/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးတွေကို-နားဖောက်ပေးတဲ့အခါမှာ-ဘာတွေသိထားဖို့လိုသလဲ

ကလေးတွေကို နားဖောက်ပေးတဲ့အခါမှာ ဘာတွေသိထားဖို့လိုသလဲ

Category
ကလေးများနှင့်ကျန်းမာရေး

ကလေးဘယ်အရွယ်မှာ နားဖောက်ဖို့သင့်တော်သလဲ?

          ဒါက ကိုယ်ပိုင်ဆုံးဖြတ်ချက်အပေါ်မှာလည်းမူတည်ပါတယ်။ အရေပြားကိုဖောက်လိုက်ပြီဆိုတာနဲ့ ရောဂါပိုးဝင်နိုင်ဖို့အခွင့်အလမ်းများပါတယ်။ မွေးကင်းစကလေးတွေမှာ ခုခံအားစနစ်ကဖွံ့ဖြိုးဆဲပဲရှိသေးတဲ့အတွက် အနည်းဆုံးကလေးအသက် 6 လလောက်အရွယ်မှစပြီး နားဖောက်သင့်ပါတယ်။ နောက်တစ်ချက်အနေနဲ့ နားဖောက်၊ မဖောက်ကို ကလေးအနေနဲ သူ့ဟာသူဆုံးဖြတ်စေချင်တယ်ဆိုရင် ကလေးအသက် 10 နှစ်လောက်အထိစောင့်ပြီးမှ သူနဲ့ဆွေးနွေးပါ။ ကလေးအသက်ကြီးလာလေလေ သူ့ရဲ့တာဝန်ကိုသူယူတတ်ပြီး သူ့ကိုယ်သူဂရုစိုက်လာနိုင်ပါလိမ့်မယ်။

နားဖောက်တဲ့အခါမှာ အတတ်နိုင်ဆုံးအနာသက်သာအောင်ဘယ်လိုလုပ်ပေးနိုင်သလဲ?

          နားသန်သီးတွေကို ထုံနေစေဖို့အတွက် ထုံဆေးသုတ်လိမ်းပြီးမှဖောက်ပေးဖို့ ဆရာဝန်ကိုတောင်းဆိုလို့ရပါတယ်။ နားမဖောက်မီ နာရီဝက်/တစ်နာရီ လောက်ကြိုပြီး နားမှာ ထုံဆေးလိမ်းပေးထားရပါမယ်။ နားမဖောက်မီ 15-30 မိနစ်လောက်အလိုမှာ ရေခဲကပ်ပေးထားရင်လည်း အနာသက်သာစေပါတယ်။

နားကပ်အနေနဲ့ဝတ်ဆင်ဖို့ ဘယ်လိုသတ္တုအမျိုးအစားက အကောင်းဆုံးလဲ?

           Surgical stainless steel နားတောင်းတွေက nickle မပါဝင်ခြင်း၊ ဓာတ်မတည့်စေတတ်သော သတ္တုစပ်တွေ မပါဝင်တဲ့အတွက် အကောင်းဆုံးဖြစ်ပါတယ်။ Nickle နဲ့ cobalt ဓာတ်မတည့်ခြင်းတွေက အဆိုးဆုံးဖြစ်တဲ့အတွက် ဒါတွေပါဝင်တဲ့နားကပ်တွေမဝတ်ပါနဲ့။ ရွှေဖြူမှာ nickle ပါဝင်နိုင်တဲ့အတွက် အချို့ကလေးတွေက ရွှေဖြူနဲ့လည်း ဓာတ်မတည့်တတ်ပါဘူး။ Surgical stainless steel အပြင် ပလက်တီနမ်၊ တိုက်တေနီယမ်နဲ့ 14 K ရွှေတွေက အန္တရာယ်အကင်းဆုံးဖြစ်ပါတယ်။

ဘယ်လိုနေရာမှာ နားဖောက်သင့်သလဲ?

          နားဖောက်တဲ့ကိရိယာတွေကို သေချာပိုးသတ်ထားပြီး အခြေခံလုပ်ငန်းစဉ်လိုအပ်ချက်တွေကို လိုက်နာတဲ့နေရာတွေကို သေချာ ရှာဖွေဖို့လိုပါတယ်။ နားဖောက်ပေးတဲ့သူက လက်ဆေးဖို့ (သို့) ပိုးသတ်ဆေးပါဝင်တဲ့လက်သန့်ဆေးရည်သုံးဖို့၊ လက်အိတ်အသစ်ဝတ်ဖို့၊ ကလေးနားကို မဖောက်ခင်မှာ အရက်ပြန်၊ ဂွမ်းနဲ့သေချာသုတ်ပေးဖို့ နားတစ်ဖက်ချင်းစီအတွက် မဖောက်ရသေးတဲ့ပိုးသတ်ထားသော နားဖောက်အပ်သုံးဖို့လိုပါတယ်။

ကလေးနားဖောက်ပြီးရင် ဘယ်လိုဂရုစိုက်ပေးရမလဲ?

