/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးတွေနေမကောင်းရင်ကျောင်းလွှတ်သင့်ပါသလား

ကလေးတွေနေမကောင်းရင်ကျောင်းလွှတ်သင့်ပါသလား

Category
ကလေးများနှင့်ကျန်းမာရေး

         မိဘတွေအနေနဲ့ ကလေးတွေနေမကောင်းတဲ့အခါ ကျောင်းလွှတ်သင့်မသင့်ဆိုတာကို ဝေခဲရ ခက်တတ်ပါတယ်။ နေမကောင်းဖြစ်တိုင်းတော့ ကျောင်းမပို့ဘဲနေစရာမလိုပါဘူး။ ဘယ်လိုအခြေအနေမျိုးဆိုရင် ကျောင်းမလွှတ်ဘဲအိမ်မှာပဲနားခိုင်းမလားဆိုတဲ့ အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ကလေးကိုကျောင်းပို့သင့်မသင့်ဆုံးဖြတ်တဲ့နေရာမှာ မိဘတွေအနေနဲ့အောက်ပါအချက်တွေကိုထည့်သွင်းစဉ်းစားသင့်ပါတယ်။

- ကလေးကကျောင်းမှာနေ့စဉ်လှုပ်ရှားမှုလေးတွေကိုလိုက်လုပ်နိုင်ပါ့မလားတွေးပါ။ မလုပ်နိုင်ဘူးထင်ရင် အိမ်မှာပဲနားပါစေ။

- နေမကောင်းတာက ကိုယ့်ကလေးကနေအခြားသူတွေကို ကူးနိုင်သလား၊ ကူးနိုင်တယ်ဆိုရင် အိမ်မှာပဲထားပါ။

- ကိုယ်သာဆိုရင်ရော ဒီလိုအခြေအနေမှာအလုပ်နားမှာလား။ ဒါဆိုရင်တော့ ကလေးကိုအိမ်မှာပဲနားနေပါစေ။

အောက်ပါအခြေအနေတွေကြောင့်ကလေးနေမကောင်းဖြစ်တတ်ပါတယ်။

- အအေးမိ၊ချောင်းဆိုးခြင်း - သာမာန်အအေးမိချောင်းဆိုးတာလောက်က ကျောင်းတက်လို့ရပါတယ်။ ဒါပေမယ့်အအေးမိတာအပြင် ကိုယ်တွေအရမ်းပူပြီး ချမ်းတုန်လာတယ်၊ မလန်းဘူးဆိုရင်တော့ ကျောင်းမလွှတ်ဘဲ ဆရာဝန်နဲ့သေချာပြပါ။ ကလေးနေကောင်းပြီး ၂၄ နာရီကြာမှ ကျောင်းပြန်လွှတ်ပါ။ ဒါ့အပြင် ကလေးချောင်းဆိုးတာပိုဆိုးလာပြီး ရက်ရှည်လာတယ်ဆိုရင်လည်းဆရာဝန်နဲ့သေချာတိုင်ပင်ပါ။ ဆရာဝန်က ကျောင်းလွှတ်သင့်မလွှတ်သင့်အကြံပေးပါလိမ့်မယ်။

- ကိုယ်ပူခြင်း - ကလေးကိုယ်ပူနေတယ်ဆိုရင်ကျောင်းမလွှတ်သင့်ပါဘူး။ နေပြန်ကောင်းပြီး ၂၄ နာရီလောက်ကြာမှကျောင်းပြန်လွှတ်ပါ။

- အနီစက်များထွက်ခြင်း - ခန္ဓာကိုယ်ပေါ်မှာအနီစက်တွေအကွက်တွေထွက်ခြင်းက ရေကျောက်၊ ဝက်သက်စတဲ့ ကူးစက်ရောဂါတွေရဲ့ ရှေးဦးလက္ခဏာတွေဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကလေးကိုယ်ပေါ်မှာ အစက်အကွက်တွေထွက်လာရင် ကျောင်းမလွှတ်ခင်မှာ ဆရာဝန်နဲ့သေချာဆွေးနွေးပါ။

- ခေါင်းကိုက်ခြင်း - နည်းနည်းပါးပါးခေါင်းမူးတာလောက်နဲ့တော့ ကျောင်းမလွှတ်ဘဲနေစရာမလိုပါဘူး။ ဒီလိုမဟုတ်ဘဲ ခေါင်းကိုက်တာက ပိုဆိုးလာပြီး ကလေးက ကိုယ်ပူလာပြီးမလန်းဘူးဆိုရင်တော့ ဆရာဝန်ပြပြီးအိမ်မှာပဲနားနေပါစေ။

- ဝမ်းပျက်ဝမ်းလျှောခြင်း၊ အော့အန်ခြင်း - ကလေးဝမ်းပျက်ဝမ်းလျှောပြီးအန်တယ်ဆိုရင်တော့ ဒီလက္ခဏာတွေပျောက်ပြီး ၄၈ နာရီကြာအထိ အိ်မ်မှာပဲနားနေပါစေ။ အများအားဖြင့် ဝမ်းပျက်ဝမ်းလျှောနဲ့အန်တာက ကုသမှုခံယူစရာမလိုဘဲ သူ့အလိုလိုပြန်ပျောက်တတ်ပေမယ့် ဒီလိုမဟုတ်ဘဲ လက္ခဏာတွေကြာရှည်နေတယ်ဆိုရင် ဆရာဝန်နဲ့သေချာပြပါ။

- လည်ချောင်းနာခြင်း - လည်ချောင်းနာရုံလောက်နဲ့တော့ ကျောင်းမလွှတ်စရာမလိုပေမယ့် ကိုယ်ပါပူလာတယ်ဆိုရင်တော့ အိမ်မှာပဲထားပါ။

- ရေကျောက် - ကလေးမှာရေကျောက်ပေါက်တယ်ဆိုရင် ရေကျောက်မပျောက်မချင်းကျောင်းမလွှတ်ပါနဲ့ဦး။

Dr. Mya Myo Myo Swe (www.drmyanmar.com)