/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးငယ်လေးတွေ-အဝမလွန်စေဖို့

ကလေးငယ်လေးတွေ အဝမလွန်စေဖို့

Category
ကလေးများနှင့်ကျန်းမာရေး

        ငယ်စဉ်ကတည်းက ကျန်းမာရေးနဲ့ ညီညွှတ်စွာ စားသုံးလာတဲ့ကလေးဟာ အသားကျစ်ကျစ်လစ်လစ်နဲ့ ဖွံ့ထွားလာမှာဖြစ်ပြီး အာဟာရမပြည့်မီတဲ့အစာတွေ စားတဲ့ကလေးမှာတော့ အသားပျော့အိပျော့ဖတ်ဖြစ်ကာ ကြီးပြင်းလာမှာပါ။ ခန္ဓာကိုယ်ထွားကျိုင်းတာခြင်းတူရင်တောင် အသားပျော့တဲ့ကလေးက ပိုပြီးချူချာတတ်တဲ့အပြင် ငယ်ဘ၀ကတည်းက အ၀လွန်သူကလေးတစ်ယောက်ဟာ အရွယ်ရောက်လာချိန်မှာလည်း အ၀လွန်သူ တစ်ယောက်ဖြစ်နိုင်ခြေ အခွင့်အလမ်းများသွားပါပြီ။ ဒါကြောင့် မိဘတွေအနေနဲ့ မိမိကလေးအားအ၀လွန်တဲ့ ကလေးတစ်ယောက်မဖြစ်စေဖို့ နည်းလမ်းမှန်ကန်စွာ ဂရုတစိုက်ပြုစုပျိုးထောင်ပေးဖို့လိုအပ်ပါတယ်။ ၀ဖိုင့်ဖိုင့်ကလေးတစ်ယောက် မဖြစ်လာစေဖို့ အောက်ဖော်ပြပါ အချက်တွေက အထောက်အကူပြုပေးနိုင်ပါတယ်။

 

 1. ကိုယ်၀န်ဆောင်ချိန်မှာ ကိုယ်အလေးချိန်ထိန်းပါ

          ကိုယ်၀န်ဆောင်ချိန်မှာ အဆမတန် ကိုယ်အလေးချိန်တက်လာခြင်းကြောင့် ပေါင်ချိန်များတဲ့ ကလေးကိုမွေးဖွားနိုင်ပါတယ်။ ကိုယ်၀န်ဆောင်ချိန်မှာ ပေါင် 40 ထိသာအများဆုံးတက်ရပါမယ်။ အမြွှာပူးကိုယ်၀န်ဆောင်ဆိုရင်တော့ ပေါင် 40-45 ပေါင်လောက်ထိတက်လို့ရပါတယ်။ ဒီထက် ကိုယ်အလေးချိန် ပိုများတဲ့ မိခင်မှမွေးလာတဲ့ ကလေးဟာအသက်ကြီးတဲ့အခါ အ၀လွန်သူတစ်ယောက် ဖြစ်နိုင်ခြေမြင့်မားပါတယ်။

 

 2. ကလေးအားမိခင်နို့ရည်တိုက်ပါ

          မိခင်နို့ရည်သောက်ရတဲ့ကလေးဟာ အ၀လွန်သူတစ်ယောက်ဖြစ်နိုင်ခြေ အခွင့်အလမ်းလျော့နည်းပါတယ်။

 

3. အချိုဓာတ်ဖြည့်တင်းထားတဲ့ အချိုရည်တွေကို အလွန်အကျွံ မသောက်မိစေရန်ဂရုစိုက်ပါ

          ဖြည့်စွက်စာစကျွေးတဲ့အချိန်ကစပြီး သစ်သီး၀လံ၊ ဟင်းသီးဟင်းရွက်တွေ စားတတ်အောင် အလေ့အကျင့်လုပ်ပေးထားသင့်ပါတယ်။ အချိုရည်တွေကိုအစပျိုးပြီး စမ်းမတိုက်သင့်ပါဘူး။ ကလေးကိုယ်တိုင် သွားရေစာမုန့်တွေ၀ယ်တတ်တဲ့ အရွယ်ရောက်လာချိန်မှာလည်း အချိုရည်တွေကိုပဲ အလွန်အကျွံ ၀ယ်သောက်နေသလားဆိုတာကို အထူးဂရုပြုစောင့်ကြည့်သင့်ပါတယ်။

 

4. ကလေးအငိုတိတ်စေရန် အာရုံပြောင်းပေးပါ

          ကလေအငိုတိတ်စေရန် ချော့မြူတဲ့အခါ ကလေးအကြိုက်တွေ့စေမယ့် အစားအစာ၊ ကလေးစိတ်ကြိုက် လက်ညှိုးထိုးရာမုန့်ကို ၀ယ်ကျွေးမယ့်အစားကလေးရဲ့ အမြင်အာရုံမှာအသစ်အဆန်းဖြစ်စေမယ့် ပတ်၀န်းကျင်ဘက်ကို အာရုံပြောင်းပေးပါ။ ဥပမာ- စိမ်းစိမ်းစိုစိုသစ်ပင်ပန်းမန်တွေကိုညွှန်ပြတာ၊ အရောင်အသွေးစုံတဲ့ ကစားစရာတွေကို စိတ်၀င်စားလာအောင် နည်းအမျိုးမျိုးပြုလုပ်ပြတာ၊ ကိုယ်ဟန်အမူအရာအမျိုးမျိုးပြောင်းကာ ချော့မြူတာ မျိုးတွေ ပြုလုပ်ပေးပါ။

 

5. ကိုယ်လက်လှုပ်ရှားမှုဖြစ်စေမယ့် ကစားနည်းကို စိတ်၀င်စားလာအောင်ဆွဲဆောင်ပါ

          တချိန်လုံးတီဗီထိုင်ကြည့်နေတာမျိုး၊ ဂိမ်းထိုင်ဆော့နေတာမျိုးစတဲ့ ကိုယ်လက်လှုပ်ရှားမှုနည်းတဲ့နေထိုင်မှု ပုံစံကိုလျှော့ချပေးပါ။ လှုပ်ရှားပြေးလွှားပြီး ဆော့ကစားတာမျိုးကိုအားပေးပါ။ ဒါမှသာကျန်းမာရေးနဲ့ ညီညွတ်စေမှာဖြစ်ပြီး အ၀လွန်ခြင်းမှ ကာကွယ်နိုင်မှာပါ။

 

Cho Thet (www.drmyanmar.com)