/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးငယ်များ-အအေးမိခြင်းအတွက်-ဘေးကင်းလွယ်ကူသော-အိမ်တွင်းကုထုံးများ

ကလေးငယ်များ အအေးမိခြင်းအတွက် ဘေးကင်းလွယ်ကူသော အိမ်တွင်းကုထုံးများ

Category
ကလေးများနှင့်ကျန်းမာရေး

        တချို့သောမိဘတွေဟာ ကလေးငယ်တွေအအေးမိတဲ့အခါမှာ လွယ်လင့်တကူရရှိနိုင်တဲ့ အအေးမိနှာစေးပျောက်ဆေးတွေကို မိမိသဘောဖြင့် တိုက်ကျွေးလေ့ရှိပါတယ်။ ၎င်းဆေးဝါးတွေဟာ ကလေးငယ်များ အအေးမိနှာစေးချောင်းဆိုးခြင်းအတွက် ထိရောက်မှုမရှိသလို အသက် 4 နှစ်အောက် ကလေးများတွင် အသုံးပြုပါက အန္တရာယ်ရှိပါတယ်။ ဆေးဝါးများကို မိမိသဘောနဲ့ တိုက်မယ့်အစား လွယ်ကူပြီးဘေးကင်းတဲ့ အိမ်တွင်းကုထုံးတွေရှိပါတယ်။ အောက်ဖော်ပြပါ အိမ်တွင်းကုထုံးတွေဟာ အအေးမိချောင်းဆိုး ဝေဒနာကို အရှင်းပျောက်ကင်းစေတာမဟုတ်ပေမဲ့ ကလေးခံစားရတဲ့ ဝေဒနာကို သက်သာလျော့ပါးအောင် ပြုလုပ်ရာမှာ အများကြီးအထောက်အကူပြုပါတယ်။

 

1. အနားယူစေခြင်း (အသက်အရွယ်မရွေး)

          ရောဂါပိုးကူးစက်ခံရခြင်းကို တိုက်ထုတ်ဖို့အတွက် ခန္ဓာကိုယ်ကစွမ်းအင်အသုံးပြုရတာကြောင့် ကုန်ခမ်းသွားတဲ့စွမ်းအင်တွေ ပြန်လည်ရရှိဖို့အနားယူရပါမယ်။ ကျောင်းနေအရွယ်ကလေးဖြစ်ပါက ကျောင်းသို့မလွှတ်ဘဲ အိမ်မှာအပြည့်အ၀ အနားယူပါစေ။ စိတ်ရောကိုယ်ပါအနားယူလို့ရအောင် ဆူညံတဲ့ပတ်၀န်းကျင်ဖြစ်မနေဖို့လိုအပ်ပါတယ်။

          တချိန်လုံးအိပ်ရာထဲမှာ လဲနေဖို့မလိုအပ်တာကြောင့် ကလေးငယ်ဝါသနာပါရာ အလုပ်တခုခုကိုပြုလုပ်နေပါစေ။ ရာသီဥတု သာယာပါက ခြံထဲဆင်းထိုင်ပြီး ကလေးအား ပုံပြင်ပြောပြခြင်း၊ စာဖတ်ပြခြင်း၊ ကလေးငယ်နှင့်အတူ ဂိမ်းကစားခြင်း စတာတွေကိုလုပ်ဆောင်ပေးပါ။

 

2. ရေနွေးငွေ့ပေးခြင်း (အသက်အရွယ်မရွေး)

          ရေနွေးငွေ့ကိုရှုရှိုက်ရခြင်းက အသက်ရှုလမ်းကြောင်းရှိ ချွဲတွေကို ပျော်၀င်စေတာကြောင့် နှာခေါင်းပိတ်ေ၀ဒနာကိုသက်သာစေပါတယ်။ ကလေးငယ်ရဲ့အနီးမှာ စိုထိုင်းမှု ထိန်းစက် (humidifier) ထားရှိပေးပါ။ ကလေးငယ်ကို ပိုပြီး သက်တောင့်သက်သာဖြစ်စေရန် ရေနွေးနွေးဖြင့် ရေချိုးပေးနိုင်ပါတယ်။ စိုထိုင်းမှုထိန်းစက် အသုံးပြုရာမှာ ရေပုံမှန်လဲလှယ်ပေးပြီး ရေငွေ့ထုတ်စက်ကို ခြောက်သွေ့သန့်စင်အောင် ထားဖို့လိုအပ်ပါတယ်။ ရေနွေးငွေ့ထုတ်စက်သန့်ရှင်းမှုမရှိပါက မှိုနှင့် ဘက်တီးရီးယားတွေ ပေါက်ဖွားလာနိုင်ပြီး ရေနွေးငွေ့ထုတ်စက်မှတဆင့် မှိုနှင့်ဘက်တီးရီးယားတွေဟာ လေထုထဲသို့ပျံ့နှံ့ရောက်ရှိ သွားနိုင်ပါတယ်။

 

3. ဆားရည် (Saline drop) အသုံပြုခြင်း (အသက်အရွယ်မရွေး)

          လွယ်ကူမြန်ဆန်ပြီးထိရောက်တဲ့နည်းဖြစ်ပါတယ်။ နှာရည်ကို ညှစ်မထုတ်တတ်သေးတဲ့ ကလေးငယ်တွေမှာ ဆားရည်ကို အသုံပြုပြီး နှာခေါင်းပိတ်ဝေဒနာကို သက်သာလျော့ပါးအောင် ပြုလုပ်နိုင်ပါတယ်။ နှာစေခြင်းက ကလေးနို့စို့ရာမှာ အခက်အခဲ ဖြစ်စေတာကြောင့် နို့မတိုက်မီ 15 မိနစ်အလိုကတည်းက ဆားရည်အစက်ချခြင်းကိုပြုလုပ်ပေးပါ။

