ကလေးတွေကို မကျွေးသင့်တဲ့အစားအသောက်များ
ကလေးတွေဟာ အသက်အလွန်ငယ်ရွယ်စဉ်ကတည်းက အချိုအလွန်အစားများပါတယ်။ ဒီလိုစားသောက်ခြင်းဖြင့် ပုံမှန်အစားအစာတွေကို တော်ရုံခံတွင်းမတွေ့ကြတော့ပါဘူး။
ဒီဆောင်းပါးမှာကလေးတွေစားသင့်တဲ့ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာတွေအပြင် ကျန်းမာရေးနဲ့ ညီညွတ်တယ်ထင်ရပေမယ့်လည်း လုံးဝမစားသင့်တဲ့အစားအသောက်တွေကို ဖေ်ာပြသွားပါမယ်။
၁။အသီးဖျော်ရည်
အသီးဖျော်ရည်တွေဟာ ကလေးအရွယ်မရွေးကြိုက်တဲ့ အရာတွေဖြစ်ပေမယ့် အသီးဖျော်ရည်တစ်ဖန်ခွက်မှာ သကြားလက်ဖက်ရည်ဇွန်း၅-၆ဇွန်းလောက်ပါဝင်ပါတယ်။ ဒီသကြားတွေဟာ သွေးထဲကိုလျင်မြန်စွာ ဝင်ရောက်သွားပြီး ကစီဓာတ်ဇီဝကမ္မဖြစ်စဉ်ကို ဒုက္ခပေးနိုင်ပါတယ်။ ဒါကြောင့် အသီးစစ်စစ်ကိုသာ ကျွေးပါ။ အသီးမှာပါတဲ့အမျှင်ဓာတ်ကြောင့် အသီးအချိုရည်ကို ဖြည်းဖြည်းသာစုပ်ယူစေပါတယ်။ အသီးကိုလတ်လတ်ဆတ်ဆတ်ညှစ်သောက်နိုင်သလို နို့နဲ့ရောဖျော်သောက်နိုင်ပါတယ်။
Ceelin Plus 1

၂။ ဒိန်ချဉ်
ကလေးတွေစားဖို့ ဒိန်ချဉ်ရွေးတဲ့အခါ အရင်ဆုံးပါဝင်ပစ္စည်းတွေကို ကြည့်သင့်ပါတယ်။ ရေခဲသေတ္တာထဲမထည့်ထားဘဲ အပြင်မှာထားထားတဲ့ ဒိန်ချဉ်ဘူးတွေကို မဝယ်ပါနဲ့။ အချိုထည့်ထားတဲ့ဒိန်ချဉ်မဝယ်ဘဲ ရိုးရိုးသဘာဝဒိန်ချဉ်ကိုသာ ဝယ်ပါ။ အသီးဒိန်ချဉ်တွေမှာ သကြား၊ အဆီ၊ ကယ်လိုရီတွေအများကြီးပါဝင်တဲ့အတွက် အဝလွန်ခြင်း၊ ဆီးချိုဖြစ်နှုန်းများခြင်းတို့ ဖြစ်နိုင်ပါတယ်။
၃။ မနက်စာCereal
ပြောင်းစတဲ့Cerealအချပ်လေးတွေ၊ muesliလို့ခေါ်တဲ့ နှံပြောင်း၊အသီးခြောက်၊အစေ့အဆံတွေပေါင်းထားတဲ့ မနက်စာစတဲ့ မနက်စာcerealတွေဟာ ကြော်ငြာတွေမှာတော့ ကျန်းမာရေးနဲ့အလွန်ညီညွတ်တယ်လို့ ထင်ရပေမယ့် တကယ်တေ့ာ သကြားတွေအများကြီးပါဝင်ပါတယ်။ ပြုပြင်ပြောင်းလဲလိုက်တဲ့အခါ ပါဝင်တဲ့ပြောင်းတွေနှံတွေမှာ တကယ်အရေးပါတဲ့ အစိတ်အပိုင်းတွေအကုန်ဖယ်ရှားခံရပြီး နောက်ဆုံးကစီဓာတ်သာကျန်ခဲ့ပါတယ်။ ဒီမနက်စာကိုစားခြင်းဖြင့် ဗိုက်ပြည့်ဖို့ခက်တဲ့အတွက် ကလေးဟာခဏလေးနဲ့ ဗိုက်ပြန်ဆာလာနိုင်ပါတယ်။ အကောင်းဆုံးက အုတ်ဂျုံကို စားချင်စဖွယ်ဖြစ်အောင် အသီးတွေ၊ အစေ့အဆံတွေရောစပ်ပြီး ကျွေးသင့်ပါတယ်။
၄။ ပျားရည်
