/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးငယ်-ချောင်းဆိုးတာ-ဘာလို့မပျောက်တာလဲ

ကလေးငယ် ချောင်းဆိုးတာ ဘာလို့မပျောက်တာလဲ?

Category
ကလေးများနှင့်ကျန်းမာရေး

         ကျွန်မကလေးက ချောင်းဆိုးတာ ပျောက်မသွားဘူး။ ပြီးတော့ သူ့ရဲ့အသက်ရှူတဲ့အသံက ဆေးလိပ်သောက်ထားတဲ့သူလိုပဲ ဘာလို့ဖြစ်နေရတာလဲ။ ကလေးဆရာဝန်နဲ့ သွားပြတိုင်း ဘာလို့ချောင်းဆိုးနေတာလဲ ဆိုတာကို မေးပြီး စမ်းသပ်မှုတွေ လုပ်ခဲ့ပေမယ့်လည်း ဘာမှထူးထူးခြားခြား မတွေ့ရဘူး။

          ကလေးက စမွေးကတည်း အသက်ရှူရခက်တဲ့ပြဿနာ ရှိတယ်။ သူမကို ဗိုက်ခွဲမွေးခဲ့တာဖြစ်ပြီးတော့ မွေးပြီးပြီးချင်းမှာပဲ အသက်ရှူရခက်ပြီးတော့ အသားတွေ ပြာနေလို့ အထူးကြပ်မတ်ကုသဆောင်မှာ ထားခဲ့ရတယ်။ ဆေးရုံမှာ ၉ ရက်လောက်နေပြီးတော့မှ သောက်ဆေးတွေ၊ အသက်ရှူတာကို စောင့်ကြည့်မယ့်စက်နဲ့ ပြင်းထန်တဲ့တုံ့ပြန်မှုဆိုတဲ့ ရောဂါအမည်နဲ့ အိမ်ပြန်ခဲ့ရတယ်။

          ကလေးအသက် ၂ နှစ်အရွယ်ရောက်တော့ ရောဂါပြန်ထတယ်။ ကလေးက တစ်ချိန်လုံး ကြပ်နေသလိုပဲ။ ကလေးက အသက်ရှူလမ်းကြောင်း ပိုးဝင်တာ ခဏခဏ ခံစားရပေမယ့်လည်း ကလေးဆရာဝန်ကတော့ သိပ်မစိုးရိမ်ဘူး။

          အသက် ၄ နှစ်အရွယ်မှာ နားရောဂါပိုး ခဏခဏဝင်တဲ့အတွက် နားခွဲစိတ်မှု လုပ်ခဲ့ရတယ်။ ဘာပဲလုပ်လုပ် ကလေးကတော့ အမြဲနေမကောင်းဖြစ်နေတာပဲ။

          အသက် ၈ နှစ်မှာ ဆေးစစ်ကြည့်တော့ ဆရာဝန်က ကလေး အမြဲကြပ်နေတာကို စိတ်ပူလာတယ်။ ကလေးမှာ ဓာတ်မတည့်တာ ရှိတယ်လို့ပြောတယ်။ စစ်ကြည့်တဲ့အခါမှာလည်း ပိုးဟပ်နဲ့ ဖုန်မှုန့်တွေကို နည်းနည်း ဓာတ်မတည့်တာကလွဲပြီး ဘာမှမတွေ့ရဘူး။ ဆရာဝန်က ကလေးမှာ နာတာရှည် ထိပ်ကပ်နာရှိတယ်လို့ ရောဂါသတ်မှတ်လိုက်တယ်။ ရောင်ရမ်းတာတွေ သက်သာဖို့အတွက် စတီးရွိုက် ရက် ၆၀ စာနဲ့ ရောဂါပိုးတွေကို လုံးဝအမြစ်ပြတ်ဖို့အတွက် ပိုးသတ်ဆေးတွေ ညွှန်လိုက်တယ်။

          ဆေးသောက်ပြီး ၂ လအကြာမှာ CT ပြန်ရိုက်တော့လည်း ထိပ်ကပ်နာက ရှိနေတုန်းပဲ။

          ကလေးအသက် ၉ နှစ်မှာ ဆရာဝန်အသစ်တစ်ယောက်နဲ့ ပြန်ပြပြီး စစ်ဆေးမှုခံယူခဲ့တယ်။ ဆရာဝန်က ကလေးရဲ့အဆုတ်ကို နားထောင်ပြီးတော့ ကလေးမှာ အဆုတ်ရောင်တာလိုမျိုး ပြင်းထန်တဲ့ရောဂါတစ်ခုခု (သို့) ပိတ်ဆို့မှု ရှိနေတယ်လို့ ဆိုတယ်။ ရင်ဘတ်ဓာတ်မှန် ရိုက်ခိုင်းတယ်။ ပြီးတော့ မျိုးရိုးဗီဇရောဂါတစ်မျိုးဖြစ်တဲ့ Cystic Firbrosis ဆိုတဲ့ရောဂါကို စစ်ခိုင်းပါတယ်။ နှစ်ခုစလုံးမှာ ဘာမှမတွေ့ရဘူး။ ရောဂါအဖြေ မရခဲ့ဘူး။

