/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးဆရာဝန်ဖြစ်တဲ့-ဖေဖေမေမေတို့ပြောသော-ကျန်းမာရေးလျှို့ဝှက်ချက်များ

ကလေးဆရာဝန်ဖြစ်တဲ့ ဖေဖေမေမေတို့ပြောသော ကျန်းမာရေးလျှို့ဝှက်ချက်များ

Category
ကလေးများနှင့်ကျန်းမာရေး

ကလေးရဲ့ကျန်းမာရေးအတွက် ကလေးဆရာဝန်တွေလောက် ဘယ်သူမှ အကြံမပေးနိုင်သလို ကလေးဆရာဝန်တွေလောက် ဘယ်သူမှမယုံကြည်ရပါဘူး။ ကလေးဆရာဝန်ကိုယ်နှိုက်က မိဘဖြစ်နေရင်တော့ ဘယ်ပြောကောင်းမလဲ။ ဒီလိုကလေးဆရာဝန် မေမေဖေဖေတို့ ဝေမျှတဲ့အကြောင်းအရာလေးတွေကို နေ့စဉ်ဘဝမှာ အသုံးချနိုင်ကြမှာပါ။

၁။  ကလေးကာကွယ်ဆေးထိုးဖို့ လုံးဝမမေ့ပါနဲ့။
ဒါတော့ မေ့စရာလားလို့ မပြောလိုက်နဲ့နော်။ ကာကွယ်ဆေးထိုးရမှာကြောက်တဲ့ မေမေဖေဖေတို့ ရှိသေးလို့ပြောနေရတာပါ။ ၁၉၈၈ ခုနှစ်မှာ Andrew Wakefield လို့ခေါ်တဲ့ သမားတော်တစ်ယောက်ဟာ ဝက်သက်၊ ဂျိုက်သိုး၊ ပါးချိတ်ရောင်ကာကွယ်ဆေးဟာ အော်တစ်ဇင်ရောဂါစုနဲ့ ဆက်စပ်နေတယ်လို့ စာတမ်းထုတ်ခဲ့ပေမယ့် ဒီစာတမ်းဟာ မှားနေတဲ့အပြင် ဒီဆရာဝန်ကိုလည်း လိုင်စင်သိမ်းခဲ့ပါတယ်။
ဒီလိုအယူအဆတွေဟာ မှားယွင်းပါတယ်။ ကာကွယ်ဆေးတွေထိုးခြင်းဖြင့် ကလေးတွေမှာ ဖြစ်လေ့ရှိတဲ့ ပိုလီယို၊ ရေကျောက်၊ မေးခိုင်၊ ဆုံဆို့တွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ဆရာဝန် ချိန်းဆိုထားတဲ့အတိုင်း မှန်မှန်ကာကွယ်ဆေးထိုးပေးပါ။

၂။  ဂူးဂဲလ်ဆိုတာ ဆရာဝန် မဟုတ်ပါ။
တွေ့တဲ့လူဆီက အကြံဉာဏ်ကို မယူဘူး၊ ဟုတ်? ဒါပေမဲ့ မေမေဖေဖေ တော်တော်များများဟာ ဂူးဂဲလ်ကို ဆရာဝန်လို သဘောထားနေကြပါတယ်။ ဂူးဂဲလ်ဟာ အတော်များများ ရှာဖွေနိုင်ပေမယ့် ဆေးတော့ မကုပေးနိုင်ပါဘူး။ အွန်လိုင်းမှာ ဆေးပညာအသိပေးချက်တွေ အများကြီးရှိပေမယ့် မှားတာတွေကလည်း အများသားပါ။ ဒီလို ကိုယ့်ဟာကိုယ် ရောဂါရှာဖို့ကြိုးစားတာဟာ မလိုလားအပ်ဘဲ စိတ်ပူပန်မှု၊ ကြောက်လန့်မှုတွေကို ဖြစ်စေနိုပါတယ်။
တစ်ခုခု စိုးရိမ်ပြီဆိုရင် ဆရာဝန်နဲ့သာ တိုင်ပင်ပါ။ မလွန်ခင် အချိန်မီကုသနိုင်ဖို့ အရေးကြီးတာကို သိပါ။

Nutroplex 1

၃။  အနာတရရတဲ့အခါ ဘယ်လိုမျိုးဆို ချုပ်ဖို့လိုမလဲဆိုတာ သိထားသင့်ပါတယ်။
ကလေးလက်မှာ ပြတ်ရာရှရာတွေ့ပြီဆို မိဘတိုင်း လန့်ဖျတ်ကြမှာပါပဲ။ ဒါပေမဲ့လည်း အမြဲတမ်းတော့ အရေးပေါ်ပြေးပြစရာ မလိုဘူးနော်။ ကလေးဆရာဝန်တွေဟာ အနာရဲ့အပြင်းအပျော့ကိုသိဖို့ ၃ မိနစ် စမ်းသပ်မှုပြုသင့်တယ်လို့ ပြောပါတယ်။ ဒဏ်ရာအနာတရဖြစ်တဲ့အခါ ရေခဲကိုအဝတ်နဲ့ပတ်ပြီး ၃ မိနစ်လောက် အနာကို ဖိထားလိုက်ပါ။ အရမ်းမဆိုးတဲ့အနာတရမျိုးဆိုရင် ရေခဲကပ်ပြီး ဖိထားလိုက်ရင် ၃ မိနစ်ဆို သွေးတိတ်သွားမှာပါ။ ဒါနဲ့မှ သွေးထွက်နေတုန်းဆိုရင်တော့ ချုပ်ဖို့လိုလာပါပြီ။

