ကလေးငယ်များနှင့် Respiratory Syncytial Virus (RSV) ပြဿနာ
ကလေးငယ်လေးတွေအတွက်တော့ Respiratory syncytial virus ဆိုတာ အန္တရာယ်ပေးနိုင်တဲ့ ဗိုင်းရပ်စ်တစ်မျိုးပါ။ ပုံမှန်အားဖြင့်တော့ အသက် (၂) နှစ်အရွယ်ကလေးတိုင်းဟာ RSV ဗိုင်းရပ်ပိုး ကူးစက်ခံရလေ့ရှိပေမယ့် အများစုဟာ အအေးမိခြင်းလိုမျိုး အပျော့စားလက္ခဏာတွေပဲ ခံစားရပြီး ပြန်ကောင်းသွားကြတာ များပါတယ်။ ဒါပေမဲ့ တချို့ကလေးတွေမှာတော့ လေပြွန်ရောင်ခြင်း၊ အဆုတ်ရောင်ခြင်းတွေအထိ ဖြစ်နိုင်ပြီး အပြင်းအထန် နာမကျန်းဖြစ်တတ်ပါတယ်။
>> ဘယ်လိုကလေးတွေမှာ အပြင်းအထန် နာမကျန်းဖြစ်နိုင်သလဲ?
● နေ့မစေ့လမစေ့ဘဲ မွေးဖွားလာသော တစ်နှစ်အောက်ကလေးငယ်များ
● အသက်ခြောက်လအောက် ကလေးငယ်များ
● နာတာရှည်အဆုတ်ရောဂါ (သို့) မွေးရာပါနှလုံးရောဂါရှိသော အသက် (၂) နှစ်အောက်ကလေးများ
● ကိုယ်ခံအားနည်းသောကလေးများ
● အစာမျိုချရခက်သော၊ သလိပ်ဟပ်ထုတ်ရခက်သော အာရုံကြောရောဂါများရှိတဲ့ ကလေးများဟာ RSV ဗိုင်းရပ်စ်ပိုး ကူးစက်ခံရရင် အပြင်းအထန် နာမကျန်းဖြစ်နိုင်ပါတယ်။
Solmux Kids 1
>> RSV ဗိုင်းရပ်စ်ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ?
RSV ဗိုင်းရပ်ရဲ့ ရောဂါလက္ခဏာတွေထဲမှာ ဖျားတယ်ဆိုတာ အလွန်အဖြစ်နည်းပါတယ်။ စဖြစ်ဖြစ်ချင်းမှာတော့ ရောဂါလက္ခဏာတွေဟာ မပြင်းထန်ပါဘူး။ RSV ဗိုင်းရပ်ရဲ့ အစောပိုင်းလက္ခဏာတွေကတော့ -
● နှာရည်ယိုခြင်း
● အစားနည်းခြင်း၊ နို့ကောင်းကောင်း မစို့ခြင်း
● ချောင်းဆိုးခြင်း
● အသက်ရှူတဲ့အခါ တရွှီရွှီမြည်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။
>> အသက်တစ်နှစ်အောက် ကလေးငယ်လေးတွေမှာ ဆိုရင်တော့ -
● ဂနာမငြိမ်ခြင်း၊ ဂျီကျခြင်း
● လှုပ်ရှားမှုနည်းခြင်း
● နို့စို့နည်းလာခြင်း
● ခေတ္တအသက်ရှူရပ်သွားခြင်း စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။
Solmux Kids 2
>> ကလေးကို ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသသင့်သလဲ?
● အသက်ရှူရခက်ခြင်း
● အရည်ကောင်းကောင်းမဝင်ခြင်း
● ရောဂါလက္ခဏာများ ပိုပိုဆိုးလာခြင်းတွေ ရှိလာခဲ့ရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးပြသပါ။
>> ကလေးတွေ RSV ဗိုင်းရပ်စ်ကူးစက်မခံရအောင် ဘယ်လိုကာကွယ်ကြမလဲ?
ကလေးတွေ ဗိုင်းရပ်စ်ပိုး ကူးစက်မခံရဖို့ဆိုရင် ဗိုင်းရပ်စ်ကို ကာကွယ်နိုင်တဲ့နည်းလမ်းတွေကို လိုက်နာသင့်သူတွေကတော့ မိဘတွေနဲ့ ကလေးထိန်းသူတွေပါ။ ဒါကြောင့် မိဘတွေ၊ ကလေးထိန်းသူတွေ အနေနဲ့
● မကြာခဏ လက်ဆေးပါ။ လက်ဆေးတဲ့အခါမှာလည်း ဆပ်ပြာနဲ့ရေ အသုံးပြုပြီး စက္ကန့် (၂၀) ကြာအောင် ဆေးပါ။ ဆပ်ပြာနဲ့ရေ အလွယ်တကူမရနိုင်ရင် အရက်ပြန်ပါဝင်တဲ့ လက်သန့်ဆေးရည်ကို အသုံးပြုပါ။ ကလေးတွေကိုလည်း လက်ဆေးဖို့အတွက် ကူညီပေးပါ။
● မသန်ရှင်းတဲ့လက်နဲ့ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်တို့ကို ကိုယ်တွယ်ခြင်း မပြုလုပ်ပါနဲ့။
● နေမကောင်းသူတွေနဲ့ အနီးကပ် ထိတွေ့ဆက်ဆံတာကို ရှောင်ပါ။
● ချောင်းဆိုး၊ နှာချေတဲ့အခါ နှာခေါင်းနဲ့ ပါးစပ်ကို လုံအောင် အုပ်ထားပါ။
● ထိတွေ့ကိုင်တွယ်မှုများတဲ့ မျက်နှာပြင်တွေ၊ ပစ္စည်းတွေကို ဆေးကြောသန့်စင်ပါ။ ပိုးသတ်ပါ။
● ကိုယ်တိုင်နေမကောင်းပါက တခြားသူများကို မကူးစက်စေရန် အိမ်မှာပဲနေပါ။
Dr. Aye Hsu Mon (www.drmyanmar.com)