ကလေးတွေကို ပြုစုပျိုးထောင်ဖို့ နည်းလမ်းများ
မိသားစုတစ်ခုကို ပြုစုပျိုးထောင်ရင်း ကိုယ့်ဘဝကိုလည်း တိုးတက်အောင် ပြုလုပ်ရတာ မလွယ်လှပါဘူး။ ဒီလို မိသားစုတစ်ခုကို ထူထောင်တဲ့အခါ ပိုမိုလွယ်ကူစေဖို့နည်းလမ်း (၁၀) ခုကို မျှဝေပေးပါ့မယ်နော်။
၁။ ကိုယ့်ကလေးရဲ့အားသန်ရာကို သိအောင်လုပ်ပါ။
ဒီလိုအားသန်ရာကို အသုံးချပြီး ကလေးရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချစိတ်ကို မြှင့်တင်ပေးနိုင်ပါတယ်။ ကလေးတွေဟာ သူတို့ကို ချိုးချိုးနှိမ်နှိမ်မပြောဘဲ အကောင်းဘက်က ထောက်ပြတာမျိုးကို နားလည်လက်ခံပြုပြင်တတ်ကြပါတယ်။
၂။ ကလေးကို အပြစ်ပေးတာဟာ ချီးမွမ်းတာ၊ ဆုချတာမျိုးလောက် အကျိုးမထူးပါဘူး။
အားနည်းချက်ကိုချည်း ထောက်မပြဘဲ ကလေး အားသန်ရာကို ထောက်ပြပေးပါ။ အားပေးအားမြှောက်ပြုခံရရင် ကလေးဟာ သူချို့တဲ့တဲ့အပိုင်းကို အစားထိုးနိုင်လောက်အောင် အစွမ်းသတ္တိတွေ ရလာနိုင်ပါတယ်။
Nutroplex 1
၃။ ဒေါသထွက်တာ၊ ရွဲ့စောင်းပြောတာ၊ အပြစ်တင်တာ စတဲ့ မကောင်းတဲ့တုံ့ပြန်မှုတွေ မပြုပါနဲ့။
ကလေးဟာ သူ့ကိုသူ မထိန်းချုပ်နိုင်ခဲ့ရင် ဒီလိုမကောင်းတဲ့တုံ့ပြန်မှုတွေကို ပိုဆိုးစေနိုင်ပါတယ်။ ကလေးကို အာရုံစူးစိုက်စေဖို့ ဖြည်းဖြည်းသာသာ စကားလုံးလေးတွေနဲ့ ကြိုးစားကြည့်ပါ။
၄။ မောင်နှမသားချင်းအချင်းချင်း မနှိုင်းယှဉ်ပါနဲ့။
ကလေးတစ်ယောက်ယောက်က သူ့မောင်နှမသားချင်း တစ်ယောက်ယောက်ဟာ ပိုအရေးပေးခံရတယ်ဆိုတဲ့ ခံစားချက်ကို ရသွားခဲ့ရင် ပြိုင်ဆိုင်မှုတွေဖြစ်လာပြီး ဒီစိတ်ဟာ တစ်သက်တာစွဲထင်သွားကာ မိသားစုထဲမှာလည်း ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ကလေးတွေဟာ မျှမျှတတ အချစ်ခံရကြောင်း သိပါစေ။
၅။ လိုအပ်ရင် အကူအညီတောင်းခံပါ။
သားသမီးတွေကို ပြုစုပြိုးထောင်ရတာ မလွယ်ကူလှပါဘူး။ ဒါကြောင့် အကူအညီလိုအပ်တဲ့အခါ ကျွမ်းကျင်တဲ့ပညာရှင်တွေရဲ့အကူအညီကို တောင်းခံပါ။