၄။  လက်ဆေးဖို့ အရေးကြီးကြောင်းကို ကလေးကို သင်ပြပေးထားပါ။
ကလေးတွေမှာ ရောဂါပိုးမွှားအများစုဟာ မသန့်တဲ့လက်ကနေ ဝင်တာများပါတယ်။ တစ်နေကုန် ဆော့တယ်၊ သဲတွေကိုင်တယ်၊ အိမ်သာတက်တယ် စသဖြင့် လက်ကိုသုံးပြီး လှုပ်ရှားနေတာမို့ အိမ်သာတက်ပြီးတိုင်း၊ အပြင်ကနေဆော့ပြီးပြန်လာတိုင်း၊ အစာမစားခင်တိုင်း လက်ကို ဆပ်ပြာနဲ့ သေချာဆေးကြောပေးဖို့ သင်ပေးထားပါ။ ဒီနည်းလမ်းဟာ ရောဂါဘယ အတော်များများကို ကာကွယ်ပေးနိုင်ကြောင်း ကလေးဆရာဝန်တွေ ဆိုပါတယ်။ ကလေး စိတ်ဝင်စားအောင် ဘယ်လိုသင်မလဲဆိုတဲ့ နည်းလမ်းလေးတွေကို လေ့လာပါ။ ဥပမာပြောရရင် အနံ့မွှေးမွှေး အရုပ်ဆပ်ပြာလေးတွေနဲ့ ဆေးပြတာမျိုးပေါ့။

၅။  အသီးဖျော်ရည်ထက်စာရင် အသီးအတိုင်းကို ကျွေးပါ။
အသီးကို ဖျော်တိုက်တာဟာ ကျန်းမာရေးနဲ့ ညီညွတ်တယ်ထင်ရပေမယ့် အသင့်သောက်ဖျော်ရည်တွေထက်ပဲ သာတာပါ။ အသီးမှာ ဗီတာမင်တွေ၊ သတ္တုဓာတ်တွေ၊ အင်တီအောက်စီဒန့်တွေ၊ အမျှင်ဓာတ်တွေ ပါပါတယ်။ ညှစ်လိုက်တဲ့အခါ ဒီအာဟာရဓာတ် အတော်များများနဲ့ အမျှင်ဓာတ်တွေအကုန် ဆုံးရှုံးကုန်ပါတယ်။ ပြီးတော့ ဒီလိုအသီးဖျော်ရည်တွေဟာ သွေးတွင်းသကြားဓာတ်ကို အလျင်အမြန် တက်စေနိုင်ပါတယ်။ ဟားဗတ်တက္ကသိုလ် ပြည့်သူ့ကျန်းမာရေးဌာနရဲ့လေ့လာချက်အရ ပန်းသီး၊ ဘလူးဘယ်ရီ၊ စပျစ်သီးစသဖြင့် အသီးလိုက်စားတာက ဆီးချိုရောဂါဖြစ်နှုန်းကို နည်းစေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကလေးကြိုက်ကြိုက် မကြိုက်ကြိုက် တစ်နေ့ကို အသီးတစ်လုံးတော့ ကျွေးဖြစ်အောင်ကျွေးပါ။

၆။  ကလေးကို နို့တိုက်နေတုန်း ထွေးပွေ့ထားပါ။
နို့တိုက်နေစဉ် ကလေးကိုထွေးပွေ့ထားခြင်းဟာ ကလေးကိုစိတ်ချလုံခြုံမှုနဲ့ ချစ်ခြင်းမေတ္တာကို ခံစားရစေပြီး ကလေးနဲ့အမေကို ချစ်ခြင်းမေတ္တာ ယှက်နွယ်စေနိုင်ပါတယ်။ ဒီလို မိဘရဲ့ချစ်ခြင်းမေတ္တာကို ခံစားရတဲ့ကလေးတွေဟာ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချမှုရှိပြီး အခက်အခဲတွေကို ကောင်းကောင်း ကျော်လွှားနိုင်တယ်လို့ ဆိုပါတယ်။

