ကလေးငယ်လေးများတွင် ကြုံတွေ့ရလေ့ရှိသော အစားအသောက်ဆိုင်ရာ ပြဿနာများ
1. အစာအသစ်ကျေွးရခက်ခြင်း
ကလေးငယ်တိုင်းလိုလို အစားအစာ အသစ်တွေငြင်းပယ်လေ့ရှိကြပါတယ်။ ကျေွးတဲ့အစားအစာကို မစားလို့ စိတ်မညစ်ပါနှင့်။ အစားအစာအသစ်တွေကို နည်းနည်းချင်းစီအကျင့်လုပ်ပြီး ကျေွးကြည့်ပါ။ အစားအစာအသစ်ကို သူကြိုက်တဲ့ အစားအစာပုံစံအတိုင်း ပြင်ဆင်ကျေွးမွေးကြည့်ပါ။ မုန်လာဥနီကို ခြေပြီးအနှစ်သဖွယ်ပြုလုပ်ထားတဲ့ မုန်လာဥ puree ကို ကလေးကြိုက်တယ်ဆိုရင် အစားအစာအသစ် (ဥပမာ ကန်စွန်းဥ) ကိုလည်း ထိုနည်းအတိုင်းလုပ်ကျေွးကြည့်ပါ။
2. အော့အန်ခြင်း (စားချဥ့်ပြန်ခြင်း)
များသောအားဖြင့် မွေးကင်းစကလေးငယ်တွေမှာ အော့အန်ခြင်း (နို့သက်ခြင်း) ဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာတခုဖြစ်ပါတယ်။ ကလေးငယ်တွေရဲ့ အစာချေစနစ်ဟာ ဖွ့ံဖြိုးဆဲဖြစ်တာကြောင့် အစာအိမ်ထဲမှအစာတွေဟာ အစာရေမြိုမှ တဆင့် အပေါ်သို့ဆန်တက်လာနိုင်ပါတယ်။ အော့အန်ခြင်း၊ စားချဥ့်ပြန်ခြင်းကို သက်သာစေရန်အတွက် အစားကိုနည်းနည်းချင်း စီနှင့် ဖြေးဖြေးကျေွးပါ။ အစာစားပြီးချိန်တွင် မတ်မတ်နေခိုင်းထားပါ။ ၀မ်းဗိုက်နေရာတင်းကျပ်မနေစေရန် ဒိုင်ပါရှုးခံဘောင်းဘီကို ခပ်လျော့လျော့၀တ်ဆင်ပေးထားပါ။
3. စားနေကျအစားအသောက်ကိုပင် ကျေွးရခက်ခြင်း
ကလေးအစာကျေွးရခက်တာကို ကလေးအမေတိုင်းကြုံဖူးမှာပါ။ ဘာကြောင့်ကျေွးရခက်တယ်ဆိုတဲ့အကြောင်းရင်းကို သေချာစွာသိဖို့လိုအပ်ပါတယ်။ နေမကောင်းကျေွးသော အစားအစာကို မကြိုက်ခြင်း၊ သွားရေစာတခုခုစားထားခြင်း၊ အိပ်ရေးမ၀ခြင်း၊ ကလေးရဲ့စိတ်ပျော်ရွှင်မှုအခြေအနေ စတာတွေကို ဆန်းစစ်ရပါမယ်။
4. အစာဂျေးများခြင်း
ငယ်ငယ်တည်းက အရသာကောင်းရင် စားပေးမဲ့ တဖြည်းဖြည်းကြီးလာတဲ့အခါမှာ အကြောင်းအမျိုးမျိုးနဲ့ အစားရွေးလာပါပြီ။ အစာရွေးတဲ့ကလေးကို ဆူပူကြိမ်းမောင်းခြင်းမပြုဘဲ ဘာကြောင့်စားသင့်တယ်ဆိုတာကို အရွယ်အလိုက် နားလည်းအောင်ပြောပြပေးပါ။ ကလေးငယ်တောင်းဆိုတဲ့ လွယ်လင့်တကူ၀ယ်ယူရရှိနိုင်တဲ့ အသင့်စားအစားအစာတွေကို မကျေွးဘဲ အာဟာရတန်ဖိုးရှိတဲ့ အစားအစာတွေကိုအကျင့်လုပ်ပြီး ကျေွးမွေးပေးပါ။
5. အစားအစာနှင့် ဓာတ်မတည့်ခြင်း
ကလေး 100 မှ 8 ယောက်က အစားအစာနှင့်ဓာတ်မတည့်ခြင်းကို ခံစားရလေ့ရှိပါတယ်။ မည်သည့်အစားအစာကိုမဆို ဖြစ်နိုင်ပြီးများသောအားဖြင့် နို့၊ အခွံမာသီး၊ ဥအမျိုးမျိုး၊ ပဲနို့၊ ဂျုံနှင့် ပင်လယ်စာတွေနဲ့ မတည့်တာတွေဖြစ်ပါတယ်။ ရောဂါလက္ခဏာအနေနဲ့ အနီစက်ထွက်ခြင်း၊ ယားယံခြင်း၊ အော့အန်ခြင်း၊ ဗိုက်အောက်ခြင်း၊ ၀မ်းလျှောခြင်း စတာတွေကို ခံစားရလေ့ရှိပါတယ်။
