ကလေးငယ်အား ခုံမြင့်ပေါ်တွင် ထိုင်ခိုင်းထားစဉ် အန္တရာယ်ကင်းစေရန် လိုက်နာရမည့်အချက်များ
ကလေးငယ်အား ခုံမြင့်ပေါ်တွင်ထိုင်ခိုင်းစေသည်မှာ ပိုမိုလုံခြံုံသည်ဟုအထင်ရှိကြသော်လည်း သုတေသနပြုလုပ်ချက်များအရ ထိခိုက်ဒဏ်ရာရမှု ပိုမိုမြင့်မားစေကြောင်းတွေ့ရှိရပါတယ်။
လေ့လာစမ်းသပ်မှုတစ်ခုအရ အသက်သုံးနှစ်နှင့်အောက် ကလေးငယ်များတွင် ထိုင်ခုံအမြင့်နှင့် ပတ်သက်၍ ထိခိုက်ဒဏ်ရာရမှုမှာ 22 ရာခိုင်နှုန်းပိုမိုမြင့်မားကြောင်းသိရပါတယ်။ ဒါဟာ ဘာကိုဖော်ပြနေ သလဲဆိုတော့ ထိုင်ခုံတွေရဲ့လုံခြုံစိတ်ချရမှုမရှိတာနဲ့ မိဘတွေကကောင်းစွာအသုံးမပြုတတ်တာတွေပဲဖြစ်ပါတယ်။
မတော်တဆအများစုဟာ ကလေးငယ်ဟာထိုင်ခုံပေါ်မှာ မတ်တပ်ရပ်တာကြောင့်ပြုတ်ကျ ရတာဖြစ်ပါတယ်။ အဲလိုပြုတ်ကျတာကြောင့် ဦးခေါင်း၊ လည်ပင်းနဲ့ မျက်နှာထိခိုက်ဒဏ်ရာရမှုတွေအပြင် အညိုအမည်းစွဲခြင်း၊ ပြတ်ရှခြင်းနဲ့ ဦးနှောက်တုန်ခါခြင်းတွေပါဖြစ်စေနိုင်ပါတယ်။
ထိုင်ခုံအမြင့်များနှင့်ပတ်သက်၍ လိုက်နာသင့်သောအချက်များ
1. ထိုင်ခုံခါးပတ်ကိုသေချာစွာပတ်ထား၍ သိုင်းကြိုးများက ကလေးငယ်ကိုကောင်းစွာထိန်းထားခြင်းရှိ/မရှိကို စစ်ဆေးပါ။
2. ကစားချိန်တွင်အသုံးမပြုဘဲ ထမင်းစားချိန်အတွက်သာ ထိုင်ခုံအမြင့်များကိုအသုံးပြုပါ။
3. လုံခြုံစိတ်ချရတဲ့ ထိုင်ခုံသိုင်းကြိုးပါသော ထိုင်ခုံမျိုးကိုသာအသုံးပြုပါ။
4. ကလေးကို ခုံမြင့်ပေါ်တွင်တစ်ယောက်ထဲမထားပါနှင့်။
5. ကလေးငယ်ကို ထိုင်ခုံပေါ်တွင် မတ်တပ်ရပ်ခြင်းကို ခွင့်မပြုသင့်ပါ။
6. ထိုင်ခုံကိုစားပွဲများအနီးတွင်မထားပါနှင့်။ ကလေးငယ်မှ ခြေထောက်ဖြင့်ကန်၍ ထိုင်ခုံကိုရွေ့နိုင်သောကြောင့်ဖြစ်ပါတယ်။
7. ထိုင်ခုံ (သို့) ကစားစရာများကို မဝယ်ယူမီနှင့် ဝယ်ယူပြီးလျှင်လည်း မကြာခဏစစ်ဆေးပါ။
ကလေးငယ်များတွက် ပရိဘောဂပစ္စည်းများနှင့်ပတ်သက်၍ သတိပြုသင့်သည်များ
ပရိဘောဂပစ္စည်းများပေါ်တွင် မတ်တပ်ရပ်ခြင်း (သို့) ၎င်းပစ္စည်းများပေါ်သို့ တွယ်တက်ခြင်းများသည် အန္တရာယ်များလှပါတယ်။ စားပွဲနှင့်ကုလားထိုင်များသည် အလွယ်တကူလဲကျနိုင်ပြီး တီဗွီကဲ့သို့ကြီးမားတဲ့ အရာတွေဟာလည်း ကလေးငယ်ပေါ်သို့ ပိကျနိုင်ပါတယ်။
ဒါကြောင့် ကလေးငယ်တွေကို ကစားနေစဉ်အချိန်အတွင်း အမြဲမပြတ်စောင့်ကြည့်နေဖို့လိုအပ်ပြီး လုံခြုံစိတ်ချရတဲ့အခြေအနေဟာ ဘယ်လိုမျိုးလဲဆိုတာကိုလည်း ငယ်ရွယ်စဉ်ကပင် သင်ကြားပေးရန်မှာ အလွန်ပင်အရေးကြီးလှပါတယ်။ ဒါဟာနောင်တစ်ချိန်အတွက် အပြုအမူကောင်းတွေကို မျိုးစေ့ချပေးရာ လည်းရောက်ပါတယ်။
Dr. Thinzar Wynn






























