ကလေးငယ်များ ချောင်းဆိုးခြင်းကို သက်သာစေမည့် အိမ်တွင်းနည်းလမ်းများ
ယခုလို ရာသီအကူးအပြောင်းမှာ လူကြီးများသာမက ကလေးငယ်များလည်း ဖျားနာခြင်းကို ခံစားရပါတယ်။ ဖျားနာခြင်းနှင့်အတူ ချောင်းဆိုးခြင်းပါ တွဲပြီးဖြစ်ပေါ်ပါက အိပ်ရေးပျက်သည်အထိ ဆိုးကျိုးဖြစ်စေပါလိမ့်မယ်။ အောက်ပါအိမ်တွင်းနည်းလမ်းလေးများကို အသုံးပြုနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။
(၁) ဦးခေါင်းကို မြှင့်ထားပေးပါ
သင့်ကလေးဟာ အသက်တစ်နှစ်အထက်ရှိပါက သူ့ကျော၊ ပခုံးနှင့် ခေါင်းအောက်တွင် ခေါင်းအုံးပျော့ပျော့လေး ခုပေးထားနိုင်ပါတယ်။ ထိုသို့ ခေါင်းကိုမြှင့်ပေးခြင်းဖြင့် ကလေးကို အသက်ရှူရ ပိုလွယ်ကူစေပါလိမ့်မယ်။ လသားကလေးများအတွက်မူ မွေ့ရာအောက်တွင် ခေါင်းအုံးအပျော့လေးကို ခုပေးနိုင်ပါတယ်။
(၂) ရေနွေးငွေ့ရှူခိုင်းပါ
ရေနွေးငွေ့က နှာခေါင်းပိတ်ခြင်းကို သက်သာစေပြီး ချွဲတွေကို ပျော်စေတာမို့ အသက်ရှူချောင်စေနိုင်ပါတယ်။ အနောက်နိုင်ငံတွေမှာတော့ ရေချိုးခန်းရေပန်းကနေ ရေနွေးပူများကိုဖွင့်ချပြီး ထိုရေချိုးခန်းထဲတွင် ကလေးနှင့်အတူ မိခင်ပါ ၁၅ မိနစ်ခန့် ထိုင်ပေးခြင်းဖြင့် ရေနွေးငွေ့ရှူခြင်းကို ပြုလုပ်ကြပါတယ်။ ရေချိုးခန်းကို အလုံပိတ်ထားဖို့တော့ လိုတာပေါ့။
(၃) ရေငွေ့ထုတ်စက် (humidifier) ကို အသုံးပြုနိုင်ပါတယ်
ရေငွေ့ထုတ်စက်ကို အသုံးပြုခြင်းဖြင့် ကလေးရဲ့အသက်ရှူလမ်းကြောင်းကို သန့်ရှင်းစေပါတယ်။ ချွဲသလိပ်များကို ပျော်စေတဲ့အတွက် ဟပ်ထုတ်ရ လွယ်ကူစေပါတယ်။
(၄) နှာခေါင်းကို သန့်ရှင်းပေးပါ
ဆားရည်လို့ခေါ်တဲ့ saline solution ဘူးလေးများကို ဆေးဆိုင်များတွင် အလွယ်တကူ ဝယ်နိုင်ပါတယ်။ ထိုဆားရည်လေးဖြင့် နှာခေါင်းတွင်းသို့ အစက်ချပေးခြင်းဖြင့် နှာရည်နှင့်ချွဲများကို ပျော်စေပါတယ်။ မွေးကင်းစကလေးငယ်များအတွက်လည်း စိတ်ချစွာ သုံးနိုင်ပါတယ်။
Atussin Kids 1

(၅) ပျားရည်တိုက်ကျွေးပါ
