ကလေးငယ်များ ဦးခေါင်းထိခိုက်မိခြင်း
ကလေးဘဝမှာ ခေါင်းကိုထိမိခိုက်မိတာဟာ မဆန်းလှပါဘူး။ အများစုဟာ အပေါ်ယံ ထိခိုက်မိတာသာဖြစ်ပြီး ဘာလက္ခဏာမှ မရှိတတ်ပေမယ့် တစ်ခါတစ်ရံ ခေါင်းမှာ ဖုလာတာ၊ ရောင်လာတာ၊ အညိုအမည်းဆွဲလာတာမျိုးတွေ ဖြစ်တတ်ကြပါတယ်။ ခေါင်းကို ထိခိုက်အနာတရဖြစ်ခြင်းဟာ ဦးနှောက်ထိစေနိုင်တဲ့အတွက် သတိပြုသင့်ပါတယ်။
>>> ဘယ်အချိန်မှာ ဆေရုံဆေးခန်းပြသင့်သလဲ?
ခေါင်းဟက်တက်ကွဲပြီး ချုပ်ဖို့လိုအပ်တဲ့အချိန်မျိုးနဲ့ ဦးနှောက်ကို ထိခိုက်မိတယ်လို့ ထင်တဲ့အခါမျိုးမှာ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
ကလေးမှာ ခေါင်းဖုပြီးရောင်နေတာ၊ အာရုံစူးစိုက်မှု ခက်ခဲနေတာ၊ အမြင်မကြည်လင်တာနဲ့ ဟန်ချက်မထိန်းနိုင်တာစတဲ့ ဦးနှောက်ပိုင်းဆိုင်ရာ မူမမှန်တဲ့ လက္ခဏာရပ်တွေ ရှိမရှိကို ဆရာဝန်က စမ်းသပ်စစ်ဆေးရပါတယ်။ အကယ်၍ ဒီလက္ခဏာတွေရှိနေပြီး မသက်သာရင်၊ ပိုပိုဆိုးလာရင် ဦးနှောက်ကွန်ပြူ တာဓာတ်မှန်ရိုက်ဖို့ ဒါမှမဟုတ် ဆေးရုံတက်ဖို့ လိုအပ်လာနိုင်ပါတယ်။
ဆရာဝန် စမ်းသပ်ပြီး ဦးနှောက်ထိခိုက်ဒဏ်ရာ ရှိနေပါက ဦးနှောက်ရော ကိုယ်ခန္ဓာကိုပါ အနားပေးပြီး လိုအပ်တဲ့ ကုသမှုတွေ ပေးဖို့လိုအပ်လာပါတယ်။
>>> ဘယ်အချိန်မှာ အရေးပေါ်အခြေအနေလို့ ဆိုနိုင်မလဲ?
ဦးနှောက်ကို ပြင်းပြင်းထန်ထန် ထိခိုက်မိတဲ့ လက္ခဏာများရှိနေပါက ေ ဆးရုံကားကို ဖုန်းဆက်ခေါ်တာဖြစ်ဖြစ်၊ အနီးဆုံးအရေးပေါ်ဌာနကို ပြေးတာဖြစ်ဖြစ် လုပ်သင့်ပါတယ်။
>> ကလေးငယ်တွေမှာ ဦးနှောက်ပြင်းထန် ထိခိုက်မှု လက္ခဏာများ
- အစာမစားတော့ခြင်း
- အကြိမ်ကြိမ်အန်နေခြင်း
- ချော့မရလောက်အောင် အငိုသန်နေခြင်း
- တစ်ချိန်လုံး နှိုးမရအောင် မှိန်းနေခြင်း
- တက်ခြင်း
- ငယ်ထိပ်ကလေး ဖောင်းတင်းလာခြင်း
>> ကလေးကြီးများနဲ့ ဆယ်ကျော်သက်တွေမှာ ဦးနှောက်ပြင်းထန် ထိခိုက်မှု လက္ခဏာများ
- ခေါင်းဆိုးဆိုးရွားရွားကိုက်ခြင်း
- အကြိမ်ကြိမ်အန်နေခြင်း
- ဂယောင်ချောက်ခြားဖြစ်ခြင်း၊ အလိုလို စိတ်တို ဒေါသထွက်နေခြင်း၊ အပြုအမူများပုံမမှန်ခြင်း
- အမြင်၊ အကြားနဲ့ လမ်းလျှောက်ရာမှာ ခက်ခဲလာခြင်း
- လက်တွေ ခြေတွေ ထုံကျင်လာခြင်း၊ တစ်ပိုင်းသေခြင်း၊ ဟန်ချက်မညီခြင်း
- မှိန်းနေခြင်း
- တက်ခြင်း
Dr. Mya Phoo Ngon (www.drmyanmar.com)






