          ပြုလုပ်ပုံကတော့ - ကလေးငယ်ကို ပက်လက်အနေအထားမှာထားပြီး ဦးခေါင်းကို ခြေထောက်မှာရှိနေစေရန် ခေါင်းအုံး ခံထားပေးပါ။ နှာခေါင်းတဖက်တချက်စီကို ဆားရည် 2 စက်ခန့် အစက်ချပေးပြီး အချွဲတွေကိုပျော်၀င်ပါစေ။ ဆားရည်အစက်ချပြီး စက္ကန့် 30 ခန့်အကြားမှာ ချွဲစုပ်ထုတ်ရာတွင် အသုံးပြုသော ဘော်လုံး (Suction Bulb) ကို အသုံးပြုပြီး နှာရည်ကိုစုပ်ထုပ်ပေးပါ။ နှာခေါင်းပေါက်တခုမှ စုပ်ထုတ်နေချိန်တွင် အခြားတစ်ဖက်ကိုလက်ဖြင့် အသာအယာပိတ်ထားပေးပါ။ တဖက်ပြီးမှ တဖက်ပြုလုပ် ပေးပါ။

          ဒါပေမဲ့ ဆားရည်မှာလည်း နှာခေါင်းတွင်းကို ခြောက်သွေ့စေတဲ့အာနိသင်ရှိတာကြောင့် 4 ရက်ထက်ပိုပြီး အသုံးမပြုသင့်ပါဘူး။ Suction Bulb မရှိပါက ဝါဂွမ်းဖတ်ကို အသုံးပြုပြီး အချွဲတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဝါဂွမ်းဖတ်နှာခေါင်းအတွင်းမှာ ကျန်ရစ်မနေစေရန် သတိပြုပါ။

 

4. ရေဓာတ်ပြည့်၀နေစေခြင်း (6 လနှင့်အထက်)

          အရည်ကိုလုံလောက်စွာ သောက်သုံးခြင်းက ရေဓာတ်ခမ်းခြောက်ခြင်းကို ကာကွယ်ပေးနိုင်ပြီး အချွဲတွေကို ပါးသွားစေတာကြောင့် အလွယ်တကူစီးကျစေပါတယ်။ 6 လအောက် ကလေးငယ်ဖြစ်ပါက မိခင်နို့ ဒါမှမဟုတ် နို့မှုန့် တိုက်ကျွေးပေးပါ။ ဖြည့်စွက်ကျွေးနေပါက ရေ၊ မိခင်နို့အပြင် လတ်လတ်ဆတ်ဆတ်ဖျော်ထားတဲ့ သစ်သီးဖျော်ရည်၊ ကြက်စွပ်ပြုတ် စတာတွေကို တိုက်ကျွေးနိုင်ပါတယ်။

          ကြက်စွပ်ပြုတ် နွေးနွေးလေးက နှာခေါင်းပိတ်ခြင်းကို သက်သာစေတဲ့အပြင် ကိုယ်လက်နာကျင်ကိုက်ခဲခြင်း နုံးခွေခြင်း၊ ကိုယ်ပူခြင်း စတာတွေကိုပါ လျော့ပါးစေပါတယ်။

 

5. ဦးခေါင်းကိုမြင့်ထားခြင်း (အသက် 1 နှစ် နှင့်အထက်)

          ကလေးကိုဦးခေါင်းကို ခြေထောက်အထက်သို့ မြင့်ထားပေးခြင်းဖြင့် အသက်ရှုရပိုမိုလွယ်ကူစေပါတယ်။ ကလေးငယ်ရဲ့ ဦးခေါင်းအောက် ဒါမှမဟုတ် မွေ့ရာအောက်မှာ ခေါင်းအုံးထားပေးခြင်းဖြင့် ဦးခေါင်းနေရာကို မြင့်တင်ပေးပါ။ အိပ်ရာတခုလုံးကို လှည့်ပတ်အိပ်တတ်တဲ့ ကလေးဆိုရင်တော့ မွေ့ရာခေါင်းရင်းကို ခြေထောက်ရောက်သွားနိုင်တာကြောင့် မကြာခဏသွားကြည့် ပေးဖို့လိုအပ်ပါတယ်။

 

6. နှာရည်များ ညှစ်ထုတ်စေခြင်း (အသက် 2 နှစ်နှင့်အထက်)

          ကလေးအသက် 2 နှစ်အရွယ်ရော်ကလာပြီဆိုရင်တော့ နှာရည်ညှစ်ထုတ်တတ်အောင် သင်ကြားပေးထားလိုက်ပါ။ နှာခေါင်းတဖက်ကို ပိတ်ထားခြင်း အခြားတဘက်မှ နှာရည်ကို နှာခေါင်းအတွင်းမှလေကို မှုတ်ထုတ်သကဲ့သို့ နှာရည်ကို တစ်ရှူးအတွင်းသို့ ညှစ်ထုတ်ရကြောင်း ရှင်းပြပါ။ နှာညှစ်ပြီးချိန်မှာ လက်ကိုဆပ်ပြာဖြင့် သေချာစွာဆေးကြောတတ်စေရန် သင်ကြားထားပါ။

 

Dr. Htet Htet Aung (www.drmyanmar.com)