၆။ ကလေးတွေဟာ အကောင်းမြင် အာရုံစူးစိုက်ခံရမှုကို လိုအပ်ပါတယ်။
ကလေးတွေဟာ အကောင်းမြင် အာရုံစူးစိုက်ခံရမှုကိုမရတဲ့အခါ မကောင်းတဲ့နည်းနဲ့ အာရုံစူးစိုက်ခံရအောင် လုပ်လာတတ်ကြပါတယ်။ လျစ်လျူရှုခံရတာထက်စာရင် မကောင်းတဲ့နည်းနဲ့ အာရုံကိုရယူတာက ပိုကောင်းတယ်ဆိုတဲ့စိတ် ဖြစ်သွားတာပါ။ ဒါကြောင့် ကလေးနဲ့ စကားပြော၊ ဆက်သွယ်ပါ။ ချစ်ခြင်းမေတ္တာတရား လွှမ်းခြုံပါ။
Nutroplex 2
၇။ အင်တာနက်အသုံးကို စောင့်ကြည့်ပါ။
အင်တာနက်ရဲ့တန်ခိုးက မသေးပါဘူး။ ဒါကြောင့် ကလေး ဘယ်ဝက်ဘ်ဆိုဒ်တွေထဲ ဝင်ကြည့်နေတယ်၊ ဘယ်သူတွေနဲ့ ပြောနေတယ်ဆိုတာကို သိနိုင်မယ့်ပရိုဂရမ်တွေ ထည့်ထားပါ။
၈။ ကလေးတစ်ယောက် ရလာတဲ့အခါ ဘဝကြီးက ပြောင်းလဲသွားပါတယ်။
ရုံးပိတ်ရက် အိပ်ရာထဲနှပ်နေရမယ့်အစား ကလေးရဲ့အားကစားပြိုင်ပွဲကို လိုက်ရတာမျိုးပေါ့။ မေမေဖေဖေတို့အတွက် နှစ်ယောက်တည်းအချိန်ဖြုန်းဖို့ အရေးကြီးကြောင်းကိုလည်း သတိရပါ။
၉။ မိဘက စံပြအနေနဲ့နေပါ။
ကလေးလေးတွေဟာ မိဘလူကြီးတွေကိုကြည့်ပြီး လိုက်အတုခိုးတတ်တဲ့ မိတ္တူကူးစက်ကလေးတွေပါ။ ဒါကြောင့် မိဘတွေကိုယ်နှိုက်က မကောင်းတဲ့အပြုအမူတွေလုပ်နေရင် ကလေးတွေလည်း လိုက်လုပ်မှာပါပဲ။ ဒါကြောင့် အမြဲကိုယ့်ဟာကိုယ် ပြန်စမ်းစစ်ကြည့်ပါ။
၁၀။ ကလေးကို ဘယ်တော့မှ လက်မလျှော့လိုက်ပါနဲ့။
ကလေးရဲ့ပြဿနာတွေအားလုံးဟာ စိတ်ရှည်ရှည်နဲ့ မေတ္တာထားပြီး ဖြေရှင်းရင် ကောင်းသွားတာပါပဲ။ မိဘအုပ်ထိန်းမှုကောင်းရင် ဘယ်လောက်ဆိုးတဲ့ကလေးပဲဖြစ်ဖြစ် ကောင်းကောင်းမွန်မွန် ကြီးပြင်းသွားကြတာပါပဲ။
ကိုယ့်ကလေးလေး ဘယ်လိုကြီးပြင်းလာမယ်၊ ကိုယ့်ရဲ့ပျိုးထောင်မှုက ဘယ်လိုသက်ရောက်မှုတွေရှိမယ် ရင်ခုန်ရတာဟာ မိသားစုတစ်စု ပျိုးထောင်ရခြင်းရဲ့ အနှစ်သာရပါပဲ။ ကိုယ်တတ်နိုင်သလောက် အကုန်လုပ်ပေးပြီး စိတ်ကို အေးအေးချမ်းချမ်းထားပါ။ ကြိုးစားမှုရဲ့ရလဒ်က ပျော်ရွှင်စရာကောင်းမှာပါ။
Dr. Mya Phoo Ngon (www.drmyanmar.com)





























