းခြောက်ခြင်းမှာ မပြင်းထန်ပါက ရေတစ်ဖန်ခွက်ကို ဆားနှင့်သကြားအနည်းငယ်ထည့်၍ တိုက်ခြင်းဖြင့် ရေဓာတ်ဆုံးရှုံးမှုကို အလျင်အမြန်ပြန်၍ဖြည့်တင်းစေနိုင်ကြောင်း Dr.Grover က အကြံပေးထားပါသည်။

          ပိုမိုပြင်းထန်သောေ၀ဒနာကို ခံစားနေရပါက ဆေးရုံ၊ ဆေးခန်းသို့ ချက်ချင်းသွားရောက်ပြသပါ။

 

Dr. Thinzar Wynn

www.drmyanmar.com