/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးတို့အသက်အရွယ်အလိုက်-ပြုလုပ်စေသင့်သော-ကိုယ်လက်လှုပ်ရှားမှုများ

ကလေးတို့အသက်အရွယ်အလိုက် ပြုလုပ်စေသင့်သော ကိုယ်လက်လှုပ်ရှားမှုများ

Category
ကလေးများနှင့်ကျန်းမာရေး

        လူငယ်၊ လူလတ်၊ လူကြီးအရွယ်တွေအနေနဲ့ ကျန်းမာအသက်ရှည်ဖို့အတွက် နေ့စဉ်လေ့ကျင့်ခန်းလုပ်ဖို့ လိုအပ်သလို မွေးကင်းစ ကလေးငယ်လေးတွေ၊ လမ်းလျှောက်တတ်စ ကလေးငယ်တွေ တစ်နည်းအားဖြင့် အသက် ၅ နှစ်အောက် ကလေးငယ်တွေအနေနဲ့လည်း ကလေးလေ့ကျင့်ခန်းလို့ခေါ်ရလောက်တဲ့ သွက်သွက်လက်လက် လှုပ်ရှားပြုမူနေခြင်းမျိုးဟာ ကလေးနဲ့ဒွန်တွဲရှိနေသင့်ပါတယ်။ လှုပ်ရှားမှုမရှိတဲ့ နေထိုင်မှုပုံစံတွေဖြစ်တဲ့ ကလေးလက်တွန်းလှည်းထဲမှာသာ ကလေးငယ်ကိုအချိန်ကြာမြင့်စွာထားရှိခြင်း၊ တီဗွီကိုသာ အာရုံစူးစိုက်ငေးမောကြည့်နေစေခြင်း၊ ကလေးအား လမ်းလျှောက်ချိန်နည်းစေခြင်း (ဥပမာ - ခြေကျင်သွားလို့ရတဲ့ အနီးအနားခရီးကို ကားအကူအညီဖြင့်သွားခြင်း) စတဲ့ အထိုင်များစေတဲ့အပြုအမူတွေဟာ ကလေးငယ်ရဲ့ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့အပြင် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးကြီးထွားနှုန်းကိုလည်း နှေးကွေးစေနိုင်ပါတယ်။ ကလေးငယ်လေးတွေအနေနဲ့ ငယ်စဉ်ကတည်းက အ၀လွန်နေသူတစ်ယောက် မဖြစ်စေဖို့အတွက် သွက်လက်တက်ကြွစွာနေထိုင်တဲ့ အမူအကျင့်လေးရှိအောင် ပြုစုပျိုးထောင်ပေးဖို့လိုအပ်ပါတယ်။ ဒါမှသာဉာဏ်ရည်ထက်မြက်ပြီး ကျန်းမာသွက်လက်တဲ့ မျိုးဆက်သစ်လေးတွေ ဖြစ်လာနိုင်မှာပါ။ ဒါကြောင့် အသက် ၅ နှစ်အောက် အရွယ်ကလေးတွေအနေနဲ့ ဘယ်လိုလှုပ်ရှားမှုလေးတွေ ပြုလုပ်သင့်တယ်ဆိုတာနဲ့ပတ်သက်ပြီး မိဘများဂရုပြုမိစေလိုတဲ့အတွက် ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။

 

အသက် ၁ နှစ်အောက်  ကလေးများအတွက် ကိုယ်လက်လှုပ်ရှားနည်းများ (Babies)