1. နားဖောက်ပြီးတဲ့နောက်မှာ ရောဂါပိုးမဝင်စေဖို့အတွက် နားကိုအမြဲသန့်ရှင်းအောင်ထားပါ။ လက်ကို ဆပ်ပြာနဲ့စင်ကြယ်စွာဆေးပြီး ဂွမ်လုံးကို ဆေးခန်းကပေးလိုက်သောဆေးရည်/ အရက်ပြန်/ hydrogen peroxide အရည်စွတ်ပြီးနောက် နားအရှေ့၊ အနောက်ကို သေချာသန့်ရှင်းပေးပါ။

2. ဖောက်ထားတဲ့နားပေါက်ကို ပုံမပျက်စေဖို့ နားကပ်ကို ညင်သာစွာလှည့်ပေးပြီးရှေ့နောက်အနည်းငယ်ကစားပေးပါ။ နားကပ်ကိုအရမ်းမကြပ်နေပါစေနဲ့။

3. နားဖောက်ပြီး 6 ပတ်လောက်ကြာတဲ့အထိ ပထမဆုံးဝတ်ထားတဲ့နားကပ်ကို မချွတ်ပါနဲ့။ ချွတ်လိုက်ရင် အပေါက်ပြန်ပိတ်သွားတတ်ပါတယ်။ 6 ပတ်ကျော်သွားရင်တော့ ကိုယ်နှစ်သက်ရာ နားကပ်ပြောင်းဝတ်နိုင်ပါပြီ။ နားပေါက်အမြဲဆက်ရှိဖို့အတွက် 6 လလောက်ကြာအောင် နားကပ်အမြဲဝတ်ထားဖို့လိုပါတယ်။

ရောဂါပိုးဝင်တဲ့လက္ခဏာတွေကဘာတွေလဲ?

          နားမှာ နီခြင်း၊ ရောင်ခြင်း၊ အရည်ထွက်ခြင်း၊ နာခြင်း၊ ယားယံခြင်းစတာတွေဖြစ်လာရင် ရောဂါပိုးဝင်တာလား၊ ဓာတ်မတည့်တာလား သေချာသိဖို့အတွက် ဆရာဝန်သွားပြပါ။ ဓာတ်မတည့်တာဆိုရင် အခြားသတ္တုနဲ့လုပ်ထားတဲ့ နားကပ်ပြောင်းဝတ်လိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်။ ရောဂါပိုးဝင်တာဆိုရင်တော့ ဆရာဝန်က ပိုးသတ်ဆေးညွှန်ပါလိမ့်မယ်။ တကယ်လို့မပျောက်ဘူးဆိုရင် နားကပ်ကိုချွတ်လိုက်ပြီး အနည်းဆုံး 6 လလောက်ကြာပြီးမှ နောက်တစ်ခါထပ်ဖောက်ပါ။ ရောဂါပိုးဝင်ရင်ပဲဖြစ်ဖြစ်၊ ဓာတ်မတည့်ရင်ပဲဖြစ်ဖြစ် နားမှာ အမာရွတ်ထူထူကျန်ခဲ့နိုင်ပါတယ်။

တခြားဘာတွေလုပ်ပေးနိုင်သလဲ?

1. နားဖောက်တဲ့အခါမှာ အရိုးနုကိုမဖောက်မိဖို့အရေးကြီးပါတယ်။ အရိုးနုကိုထိမိရင် ရောဂါပိုးဝင်နိုင်ချေနဲ့ အမာရွတ်ဖြစ်နိုင်ချေများပါတယ်။

2. ကလေးအဝတ်လဲတဲ့အခါ၊ ဆံပင်ဖြီးတဲ့အခါတွေမှာ ဖောက်ခါစ အနာမကျက်သေးတဲ့နားကို မထိခိုက်မိအောင် သေချာဂရုစိုက်ပါ။

 

ကလေးကိုနားဖောက်ပြီးကာစမှာ အားကစားတွေ၊အခြားလှုပ်ရှားမှုတွေ ရှောင်ခိုင်းဖို့လိုပါသလား?

          နားဖောက်ပြီးကာစ ပထမနှစ်ပတ်လောက်မှာတော့ ရောဂါပိုးဝင်နို်င်ချေများတဲ့အတွက် အထူးဂရုစိုက်ပေးဖို့လိုပါတယ်။ ရေကူးကန် (သို့) ပင်လယ်သမုဒ္ဒရာတွေထဲမှာ ရေကူးခြင်းမလုပ်ပါနဲ့ဦး။ အားကစားအနေနဲ့ဆိုရင် မြင်းစီးခြင်း၊ ဆိုင်ကယ်စီးဦးထုပ်ဆောင်းရသောကစားနည်းများက နားကိုပွတ်တိုက်မှုဖြစ်နိုင်တဲ့အတွက် ရှောင်ပါ။ မကစားခင်မှာ နားကပ်တွေကို ချွတ်ထားရင်ကောင်းပါတယ်။ ဒါပေမယ့် နားဖောက်ပြီးကာစ ပထမ 6 လမှာ ကစားရင်တော့ နားကပ်ပေါ်မှာ ပတ်တီးသေးသေးလေး ခံထားပေးလိုက်ပါ။

Dr. Mya Myo Myo Swe (www.drmyanmar.com)