/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးငယ်လေးတွေ-ညဘက်-ကောင်းကောင်းအိပ်ဖို့အတွက်-ကိုယ်လက်လှုပ်ရှား

ကလေးငယ်လေးတွေ ညဘက် ကောင်းကောင်းအိပ်ဖို့အတွက် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလေးတွေ လုပ်ပေးဖို့ လိုပါတယ်

Category
ကလေးများနှင့်ကျန်းမာရေး

          ကလေးမွေးပြီးစ မိဘတွေက အိပ်ရေးပျက်တဲ့ညတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ အထူးသဖြင့်တော့ သားဦး အဖေ၊ အမေတွေမှာ ပိုပြီးတော့ အခက်အခဲတွေကို ရင်ဆိုင်ရပါတယ်။

          ကိုယ်ဝန်ဆောင်တဲ့အချိန်မှာလည်း စိတ်တွေလှုပ်ရှားတယ်။ ကလေးလေး ရလာတော့လည်း ပျော်တယ်၊ ဒါပေမဲ့ အိပ်ရေးပျက်တဲ့ညတွေကိုတော့ ခံနိုင်ရည်မရှိတော့ပါဘူးလို့ ညည်းညူကြရမှာပါ။ ကလေးက မအိပ်ချင်သလိုပဲ ည ၂ နာရီကျော်လောက်အထိလည်း နိုးနေတယ်။ နို့လည်း ဝသေးလည်း မစိုဘဲနဲ့ ချီထားမှ ငြိမ်နေတယ်။ တစ်ခါတလေဆို ကလေးမှာ အိပ်မပျော်တဲ့ရောဂါများ ဖြစ်နေလားလို့တောင်မှ ထင်မိတတ်ပါတယ်။

          မိဘတွေ ရင်ဆိုင်နေရတဲ့ ဒီလိုအဆင်မပြေမှုတွေကို သက်သာစေဖို့အတွက် ကျွမ်းကျင်သူတွေက ကလေးတွေ ညဘက်ကောင်းကောင်း အိပ်ပျော်စေဖို့အတွက် ကလေးကို ကိုယ်လက်လှုပ်ရှားမှုလေးတွေ လုပ်ပေးဖို့ လိုတယ်လို့ ဆိုပါတယ်။

          Infant Behaviour and Development Journal မှာ ထုတ်ဝေထားတဲ့ လေ့လာမှုအသစ်တစ်ခုအရ ကိုယ်လက်လှုပ်ရှားမှုက ကလေးတွေရဲ့အိပ်စက်မှုပုံစံပေါ်မှာ ပြင်းထန်တဲ့လွှမ်းမိုးမှု ရှိပါသတဲ့။ သုတေသနအရ လှုပ်ရှားမှုနည်းတဲ့ ကလေးငယ်တွေက အိပ်ချိန်နည်းပါတယ်။ လေ့လာမှုမှာ ကျန်းမာတဲ့ ၆ လအရွယ်ကလေး ၂၂ ယောက်ကို လေ့လာပြီးတော့ သူတို့ရဲ့ ကိုယ်လက်လှုပ်ရှားမှုပမာဏနဲ့ အိပ်စက်မှုကို စောင့်ကြည့်ခဲ့ပါတယ်။ ကလေးတွေရဲ့ ကိုယ်အလေးချိန်နဲ့ အရပ်ကိုလည်း တိုင်းတာထားပါတယ်။

          ခြုံပြောရရင် လှုပ်ရှားမှုနည်းတဲ့ ကလေးတွေက လှုပ်ရှားတဲ့ကလေးတွေထက်စာရင် အိပ်ချိန်နည်းပါတယ်။ တစ်နေ့ကို ၁၂ နာရီအောက်ပဲ အိပ်တာကို တွေ့ရပါတယ်။ ဒီကလေးတွေက ညဘက်မှ နို့စို့တာများပြီးတော့ ညဘက်အိပ်ချိန်လည်း ပိုနည်းပါတယ်။

          ကလေးတွေကို ဘယ်လိုလှုပ်ရှားမှုတွေ လုပ်ပေးသင့်လဲ ဆိုရင်တော့ ကလေးကို ကြမ်းပြင်မှာ ချထားပြီး ကလေးနဲ့အတူ ကစားပေးတာ၊ ကလေးတွေကို မှောက်ရက်လေးထားပေးတာတွေ လုပ်လို့ရပါတယ်။

          ကလေးတွေကို မှောက်ရက်လေး ထားပေးပြီးတော့ သူတို့ရဲ့ ကိုယ်လက်လှုပ်ရှားမှု စွမ်းရည်တွေကို တိုးတက်စေဖို့ အားပေးပါ။ ဒီအချိန်မှာ ကလေးတွေက သူတို့ရဲ့ခြေထောက်တွေကို ပစ်၊ လက်တွေနဲ့ တခြားခန္ဓာကိုယ် အစိတ်အပိုင်းတွေကို လှုပ်ရှားပြီးတော့ သူတို့ကိုယ်သူတို့ ရွေ့ဖို့ ကြိုးစားပါလိမ့်မယ်။        မှောက်ထားတဲ့အချိန်မှာ ကလေးတွေကို ခေါင်း၊ လည်ပင်းနဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းအားကို တည်ဆောက်ဖို့အတွက် အားပေးတဲ့အနေအထားလည်း ဖြစ်ပါတယ်။

          ဒါ့အပြင် မှောက်ထားတာက ကလေးကို အကြာကြီး ပက်လက်သိပ်ထားရင်ဖြစ်တတ်တဲ့ ကလေးခေါင်းပြားတာ မဖြစ်အောင်လည်း ကာကွယ်ပေးပါသေးတယ်။ မွေးပြီးမကြာခင်မှာပဲ ကလေးကို မှောက်ပေးလို့ရပါတယ်။ စစချင်းမှာ တစ်ခါမှောက်ရင် ၁-၂ မိနစ်လောက် မှောက်ပေးပြီးတော့ အချိန်ကြာလာတာနဲ့အမျှ တဖြည်းဖြည်း တစ်နေ့ကို ၁၅-၃၀ မိနစ်လောက် မှောက်ပေးလို့ရပါတယ်။

          ငယ်သေးတဲ့အချိန်မှာ ကလေးကို မိဘတွေက ကိုယ့်ရဲ့ခြေထောက်လေးပေါ်မှာ မှောက်ပေးလို့ရပြီး နည်းနည်းကြီးလာရင်တော့ ကြမ်းပြင်ပေါ်မှာ မှောက်ပေးလို့ရပါတယ်။ ဒါပေမဲ့လည်း စိတ်ချရဖို့အတွက် ကလေးကို အမြဲစောင့်ကြည့်နေဖို့တော့ လိုပါတယ်။

          ကိုယ့်ကလေးက သိပ်မအိပ်ဘူးလို့ထင်ရင် ဒီလိုလှုပ်ရှားမှုလေးတွေ လုပ်ပေးတာ၊ ကလေးနဲ့ ဆော့ပေးတာလေးတွေ လုပ်ပေးပါ။

          ပြီးတော့ ကလေး ညဘက် သိပ်မအိပ်လို့ဆိုပြီးတော့ နေ့လယ်ဘက်မှာ တရေးသိပ်တာတွေ မလုပ်ပါနဲ့။ ဒါက သိပ်ပြီးတော့ အထောက်အကူမဖြစ်ပါဘူး။

Dr. Mya Myo Myo Swe (www.drmyanmar.com)