        မိခင်၀မ်းကြာတိုက်မှထွက်လာတာနဲ့တပြိုင်နက် ကလေးငယ်တို့ရဲ့သဘာ၀အတိုင်း စူးစူးဝါးဝါး အော်ဟစ်ငိုနေမှသာ ဆရာ၀န်တွေအနေနဲ့ စိတ်ပူပန်မှုမှပြေလျော့သွားပြီး အပြုံးပန်းေ၀ဆာနိုင်ကြတာပါ။ မွေးကင်းစကလေးငယ်တစ်ဦးဟာ မွေးစကတည်က အော်ဟစ်ငိုကြွေးမှသာ ကျန်းမာတဲ့ကလေးလို့ သတ်မှတ်နိုင်ပြီး ၎င်းတို့လေးဘက်ထောက်မသွားခင် အချိန်ကာလအတွင်းမှာ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ လှုပ်ရှားနေမှသာ ကျန်းမာဖွံ့ဖြိုးတဲ့ကလေးငယ်တစ်ဦး ဖြစ်လာနိုင်မှာပါ။ ဒါကြောင့် မိခင်၊ ဖခင်တွေအနေနဲ့ မိမိတို့ရဲ့ ရင်သွေးငယ်လေးအားခြေ၊ လက်လေးတွေ လှုပ်ရှား လာအောင် ချော့မြူပေးခြင်း၊ ဦးခေါင်းကို ဘယ်ညာတိမ်းစောင်းခွင့်ရနိုင်အောင် မိမိအမူအရာအား ကလေးငယ်စိတ်၀င်စားလာစေရန် ပြုမူပြခြင်းစသဖြင့် ကလေးငယ် လှုပ်လှုပ်ရှားရှား ရှိနေစေဖို့ နေ့စဉ်ပြုလုပ်ပေးသင့်ပါတယ်။ ဒါ့အပြင် ကလေးငယ်ရဲ့ ခြေထောက်လေးတွေ ခွင်မနေစေရန်အတွက်လည်း ငြင်ငြင်သာသာ ဆန့်တန်းပေးဖို့လည်းလိုအပ်ပါတယ်။

 

အသက် ၁ နှစ် မှ ၂ နှစ် ကလေးများအတွက် ကိုယ်လက်လှုပ်ရှားနည်းများ (Toddlers)

        လမ်းလျှောက်တတ်တဲ့အရွယ် ကလေးငယ်တစ်ဦးအနေနဲ့ တစ်နေ့မှာ အနည်းဆုံး ၁၈၀ မိနစ် (အချိန် ၃ နာရီ) ကြာ ကိုယ်လက်လှုပ်ရှားမှုရှိနေသင့်ပါတယ်။ ကလေးတွေရဲ့ ကျန်းမာရေးနဲ့ကိုယ်စိတ်နှစ်မျိုးလုံး ဖွ့ံဖြိုးတိုးတက်စေဖို့အတွက် အိမ်တွင်းမှာရော၊ ပြင်ပမှာပါ ကိုယ်လက်လှုပ်ရှားခိုင်းရပါမယ်။ ပေါ့ပေါ့ပါးပါး လှုပ်ရှားမှုများဖြစ်တဲ့ မတ်တပ်ရပ်ခြင်း၊ ခြေလှမ်းအနှေးဖြင့် လမ်းလျှောက်ခြင်း၊ ကစားစရာများနဲ့ ဆော့ကစားခြင်းတို့ ပါ၀င်စေသင့်ပါတယ်။

 

အသက် ၂ နှစ် မှ ၅ နှစ် ထိကလေးများအတွက် ကိုယ်လက်လှုပ်ရှားနည်းများ

          ဒီအရွယ်ကလေးတွေကတော့ သဘာ၀အရကိုက အိပ်ချိန်မှအပ ကျန်အချိန်တိုင်း လှုပ်ရှားနေတတ် ပါတယ်။ ခဏလောက်ငြိမ်ငြိမ်နေဖို့တောင် မနည်းပြောယူနေရတာပါ။ သူတို့လေးတွေကို အားစိုက်လုပ်ရတဲ့ လှုပ်ရှားမှုတွေအဖြစ် တူတူပုန်းတမ်းကစားခြင်း၊ လမ်းမြန်မြန်လျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ကခုန်ခြင်း၊ ရေထဲမှာ ဆော့ကစားခြင်း၊ လျှောစီးခြင်း၊ ခုန်ပေါက်ခြင်း၊ စုံခုန်ခြင်း၊ ခြေတစ်ပေါင်ကျိုးခုန်းခြင်း (သို့) ခုန်ဆွခုန်ဆွပြေးခြင်း၊ ဘောလုံးကန်ခြင်း၊ အမြင့်သို့ ဖက်တက်ခြင်း တို့ကို ပြုလုပ်စေသင့်ပါတယ်။ ဒါပေမယ့် ကလေးတွေ ကိုယ်လက်လှုပ်ရှားကစားတိုင်းမှာ မိဘတွေက အနားမှာရှိပေးပြီး အန္တရာယ် တစ်စုံတစ်ရာ မပေါ်အောင် ဂရုစိုက်ပေးရပါမယ်။

CMS (www.drmyanmar.com)