/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးတွေကို-နေ့လယ်နေ့ခင်း-တစ်ရေးတစ်မော-သိပ်ပါ

ကလေးတွေကို နေ့လယ်နေ့ခင်း တစ်ရေးတစ်မော သိပ်ပါ

Category
ကလေးများနှင့်ကျန်းမာရေး

          ကလေးလေးတွေအတွက် နေ့လယ်ခင်း တစ်ရေးတစ်မော အိပ်တာဟာ အိပ်ရေးဝစေဖို့အတွက် သာမကဘဲ ဘယ်လိုအကျိုးထူးတွေ ရစေနိုင်သလဲဆိုတာ ကြည့်ကြရအောင်ပါ။

          ပန်ဆိုင်ဗေးနီးယားတက္ကသိုလ်ရဲ့ လေ့လာချက်တစ်ခုအရ နေ့လယ်နေ့ခင်း တစ်ရေးတစ်မော အိပ်တတ်တဲ့ ကလေးလေးတွေဟာ အမူအကျင့်ဆိုရင် ပြဿနာတွေ အဖြစ်နည်းပြီး ကျောင်းမှာလည်း စာကောင်းကောင်း လိုက်နိုင်တာကို တွေ့ရပါသတဲ့။ ဒါ့အပြင် သွေးတိုးဖြစ်နှုန်း ကျစေခြင်း၊ စိတ်ခံစားချက်ကို မြင့်တင်ပေးခြင်း၊ ဖန်တီးနိုင်စွမ်းတွေ တိုးတက်ပြီး အာရုံစူးစိုက်နိုင်စွမ်း ကောင်းမွန်လာတာကိုလည်း တွေ့နိုင်ပါတယ်။

 

၁။     ဖန်တီးနိုင်စွမ်း မြင့်တင်ပေးခြင်း

          တစ်ခုခု မလုပ်ခင်၊ ဒါမှမဟုတ် ဘာသာစကားသင်တန်းတစ်ခုခု မသွားခင်မှာ တစ်ရေးတစ်မော အိပ်စေခြင်းဖြင့် မအိပ်တဲ့သူတွေနဲ့ ယှဉ်ရင် လေ့လာနိုင်စွမ်း ပိုကောင်းကြောင်း တွေ့နိုင်ပါတယ်။

 

၂။     ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးခြင်း

          နေ့လယ်ခင်းအိပ်စက်ခြင်းဖြင့် ဖိစီးမှုဟော်မုန်းတွေဖြစ်တဲ့ ကော်တီစောနဲ့ အာရုံကြောနဲ့ ဟော်မုန်းစနစ် ကို နှိုးဆွပေးလို့ ကိုယ်ခံစွမ်းအားကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။

 

၃။     သက်လုံကောင်းစေခြင်း

          လေ့ကျင့်ခန်းတစ်ခုခု မလုပ်ခင်မှာ မိနစ် ၃၀ လောက် အိပ်စက်ခြင်းက သက်လုံကို ကောင်းစေနိုင်တာကြောင့် ကလေး လုပ်ဆောင်မှုကို ပိုအကျိုးရှိစေနိုင်တာပေါ့။

 

၄။     မှတ်ဉာဏ်တိုးတက်စေခြင်း

          ကလေးတစ်ယောက် ကျောင်းမှာ စာကောင်းကောင်း လိုက်နိုင်အောင် နေ့လယ်ခင်းမှာ နာရီဝက်လောက် အိပ်စက်စေသင့်ပါတယ်။

 

၅။     စိတ်ခံစားမှုကို ကောင်းမွန်စေခြင်း

          အိပ်ရေးမဝရင် လူက အလိုလို စိတ်မကြည်တာ အမှန်ပါပဲ။ ကလေးတွေလည်း ဒီလိုပဲပေါ့။ ဒါကြောင့် အိပ်ရေးဝပြီး လန်းဆန်းနေအောင် နေ့လယ်ခင်း တစ်ရေးတစ်မော အိပ်ပါစေ။

Dr. Mya Phoo Ngon (www.drmyanmar.com)