ကလေးတွေကို ပြင်းပြင်းထန်ထန်လှုပ်ခါတာမျိုး မလုပ်ပါနှင့်
ပြင်းပြင်းထန်ထန်လှုပ်ခါခြင်းကြောင့်ဖြစ်စေတဲ့ Shaken baby Syndrome က ဘယ်လို ကလေးငယ်တွေမှာ အဖြစ်များသလဲ?
များသောအားဖြင့် တစ်နှစ်အောက်ကလေးငယ်တွေမှာ ဖြစ်လေ့ရှိပြီး အသက် 2 လမှ 4 လအရွယ် ကလေးတွေက ဖြစ်ဖို့အလားအလာအများဆုံးဖြစ်ပါတယ်။ အသက် 2 နှစ်ကျော်လာချိန်မှာဖြစ်ဖို့ အလားအလာ နည်းသွာတယ်ဆိုပေမယ့် အသက် 5 နှစ် 6 နှစ်အရွယ်ကလေးတွေမှာ ပြင်းပြင်းထန်ထန်လှုပ်ခါခြင်းခံရပါက Shaken baby Syndrome ဖြစ်နိုင်ပါတယ်။
Shaken baby Syndrome ရဲ့ရောဂါလက္ခဏာတွေကဘာတွေလဲ?
ဦးနှောက်အပေါ်မှာ ဖိအားသက်ရောက်မှုရှိတာကြောင့် အောက်ပါလက္ခဏာတွေ တွေ့ရတတ်ပါတယ်။
- အလွန်အပင်ဂဏှာမငြိမ်ခြင်း
- အစာနည်းသွားခြင်း၊ အစာကျေွးရခတ်ခြင်း
- အသက်ရှုမမှန်ခြင်း
- တက်ခြင်း
- နုံးခွေခြင်း၊ မှိန်းနေခြင်း
- အရေပြားအရောင်ဖျော့တော့ခြင်း (သို့) ပြာနမ်းလာခြင်း
- ရင်ဘတ် (သို့) လာက်မောင်းတွင် အညိုအမည်စွဲခြင်း
- နှာဖူးပြင် နဂိုကထက်ပိုကြီးလာသယောင်ထင်ရခြင်း
- ခေါင်းမထောင်နိုင်ခြင်း
- တုန်နေခြင်း
- သတိလစ်မေ့မြောခြင်း
ဘာကြောင့်ကလေးငယ်တွေကို လှုပ်ခါကြတာလဲ?
ကလေးငယ်ကိုလှုပ်ခါလိုက်ခြင်းဖြင့် ကလေးငယ်အငိုတိတ်အောင်ပြုလုပ်နိုင်လိမ့်မယ်လို့ ကလေး မိဘတချို့နှင့် တွေက ထင်မြင်လေ့ရှိပါတယ်။
Shaken baby Syndrome ရောဂါလက္ခဏာစု ရှိကြောင်းဘယ်လို စစ်ဆေးသိရှိနိုင်သလဲ?
SBS မှာတွေ့ရတတ်တဲ့ ဂဏှာမငြိမ်ခြင်း၊ ပျို့အန်ခြင်း၊ နုံးခွေခြင်း စတဲ့လက္ခဏာတွေကို ဗိုင်းရပ်စ်ပိုးကူးစက်ခံရခြင်း စတဲ့ရောဂါအခြေအနေတွေမှာလည်း တွေ့ရလေ့ ရှိတာကြောင့် သေချာ ဆန်းစစ်ဖို့လိုအပ်ပါတယ်။
ဆရာဝန်က ဦးခေါင်းခွံအက်ကွဲခြင်းရှိမရှိ သေချာစေရန် ဓာတ်မှန်ရိုက်ခြင်း၊ CT၊ MRI ရိုက်ခြင်းတို့ကို ပြုလုပ်ပါလိမ့်မယ်။ မျက်လုံးအနောက်ဘက်တွင် သွေးယိုတဲ့လက္ခဏာတွေ့ရှိရပါက အထူးဂရုပြုသင့်ပါတယ်။
Shaken baby Syndrome ရောဂါလက္ခဏာစု ကို ဘယ်လိုကုသမလဲ?
အမြန်ဆုံးကုသမှုခံယူဖို့လိုအပ်ပါတယ်။ နီးစပ်ရာအရေးပေါ်ဌာနသို့ အမြန်ဆုံးခေါ်သွားပြီး ကလေးငယ် ရဲ့အခြေအနေကို ပြသပါ။ လှုပ်ခါခံရခြင်းရှိမရှိ အမှန်အတိုင်းပြောပြဖို့လိုအပ်ပါတယ်။ ရောဂါ လက္ခဏာပြင်းထန်မှုပေါ်မူတည်ပြီး ကုသမှုခံယူရမှာဖြစ်ပါတယ်။ အချို့သော မိဘတွေနှင့် ကလေးထိန်းတွေဟာ SBS ရဲ့ ပြင်းထန်မှုကို မသိကြတာကြောင့် ကလေးငယ်ကို ခပ်ကြမ်းကြမ်းခါရမ်းလေ့ရှိပါတယ်။ SBS မဖြစ်ရလေအောင် ဘယ်လိုအခြေအနေမျိုးမှာမဆို ကလေးငယ်အား ခပ်ကြမ်းကြမ်းခါရမ်းခြင်း ကို ရှောင်ရှားသင့်ပါတယ်။
ကလေးငယ်ငိုကြွေးပါက ဂျီကျလိုစိတ်ကြောင့်ငိုကြွေးခြင်းဖြစ်နိုင်တယ်လို့ တထစ်ချမမှတ်ထားဘဲ ငိုကြွေးရခြင်းရဲ့ အကြောင်းအရင်းကိုသေချာစွာ ဆန်းစစ်သင့်ပါတယ်။ တခါတရံမှာ ကလေးငယ်တွေမှာ ဗိုက်ဆာခြင်း၊ ရာသီဥတုအေးခြင်း စတာတွေကြောင့်လည်း ငိုကြွေးနိုင်ပါတယ်တဲ့။
ရေဒီယိုဖွင့်ပြခြင်း၊ သီးချင်းဆိုပြခြင်း၊ စကားပြောခြင်း၊ ကားမောင်းပြီး ဟိုနားဒီနားလိုက်ပို့ခြင်း စတာတွေဖြင့် ကလေးငယ်ကိုချော့မြူပါ။ အရုပ်ဖြစ်စေ၊ ချိုလိမ်ဖြစ်စေ ပေးထားနိုင်ပါတယ်။ ကလေးငယ်ကိုချော့မြူခြင်းအပါအဝင် အခြားသော ဝေရာဝစ္စတွေကို တယောက်တည်း အကုန်ပြုလုပ်ခြင်းက ကြာလာတဲ့အခါ ပိုပင်ပန်း စိတ်ရောလူပါပင်ပန်းမှုကို ပိုမိုခံစားရပြီး ကလေးအပေါ်မှာစိတ်မရှည် တာတွေဖြစ်လာနိုင်ပါတယ်။ လိုအပ်ပါက အိမ်နီးနားချင်း၊ သူငယ်ချင်း (သို့) အခြားသောမိသားစုဝင် တစ်ယောက်ဆီမှ အကူအညီယူပါ။
Dr. Htet Htet Aung






