၇။  ကလေးအတွက် တကယ်အန္တရာယ်ရှိတဲ့အရာတွေကို သိဖို့လိုပါတယ်။
ကလေး ကြမ်းပြင်ပေါ်က မုန့်ကောက်စားနေတာ၊ ဒန်းပေါ်တက်စီးနေတာ၊ အသည်းအသန် ငိုယိုသောင်းကြမ်းနေတာတွေက တကယ်တော့ အရမ်းကြီးအန္တရာယ်မရှိပါဘူး။ တကယ်သတိထားရမှာတွေက ရှတတ်တဲ့ထောင့်စွန်းပါတဲ့ ပရိဘောဂတွေ၊ ဖွင့်ထားတဲ့ပြတင်းပေါက်တွေ၊ ရေကူးကန်တွေပါ။ ကလေးတွေအတွက် စိတ်ချရတဲ့ အကာအရံ၊ အဖုံးအစွပ်တွေကို ပေါ့သေးသေးတော့ မမှတ်သင့်ဘူးနော်။

Nutroplex 2

၈။  ဖျားနာတာလောက်က လန့်စရာမဟုတ်ပါဘူး။
ဖျားနာတဲ့အခါ ၇ ရက်ကနေ ၁၀ ရက်လောက်အထိတော့ ကလေး ကဂျီကဂျောင်ကျတတ်ပါတယ်။ အဆန်းတကြယ် မဟုတ်ပါဘူး။ ခုခံအားစနစ်က သူ့အလိုလို တိုက်ပါလိမ့်မယ်။ ဒါပေမဲ့ မွေးကင်းစကနေ ၃ လသားအရွယ် ကလေးတွေမှာ အပူချိန် ၁၀၀.၄°F ထက် တက်လာရင်တော့ ဆရာဝန်နဲ့ ချက်ချင်းပြပါ။

၉။  သန့်သန့်ရှင်းရှင်းနေတတ်အောင် စောစောစီးစီး သင်ကြားပါ။
ကလေးကို သန့်ရှင်းရေးရဲ့အရေးပါပုံကို စောစောသင်ထားလို့ မမှားဘူးနော်။ ကလေး အီးပါပြီးတာနဲ့ သေးခံလဲပေးတာ၊ ရေချိုးပေးတာ၊ တစ်နေ့ သွား ၂ ကြိမ်တိုက်တာ၊ အဝတ်အစား သန့်သန့်ရှင်းရှင်းဝတ်စေတာ စတာတွေဟာ ကလေးကို သန့်ရှင်းအောင်နေဖို့ အရေးပါကြောင်း သင်ကြားပေးတာနဲ့ တူတူပါပဲ။

၁၀။  မပီကလာပီကလာ ပြောတာကို အချိန်အကြာကြီး အကျင့်မလုပ်ပါနဲ့။
ကလေးပြောတဲ့အတိုင်း မေမေဖေဖေတို့ကိုယ်နှိုက်က မပီကလာပီကလာ လိုက်ပြောတာဟာ ကလေးရဲ့ ဘာသာစကားဖွံ့ဖြိုးမှုကို နှောင့်နှေးစေနိုင်ပြီး စကားပြောနည်းအမှားကို သင်ပေးနေသလို ဖြစ်စေပါတယ်။
ဒီအစား ကလေးကို ချော့မြူတဲ့ပုံစံမျိုးနဲ့ စကားကို ထပ်ခါထပ်ခါပြောပေးပါ။ ဒီနည်းအားဖြင့် ကလေးကို စကားပြော မြန်စေနိုင်ပါတယ်။

၁၁။ တစ်ခုခုဆို ဆရာဝန်နဲ့ပြေးပြတာ၊ ဆေးပြေးတိုက်တာမျိုး မလုပ်ပါနဲ့။
မိဘဖြစ်ရတာ အခက်ခဲဆုံးအလုပ်ပါပဲ။ ဒါပေမဲ့ ကလေးကို အခါခပ်သိမ်းစိုးရိမ်နေစရာ မလိုပါဘူး။ ကလေးတွေဟာ မကြာမကြာ ဖျားနာမယ်၊ ခိုက်မိမယ်၊ မေမေဖေဖေတို့ကို ဂျီကျမယ်။ ဒါတွေအားလုံးကို အရမ်းကြီး စိတ်ထဲမထားဘဲ မှန်မှန်လေးပဲ ဖြေရှင်းဖို့ကြိုးစားပါ။ အရမ်းစိတ်ပူလွယ်တာ၊ ဆေးပြေးပြေးတိုက်တာမျိုးတွေကို ရှောင်ပါ။

ဪ ... ဒါနဲ့နောက်ဆုံးအနေနဲ့ အရေးအကြီးဆုံးကို ပြောမယ်နော်။ မေမေဖေဖေတို့လည်း ကိုယ့်ဟာကိုယ် ဂရုစိုက်ဖို့ လိုမယ်နော်။
ဖေဖေမေမေတို့ကိုယ်နှိုက်က ကျန်းမာပျော်ရွှင်ပြီး စိတ်ထားပြည့်ဝနေမှ သားသားမီးမီးတို့လည်း မေမေဖေဖေတို့ခြေရာကို လိုက်မှာပေါ့။ ဒါကြောင့် ကျန်းမာရေးနဲ့ ညီညွတ်အောင်နေပါ။ လေ့ကျင့်ခန်းလုပ်ပါ။ ပျော်ပျော်နေပါ။

Dr. Mya Phoo Ngon (www.drmyanmar.com)