6. လေထိုးခြင်း
ကလေးငယ် 5 ယောက်မှ 2 ယောက်က လေထိုးလေအောင့်ခြင်းခံစားရပြီး အချိန်အတော်ကြာကြာထိ ငိုကြွေးနေလေ့ ရှိပါတယ်။ လေထိုးခြင်းဟာ ကလေး 3 ပတ်အရွယ်မှာစတင်လေ့ရှိပြီး များသောအားဖြင့် 3 လကျော်လာရင်တော့ ပျောက်သွား လေ့ရှိပါတယ်။ အစားအသောက်မပျက်ဘူး၊ နို့စို့နိုင်တယ်ဆိုရင်တော့ လေနာေ၀ဒနာသက်သာမှ အစာကျေွးပါ။ အော့အန်ခြင်း၊ ၀မ်းလျောခြင်း၊ ဖျားခြင်း၊ အလေးချိန်ကျဆင်းခြင်း၊ ၀မ်းထဲတွင်သွေးပါခြင်းစတဲ့ လက္ခဏာတွေတွေ့ရှိပါက ဆရာ၀န်နှင့်အမြန်ဆုံး ပြသသင့်ပါတယ်။
7. ၀မ်းပျက်၀မ်းလျောဖြစ်ခြင်း၊ ၀မ်းချုပ်ခြင်း
၀မ်းပျက်၀မ်းလျောဖြစ်ခြင်းကြောင့် အချိန်အနည်းငယ်အတွင်းမှာပင် ရေဓာတ်ဆုံးရှုံးခြင်းကို ခံစားရနိုင်ပါတယ်။ လက္ခဏာ အနေနဲ့ နှုတ်ခမ်းခြောက်သွေ့ခြင်း၊ ဆီးနည်းသွားခြင်း၊ ငိုကြွေးလျှင်မျက်ရည်မထွက်တော့ခြင်း၊ နုံးခွေခြင်း၊ မျက်တွင်းကျခြင်း စတာတွေကို တွေ့ရှိရပြီး ဆရာ၀န်နှင့်အမြန်ဆုံးပြသဖို့လိုအပ်ပါတယ်။
၀မ်းချုပ်ခြင်းဟာ ကလေးငယ်တွေမှာအဖြစ်နည်းပါတယ်။ ဒါပေမဲ့ မိခင်နို့တမျိုးတည်းကိုသာ သောက်သုံးတဲ့ ကလေးတွေရဲ့၀မ်းဟာ ကျစ်နေတတ်ပါတယ်။
8. အသင့်စားအစားအစာများ ကျေွးခြင်း
တခါတရံမှာ မိဘတွေဟာ အလုပ်ရှုပ်နေတာကြောင့် လူကြီးတွေစားသုံးတဲ့ အသင့်စား အစားအစာ (Junk food) တွေကို ကလေးငယ်တွေကိုကျေွးမွေးလေ့ရှိပါတယ်။ Junk food တွေဟာ ၀ယ်ယူရလွယ်ကူပေမယ့် အာဟာရတန်ဖိုးမရှိတာ ကြောင့် အကျင့်လုပ်ပြီးမကျေွးသင့်ပါဘူး။
9. မွေးကင်စကလေးငယ်များအတွက် မသင့်တော်သော အစားအစာများကိုကျေွးမိခြင်း
မွေးကင်းစကလေးငယ်များရဲ့ အစာအိမ်နှင့် အူလမ်းကြောင်းစနစ်ဟာ ဖွ့ံဖြိုးနေဆဲဖြစ်တာကြောင့် အချို့သောအစားအစာ များကိုကျေွးရန် မသင့်ပါဘူး။ ဥပမာအားဖြင့် ပျားရည်၊ မွေးကင်းစကလေးငယ်များကို ပျားရည်ကျေွးပါက ပျားရည်မှာပါ၀င်တဲ့ Clostridium Botulism ရောဂါပိုးကြောင့် အသက်သေဆုံးသည်အထိ အန္တရာယ်ရှိပါတယ်။ ဒါ့အပြင် ကလေးများအတွက် ပြင်ဆင်ထားသော အစားအစာ (puree) မဟုတ်ဘဲ လူကြီးများစားသည့်အတိုင်း အသားတုံး၊ ပေါက်ပေါက်ဆုပ်၊ ဟော့ဒေ့ါ စတာတွေကျေွးမွေးပါက အသက်ရှုလမ်းကြောင်းများပိတ်ဆို့နိုင်တာကြောင့်ရှောင်ရှားသင့်ပါတယ်။
Dr. Htet Htet Aung






