          အသက် ၁၀ နှစ်အရွယ်မှာ ကလေးဆရာဝန်က နား၊ နှာခေါင်းနဲ့ လည်ချောင်း အထူးကုဆရာဝန်ဆီကို လွှဲပေးခဲ့တယ်။ ကလေးကို ဖန်ပြွန်နဲ့ နှာခေါင်းအတွင်းခေါင်းတွေထဲကို ခွဲစိတ်မှုလုပ်ရမယ်လို့ ပြောတယ်။ ခွဲစိတ်မှု လုပ်ပြီးတဲ့အခါမှာလည်း ကလေးမှာ ကြပ်နေတာက သက်သာမသွားဘဲ ဆက်ရှိနေတယ်။

          နား၊ နှာခေါင်း၊ လည်ချောင်းအထူးကုကမှတစ်ဆင့် ကိုယ်ခံအားဆိုင်ရာ ဆရာဝန်ဆီကို လွှဲလိုက်ပြန်တယ်။ စစ်ဆေးကြည့်တဲ့အခါမှာလည်း ဘာပြဿနာမှမတွေ့ပြန်ဘူး။ ဒီတော့ ကလေးကို ရင်ဘတ် ကွန်ပျူတာဓာတ်မှန် ရိုက်ခိုင်းတယ်။ CT မှာ Bronchiectasis လို့ခေါ်တဲ့ လေပြွန်တွေ ပုံမမှန်ဘဲ ကျယ်နေတဲ့ရောဂါကို တွေ့ခဲ့တယ််။ သလိပ်စစ်ကြည့်တဲ့အခါမှာ ဘက်တီးရီးယားပိုးမျိုးစိတ်တစ်မျိုးကို တွေ့ရတယ်။ ဒီတော့ ပြဿနာက အဆုတ်ထဲမှာ။

          ကလေးရဲ့ စာရွက်စာတမ်းအတွေ အကုန်ယူပြီးတော့ အဆုတ်အထူးကုဆရာဝန်ဆီ သွားပြီး စစ်ဆေးမှု ခံယူပြီးတဲ့အခါမှာ ကလေးမှာ အမေရိကန် ၁၅၀၀၀ မှာ တစ်ယောက်သာ ဖြစ်လေ့ရှိတဲ့ Primary Ciliary Dyskinesia လို့ခေါ်တဲ့ မွေးရာပါ ရှားပါးရောဂါတစ်မျိုး ဖြစ်နေတယ်လို့ သိရတယ်။ ဒီရောဂါရဲ့လက္ခဏာတွေထဲကမှ တစ်နှစ်ပတ်လုံး ချွဲသလိပ်ပါတဲ့ ချောင်းဆိုးခြင်း၊ မကြာခဏ အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း စတာတွေက ကလေးရဲ့အဖြစ်နဲ့ တူနေတယ်။ ဒီရောဂါကတော့ အသက်ရှူလမ်းကြောင်းထဲမှာရှိတဲ့ cilia လို့ခေါ်တဲ့ အမွေးနုလေးတွေကို ထိခိုက်တဲ့ရောဂါတစ်ခုပါ။ ဒီအမွေးနုလေးတွေ ပုံမှန်မလှုပ်ရှားနိင်ဘဲ ပျက်စီးနေတဲ့အခါမှာ အချွဲတွေ၊ ဘက်တီးရီးယားပိုးတွေကို ဖယ်ထုတ်မပေးနိုင်တော့ပါဘူး။ ဒီအခါမှာ အဆုတ်၊ နှာခေါင်းအတွင်းနဲ့ နားထဲမှာ ရောဂါပိုးတေ ွဝင်စေပါတယ်။ ဒီလက္ခဏာတွေက တခြားရောဂါတွေနဲ့ တူနေတဲ့အတွက် ရောဂါကို ရှာဖို့ခက်သွားတာပါ။ ဒီရောဂါက ကုလို့မပျောက်တဲ့အပြင် သားဥပြွန်က အမွေးနုလေးတွေကိုပါ ထိခိုက်စေနိုင်တဲ့အတွက် ကလေးရဲ့ မျိုးပွားနိုင်မှုကိုပါ ထိခိုက်စေနိုင်ပါတယ်။ ကလေးက တစ်နေ့ကို နှစ်ကြိမ် ကုထုံးယူရပြီးတော့ ဒီကုထုံးတွေကလည်း တစ်နာရီထက် ပိုကြာတဲ့အတွက် စိန်ခေါ်မှုတစ်ခုပါပဲ။

          ဒီတော့ ကိုယ့်ရဲ့ကလေးမှာလည်း ဒီလိုမျိုး ချောင်းစိုတွေ အမြဲဆိုးနေတာ၊ ရောဂါပိုး ခဏခဏဝင်နေတာမျိုးတွေ ကြုံရပြီး ဘာကုထုံးနဲ့မှ မပျောက်ဘူးဆိုရင် ဒီရောဂါများလားဆိုတာကို သိရအောင်လို့ မျှဝေလိုက်တာပါ။ စောစောသိရင် အဆုတ်ကို မပျက်စီးအောင် ကာကွယ်နိုင်ပါလိမ့်မယ်။ စောစောသိလေ ပိုကောင်းလေပါပဲ။

Dr. Mya Myo Myo Swe (www.drmyanmar.com)