ကလေးတွေကို အားဖြည့်အချိုရည်တွေ တိုက်သင့်သလား
အားဖြည့်အချိုရည်တွေဟာ အရောင်ကလည်းလှ၊ အရသာကလည်းကောင်းဆိုတော့ ကလေးတို့အသည်းစွဲ ဖြစ်နေတတ်ပါတယ်။ မိဘတွေအနေနဲ့ကရော ကလေးတွေ နုံးခွေနေရင် လန်းဆန်းအောင်ဆိုပြီး၊ ကလေးသောက်ချင်တာကို မငြင်းရက်လို့ဆိုပြီး အားဖြည့်အချိုရည်တွေ တိုက်လေ့ရှိသလား။ လုပ်လေ့ရှိရင်တော့ ဒီနေ့ကစပြီး ဆင်ခြင်လိုက်ကြရအောင်နော်။
အားဖြည့်အချိုရည်တွေဟာ ကလေးကို ဘယ်လိုမျိုး အန္တရာယ်ဖြစ်စေနိုင်တယ်ဆိုတာ ဖေဖေမေမေတို့သိရအောင် ပြောပြပေးချင်ပါတယ်။
Ceelin 1

အားဖြည့်အချိုရည်ဆိုတဲ့ နာမည်အတိုင်း မြန်မြန်ဆန်ဆန် အားအင်ပြန်ပြည့်အောင် စိတ်ခံစားချက်ကို တက်ကြွစေတဲ့ဓာတ်တွေ အများကြီး ပါဝင်နေပါတယ်။ အဓိကပါတာတော့ ကဖင်းဓာတ်ပေါ့။ ဒါတွေဟာ စိတ်ကို ခဏတာပဲ တက်ကြွစေမှာဖြစ်ပြီး တကယ်လိုအပ်တဲ့ စွမ်းအင်ကိုတော့ ပေးစွမ်းနိုင်မှာ မဟုတ်ပါဘူး။
ဒါ့အပြင် ကဖင်းပမာဏများသွားရင် ကလေးတွေမှာ အိပ်ရေးပျက်ခြင်း၊ စိုးရိမ်မှုများခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ စိတ်အပြောင်းအလဲမြန်ခြင်း၊ သွေးပေါင်တက်ခြင်း၊ နှလုံးခုန်မမှန်ခြင်း၊ တက်ခြင်း အစရှိတဲ့ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ရေရှည်စွဲသောက်မယ်ဆိုရင်တော့ ဦးနှောက်ကျန်းမာရေး၊ နှလုံးသွေးကြောကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။
ကလေးကို တောက်လျှောက်တိုက်လာပြီးမှ မတိုက်တော့ဘူးဆိုပြီး ရုတ်တရက် ဖျက်ချလိုက်ရင်လည်း ကလေးအနေနဲ့ နုံးခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားနာကျင်ကိုက်ခဲခြင်း၊ စိတ်မလိုမကျခြင်း၊ အာရုံစိုက်ဖို့ခက်ခဲခြင်း အစရှိတဲ့ ကဖင်းစွဲတဲ့လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။
Ceelin 2

ဒါကြောင့်ပဲ ကလေးတွေကို ကဖင်းပါဝင်တဲ့ အားဖြည့်အချိုရည်တွေ မတိုက်ဖို့ကို အကြံပြုပါရစေ။ ကလေးအထူးကုပညာရှင်တွေကတော့ အသက် (၁၂) နှစ်အောက်ဆိုရင် ကဖင်းလုံးဝမတိုက်ဖို့နဲ့၊ အသက် (၁၂) နှစ်နဲ့အထက်ကိုတော့ တစ်နေ့ကို ကဖင်း (၁၀၀) မီလီဂရမ် မကျော်ဖို့ကို အကြံပြုထားပါတယ်။
ဒါကြောင့် ဖေဖေမေမေတို့အနေနဲ့ ကလေးတွေအားမရှိဘူးလို့ထင်ရင် အားဖြည့်အချိုရည်တိုက်မယ့်အစား လှုပ်လှုပ်ရှားရှား နေခိုင်းပါ။ အိပ်ရေးဝဝ အိပ်စက်အနားယူစေပါ။ အာဟာရစုံလင်စွာ ကျွေးပေးပါ။ ရေများများတိုက်ပါ။ ဗီတာမင်နဲ့သတ္တုဓာတ်တွေပါဝင်တဲ့ ဖြည့်စွက်အားဆေးတွေကို လည်း တိုက်ကျွေးနိုင်ပါတယ်။
Dr. Aye Hsu Mon (www.drmyanmar.com)