အသက် ၁ နှစ်အောက်ကလေးတွေကို ပျားရည်မကျွေးသင့်ပါဘူး။ ဓာတ်မတည့်တာမျိုး ဖြစ်တတ်တဲ့အပြင် ပျားရည်မှာပါတဲ့ဘတ်တီးရီးယားပိုး တစ်မျိုးကြောင့် botulismဆိုတဲ့ အကြောသေရောဂါတစ်မျိုး ဖြစ်နိုင်ပါတယ်။
Ceelin Plus 2

၅။ စပျစ်သီး
စပျစ်သီးမှာ ကလေးတွေအတွက် အထူးကောင်းမွန်တဲ့ ဗီတာမင်နဲ့သတ္တုဓာတ်တွေ ပါဝင်ပေမယ့် စပျစ်သီးအလုံးတွေဟာ အလုံးကြီးပြီး ချော်တတ်တဲ့အတွက် မတော်တဆကလေးပါးစပ်ထဲအလုံးလိုက်ဝင်သွားပြီး အသက်ရှူ လမ်းကြောင်းသွားပိတ်တတ်ပါတယ်။ ဒါ့အပြင် ကလေးရဲ့အစာခြေစနစ်မှာ ခြေဖျက်ဖို့ခက်ခဲနိုင်ပါတယ်။
ဒါကြောင့် ၂နှစ်အောက်ကလေးေတွမှာ စပျစ်သီးအစား ငှက်ပျောသီးကျွေးကြည့်ပါ။
၆။ ဗီတာမင်ဓာတ်အားဆေးများ
ဗီတာမင်အားဆေးတွေဟာ နည်းနည်းပြောရခက်တဲ့ ခေါင်းစဉ်တစ်ခုဖြစ်ပါတယ်။ မိဘတွေဟာ ဗီတာမင်အားဆေးတွေကို ဆရာဝန်နဲ့မတိုင်မင်ဘဲ ကိုယ့်သဘောနဲ့ကိုယ် တိုက်လေ့ရှိကြပါတယ်။ အရုပ်ကလေးတွေဘယ်လိုလှလှ၊ အရောင်အနံ့ဘယ်လိုမွှေးမွှေး ဗီတာမင်တွေမှာလည်း သူ့ဆိုကျိုးနဲ့သူရှိနိုင်တာကြောင့် မတိုက်ခင် ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။
တကယ်တော့ ကလေးတွေအတွက် လိုအပ်တဲ့ဗီတာမင်တွေကို အစားအသောက်ကပဲ ရရှိသင့်ပါတယ်။ အားဆေးသောက်စရာ မလိုအပ်ပါဘူး။
၇။ မစ်ရှိတ် Milk shake
မိဘတွေကို ဆိုဒါနဲ့မစ်ရှိတ်ဘာတိုက်မလဲဆိုရင် မစ်ရှိတ်လို့ပဲ မဆိုင်းမတွ ဖြေကြမှာပါ။ တကယ်တော့ မစ်ရှိတ်မှာလည်း အဆီနဲ့သကြားတွေအများကြီးပါတာကြောင့် ဆိုဒါလိုပဲ ကြောက်ရပါတယ်။
နောက်ဆုံးလေ့လာမှုမှာ ဒီလိုအဆီများတဲ့အရည်တွေ ပုံမှန်သောက်နေပါက နှလုံးနဲ့သွေးကြောရောဂါတွေဖြစ်လာနိုင်တယ်လို့ တွေ့ရပါတယ်။ ကလေးမဆိုထားနဲ့၊ လူကြီးတွေမှာတောင် ကြောက်ရပါတယ်။
ကလေးတွေကို အချိုလုံးဝမစားနဲ့လို့ ထိန်းချုပ်လို့ မရနိုင်ပါဘူး။ အရေးကြီးတာက အချိုတွေဟာ သရေစာတွေ၊ တကယ်စားသင့်တဲ့အစားအစာတွေစားပြီးမှ စားသင့်တဲ့အရာလို့ သွန်သင်ရမှာပါ။ ဒီလို ကလေးဘဝကတည်းက ကျန်းမာရေးနဲ့ ညီညွတ်စွာစားတတ်အောင် လေ့ကျင့်ထားတဲ့ကလေးတစ်ယောက်ဟာ ကြီးလာတဲ့အခါမှာလည်းကျန်းမာစွာနေတတ်သွားပါလိမ့်မယ်။
Dr. Emerald (www.drmyanmar.com)
(Unicode)
Dr. Emerald (www.drmyanmar.com)




























