ကလေးငယ်လေးတွေ ဗိုက်နာတာ အစားအသောက်နဲ့ မတည့်လို့လား ?
ကလေးငယ်များတွင် ဝမ်းဗိုက်ရစ်နာခြင်း၏ အကြောင်းရင်းတစ်ခုမှာ နွားနို့ (သို့မဟုတ်) အချို့သောအစားအစာ များနှင့် ဓာတ်မတည့်ခြင်း၊ အစာမချေဖျက်နိုင်ခြင်းတို့ကြောင့်ဖြစ်သည်။ မိခင်နို့တိုက်ကျွေးနေသောကလေးငယ်တွင် အဆိုပါအခြေအနေမျိုးဖြစ်ပေါ်ပါက မိခင်၏အစားအသောက်ပုံစံကို ပြောင်းလဲရန်လိုအပ်ပြီး နွားနို့၊ ဒိန်ချဉ်၊ ချိစ် အစရှိသည့် နို့နှင့်နို့ထွက်ပစ္စည်းများကို နွားနို့တွင်ပါဝင်သော အသားဓာတ်(protein)များ မိခင်နို့ရည်အတွင်းမှ ကင်းစင်သွားသည်အထိ ရက်သတ္တပတ်အနည်းငယ်ကြာ ရှောင်ကြဉ်ရန်လိုအပ်ပါသည်။ အထက်တွင်ဖော်ပြသည့် အတိုင်း နို့ထွက်ပစ္စည်းများကို ရှောင်ကြဉ်ပြီးသော်လည်း ကလေးဗိုက်နာခြင်း ဆက်လက်ဖြစ်ပွားနေပါက အခြားမတည့်သောအစားအသောက်များရှိသေးလားဟု စဉ်းစားရမည်ဖြစ်သည်။ ကလေးငယ်နှင့်မတည့်သော၊ မချေဖျက်သောအစားအသောက်များစွာရှိသော်လည်း အဓိကအားဖြင့် မတည့်တတ်သောအစားအသောက်များမှာ ဂျုံ၊ ဥအမျိုးမျိုး၊ သစ်သီးဝလံများ၊ ကဖင်းဓာတ် (caffeine) ပါဝင်သည့်ကော်ဖီကဲ့သို့သော အစားအသောက် များနှင့် ချောကလက်တို့ဖြစ်သည်။ မိခင်အနေဖြင့် ကလေးနှင့်မတည့်တတ်သော အစားအသောက်များကို 4-5 ရက်လောက်ရှောင်ကြဉ်ရန်လိုအပ်ပြီး 10 ရက်ခန့်အကြာတွင်မှ အဆိုပါအစားအစာများကို တစ်ကြိမ်လျှင် တစ်မျိုးစီ ပြန်လည်ထည့်သွင်းစားသုံးကြည့်ခြင်းဖြင့် မိမိကလေးနှင့်မတည့်သော အစားအစာကို စမ်းသပ်သိရှိနိုင်မည်ဖြစ်သည်။ ကလေးငယ်၏ ဗိုက်နာခြင်းပြဿနာကို အဖြေရှာရန်အတွက် အထက်တွင်ဖော်ပြခဲ့သည့် အတိုင်း အချိန်ယူ၍ စောင့်ကြည့်လေ့လာရန်လိုအပ်ပါသည်။
နို့ဗူးတိုက်နေသောကလေးငယ်ဖြစ်ပါက ကလေးဆရာဝန်နှင့်တိုင်ပင်လျက် နို့မှုန့်အမျိုးအစားပြောင်းလဲ သုံးစွဲသင့်ပါသည်။ ဓာတ်မတည့်မှုနည်းပါးစေရန်အတွက် နွားနို့တွင်းမှပရိုတိန်းဓာတ်ကို အလွန်သေးငယ်သည်အထိ ဓာတ်ဖြိုခွဲထားသည့် နိုမှုန့်အမျိုးအစားကို ပြောင်းလဲရွေးချယ်ရန်လိုအပ်ပါမည်။
Dr. Thanda Lin (www.drmyanmar.com)