/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးတွေနဲ့-အပြင်သွားတဲ့အခါ

ကလေးတွေနဲ့ အပြင်သွားတဲ့အခါ ...

Category
ကလေးများနှင့်ကျန်းမာရေး

>>    ကလေးတွေကို အပြင်ခေါ်သွားဖို့ ဝန်မလေးပါနဲ့။

          အနည်းငယ် ခက်ခဲပြီး ပင်ပန်းရပေမယ့့် နည်းလမ်းကောင်းတွေကို လိုက်နာပြီး လုပ်ဆောင်နိုင်မယ်ဆိုရင် ကလေးကို လူကြားထဲ ဘယ်လိုပြုမူ နေထိုင်ရမယ်ဆိုတာတောင် သင်ကြားပေးနိုင်ပါသေးတယ်။

          ဒီလို ကာကွယ်ရေးနည်းလမ်းကောင်းတွေက အခြားလူများရဲ့ မျက်မှောင်ကျုံ့အကြည့်တွေ၊ ညည်းညူသံတွေကို ရှောင်ရှားပေးနိုင်ပါတယ်။ (စကားချပ် : ညည်းညူ ဆူပူနေသူများရဲ့ ညည်းသံကို မြင်းညည်းသံလို့ စိတ်ထဲတွေးကြည့်လိုက်ရင် စိတ်တိုတာတွေပြေပြီး ရယ်မောစေပါလိမ့်မယ်။)

 

1.      ကလေးကို အကျင့်ဖြစ်အောင် လုပ်ပါ။

          ကလေးတွေကို ခပ်ငယ်ငယ်ကတည်းက လူကြားထဲ သွားတာ၊ လာတာ အကျင့်လုပ်ထားသင့်ပါတယ်။

 

2.      ကလေးပစ္စည်းပစ္စယတွေ အကုန်ထည့်ခဲ့ပါ။

          ပုံဆွဲစာအုပ်တွေ၊ ခဲတံတွေ၊ ကာတွန်းစာအုပ်တွေနဲ့ အရုပ်လေးတွေကို တစ်ပါတည်း ယူလာသင့်ပါတယ်။ ဒါတွေနဲ့ ဆေ့ာကစားရင်း ကျယ်လောင်အော်ဟစ်နေတာမျိုး မဖြစ်ရလေအောင်လည်း သတိပြုသင့်ပါတယ်။

 

3.      ကလေးတွေအတွက် သင့်တော်မယ့်နေရာမျိုးကို ရွေးသွားသင့်ပါတယ်။

          ကလေးကစားကွင်း (သို့မဟုတ်) ဆော့စရာနေရာရှိတဲ့ စားသောက်ဆိုင်မျိုးကို ရွေးချယ်စားသုံးသင့်ပါတယ်။ ကလေးတွေအတွက် ပျော်စရာအစီအစဉ်တွေပါ,ပါတဲ့ အခမ်းအနားမျိုးကို ရွေးချယ်တတ်သင့်ပါတယ်။

 

4.      အချိန်မှန် အချိန်ခါ ရွေးပါ။

          ညစာ သွားစားတဲ့အခါ စောစောသွားပါ။ ပွဲတက်ရတဲ့အခါ ကလေးကြိုက်အစီအစဉ်တွေ ပွဲတွေပြတုန်း အရောက်သွားပါ။ ညမှောင်လာပြီး ကလေးတွေ မနေချင်တော့တဲ့အခါ ပြန်ပါ။

 

5.      ကလေးတွေကို ဗိုက်ပြည့်ပြီး ငြိမ်နေအောင်ထားပါ။

          အပြင်သွားတဲ့အခါ ကလေးတွေအတွက် မုန့်တွေ ထည့်လာဖို့ မမေ့ပါနဲ့။ အပြင်ထွက်စားကြတဲ့အခါ 5 မိနစ်လောက် အချိန်ယူပြီး တစ်ခါတည်းအကုန်မှာပါ။ ဘာမှမလုပ်ခင် ကလေးတွေကို အရင်နေရာချပေးပါ။ ကလေးကစားစရာအရုပ်တွေ အကုန်ထုတ်ပေးထားပါ။ ဘယ်နေရာမှာ ရောက်နေတယ်၊ ဘယ်လိုနေရမယ် ဆိုတာတွေကို အကုန်သေချာ ရှင်းပြပါ။

          ကစားဖို့ ပေးထားတဲ့နေရာကို ညွှန်ပြပြီး လိမ်လိမ်မာမာ ဆော့ကစားစေပါ။ ရေတစ်ခွက်လောက်တိုက်ပြီး ကလေးကို လိုအပ်တာတွေ အကုန်ပြည့်စုံပြီဆိုမှ ထိုင်ပြီး အနားယူပါ။

 

6.      ကလေး စားချင်တာကို သူတို့ဘာသာ မှာစေပါ။

          ကလေးတွေဟာ သူတို့ဟာ သူတို့ လုပ်ကိုင်ရတာကို နှစ်သက်တတ်ကြပါတယ်။ ဒါကြောင့် သူတို့ စားချင်တာ ကိုယ်တိုင်မှာခိုင်းပြီး ယဉ်ယဉ်ကျေးကျေး တောင်းဆိုတတ်အောင်၊ မှာပြီးချိန်မှာလည်း ကျေးဇူးတင်စကား ပြောဆိုတတ်အောင် သင်ပေးနိုင်ပါတယ်။

 

7.      လူအများကြား အပြုအမူ အလေ့အကျင့်ကောင်းများ သင်ကြားပေးပါ။

          လူအများကြား ဘယ်လိုပြုမူနေထိုင်ရမယ် ဆိုတာကို သေချာပေါက် ဆိုဆုံးမသင့်ပါတယ်။

 

8.      ကလေး အိပ်ချင်လာတဲ့အခါ ကလေးတွန်းလှည်းထဲဖြစ်စေ၊ ခုံပေါ်မှာဖြစ်စေ၊ ကြမ်းပြင်ပေါ်မှာဖြစ်စေ အိပ်ပါစေ။

 

9.      ကလေးကို တိတ်ဆိတ်တဲ့နေရာကို ခေါ်သွားပါ။

          လူကြားသူကြားမှာ ကလေး စတင်ငိုယို သောင်းကြမ်းလာပြီ ဆိုရင်တော့ ကလေးကို တိတ်ဆိတ်ငြိမ်သတ်တဲ့ သစ်ပင်အောက်လို တစ်နေရာရာ ခေါ်သွားပြီး ငြိမ်သည်အထိ စောင့်သင့်ပါတယ်။

 

10.    အကယ်၍ အပေါ်ကနည်းလမ်းအားလုံး လုပ်လို့ မအောင်မြင်ဘူး ဆိုရင်တော့ iPad တို့၊ ဖုန်းတို့ကိုသာ ပေးထားလိုက်ပါ။

 

11.    ဒါတောင်မှ မငြိမ်သေးဘူး ဆိုရင်တော့ အထုပ်ပြင် အိမ်ပြန်ဖို့သာ ပြင်ပါတော့။ ဒါဟာ စိတ်ရှုပ်စရာ မဟုတ်ပါဘူး။ ဖြစ်လေ့ဖြစ်ထရှိတဲ့ကိစ္စ ဖြစ်ပါတယ်။

 Dr. Mya Phoo Ngon (www.drmyanmar.com)