ပျားရည်ဟာ ညဘက် ချောင်းဆိုးခြင်းအတွက် ဆေးစွမ်းကောင်းတစ်လက်ဖြစ်ကြောင်း မကြာသေးမီက စစ်တမ်းများအရ သိရှိရပါတယ်။ ကလေးငယ် ချောင်းဆိုးနေပါက ညမအိပ်မီ ပျားရည်တစ်ဇွန်း တိုက်ကျွေးနိုင်ပါတယ်။ တစ်နှစ်အောက်ကလေးများကိုတော့ ပျားရည် မတိုက်ကျွေးသင့်ကြောင်း သတိပြုပါ။
(၆) ရင်ဘတ်ကို ပရုတ်ဆီ လူးပါ
ညအိပ်ရာဝင်ချိန်တွင် ရင်ဘတ်ကို ပရုတ်ဆီလူးပြီး ပွတ်ပေးခြင်းဖြင့် ချောင်းဆိုးခြင်းကို သက်သာစေတယ်လို့ ရှေးယခင်ကတည်းက ယူဆခဲ့ကြပါတယ်။
(၇) အရည်များများ တိုက်ကျွေးပါ
ရေနှင့်ကြက်စွပ်ပြုတ်ရည်စသော အရည်များကို တိုက်ကျွေးခြင်းဖြင့် ချွဲများကို ပျော်စေပါတယ်။
(၈) ဆားပြုတ်ရည်ဖြင့် ပလုတ်ကျင်းပါ
ရေနွေးတစ်ဖန်ခွက်ထဲသို့ ဆားအနည်းငယ်ထည့်ပြီး ပလုတ်ကျင်းပေးခြင်းဖြင့် လည်ချောင်းကြွက်သားများ ရောင်ရမ်းခြင်းကို လျော့စေပြီး ချောင်းဆိုးခြင်းကို သက်သာစေပါတယ်။
(၉) အိမ်တွင်းအခန်းတွင်း သန့်ရှင်းရေးလုပ်ပါ
ပန်းနာရင်ကြပ် (asthma) နှင့် ဓာတ်မတည့်ခြင်းကြောင့်ဖြစ်သော ချောင်းခြောက်ဆိုးခြင်းများကို သက်သာစေဖို့အတွက် အိမ်တွင်းရှိ ဖုန်နှင့်ဓာတ်မတည့်မှုဖြစ်စေသောအရာများကို ရှင်းလင်းသင့်ပါတယ်။ ကလေးအနီးတွင် ဆေးလိပ်သောက်ခြင်းကို ရှောင်ပါ။ အိမ်တွင် ခွေး၊ ကြောင်များရှိပါက ကလေးနှင့် ဝေးဝေးထားသင့်ပါတယ်။
Atussin Kids 2

အထက်ပါနည်းလမ်းများကို အသုံးပြုခြင်းဖြင့် ချောင်းဆိုးခြင်းကို သက်သာစေမှာဖြစ်ပေမယ့် အောက်ပါလက္ခဏာများ ရှိပါက မပေါ့ဆဘဲ ဆရာဝန်နှင့် အမြန်ဆုံးပြသရပါမယ်။
● အသက်ရှူချိန်တွင် ဆူညံသံများကြားရခြင်း
● တရွီရွီမြည်ခြင်း
● ချောင်းဆိုးပြီးချိန်တွင် အသံတိမ်ဝင်သွားခြင်း
● အဖျားကြီးခြင်း
● ၂ ပတ်ထက်ပိုကြာကာ ချောင်းဆိုးခြင်း
အဆိုပါလက္ခဏာများရှိပါက ဆေးဝါးကုသမှုခံယူရန် လိုအပ်တာမို့ မပေါ့ဆသင့်ပါဘူး။
ကဲ ... သင့်ကလေးငယ် ချောင်းဆိုးနေပါသလား။ ဒါဆိုရင် ယခုဆောင်းပါးလေးမှာ ဖော်ပြထားတဲ့ နည်းလမ်းလေးတွေကို သုံးပြီး သက်သာအောင် ပြုလုပ်ကြည့်ကြပါဦး။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)






























