ကလေးတွေမှာဖြစ်တတ်တဲ့ အဖျားကြီးပြီးတက်ခြင်း
ကလေးတွေမှာ တွေ့ရလေ့ရှိတဲ့ အဖျားကြီးပြီးတက်တာဟာ ဦးနှောက်နဲ့အာရုံကြောဆိုင်ရာ ရောဂါအခံမရှိဘဲနဲ့လည်း ဖြစ်နိုင်ပါတယ်။ ကလေးငယ်လေးတွေမှာ ဖြစ်လေ့ရှိပြီး ဒီလိုကြုံလာတဲ့အခါ မေမေတို့အနေနဲ့ ထိတ်လန့်သွားတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ကံကောင်းတာတစ်ခုက ဒီလိုမျိုးဖျားပြီးတက်တာတွေဟာ များသောအားဖြင့် အန္တရာယ်မရှိတတ်လို့ သိပ်လည်း စိတ်မပူကြပါနဲ့လို့ ပြောချင်ပါတယ်။
>> အဖျားကြီးပြီးတက်ရင် ဘယ်လိုလက္ခဏာတွေ ရှိနိုင်သလဲ?
ဖျားပြီး ၂၄ နာရီအတွင်းမှာ ကလေးတွေဟာ တက်တတ်ကြပါတယ်။ တက်နေတဲ့အချိန်မှာ အဖျားတိုင်းလိုက်ရင် ကိုယ်အပူချိန် 100.4°C ကျော်နေတာ၊ အသိစိတ်မရှိဘဲ တစ်ကိုယ်လုံး တဆတ်ဆတ်တုန်နေတာ၊ တစ်ခါတလေကျတော့ ခြေ၊ လက် တစ်ဖက်တည်းကွက်ပြီး တောင့်တင်းနေတာ (သို့) တုန်နေတာမျိုး တွေ့ရတတ်ပါတယ်။
Biogesic for kids IA 1

>> ဘယ်လိုကလေးတွေမှာ ပိုဖြစ်နိုင်သလဲ?
အဖျားကြီးပြီးတက်တာဟာ အသက်ခြောက်လနဲ့ ငါးနှစ်ကြား ကလေးတွေမှာ ဖြစ်လေ့ရှိပြီး (၁၂) လ ကနေ (၁၈) လအရွယ်လေးတွေမှာ အများဆုံး ဖြစ်လေ့ရှိကြပါတယ်။ မိသားစုမျိုးရိုးထဲမှာ ဒီလိုဖြစ်ဖူးတဲ့သူရှိရင် ကလေးဆီမှာလည်း ဖြစ်နိုင်ချေ များပါတယ်။
>> ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသင့်သလဲ?
အချိန်အားဖြင့် စက္ကန့်ပိုင်းကနေ (၁၅) မိနစ်အတွင်း ကြာတတ်ပြီး (၂၄) နာရီအတွင်းမှာ နောက်တစ်ကြိမ်ထပ်ဖြစ်တယ်ဆိုတာ ရှားပါတယ်။ အများစုဟာ စိုးရိမ်ဖို့မလိုပေမယ့်
● ပထမဆုံးအကြိမ်ဖြစ်ရင်
● တက်တာ (၅) မိနစ်ထက် ပိုကြာရင်
● အန်ရင်
● ဇက်ခိုင်နေရင်
● အသက်ရှူခက်ရင်
● မှိန်းလွန်းရင်တော့ ဆရာဝန်နဲ့ ပြသပေးဖို့ လိုအပ်ပါတယ်။
Biogesic for kids IA 2

>> ဖျားနေချိန်မှာ မတက်အောင် ဘယ်လိုကာကွယ်ရမလဲ?
ကလေးတွေ ဖျားတဲ့အခါ မတက်အောင်လို့ အဖျားချပေးပြီး သက်သောင့်သက်သာရှိအောင် ပြုလုပ်ပေးခြင်းဖြင့် ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ဖျားနေချိန်မှာ ရေပတ်တိုက်ပေးပါ။ ပါရာစီတမောပါဝင်တဲ့ အဖျားကျဆေး တိုက်ပေးပါ။
ဖျားလို့တက်တိုင်း အတက်ရောဂါရှိနေတာ မဟုတ်ပါဘူးနော်။ အတက်ရောဂါဟာ နာတာရှည်ရောဂါဖြစ်ပြီး အဖျားကြီးပြီးတက်တာကတော့ ကလေး အသက်ကြီးလာတဲ့အခါ သက်သာပျောက်ကင်းသွားမှာပါ။ ဒါကြောင့် မေမေတို့အနေနဲ့ အရမ်းမစိုးရိမ်ကြဘဲ ကလေးတက်နေချိန်မှာ ကလေးကို ဘေးကင်းအောင်ထားဖို့၊ အတက်ကျသွားချိန်မှာ သက်သောင့်သက်သာရှိအောင် လုပ်ပေးဖို့ကိုပဲ အာရုံစိုက်သင့်ပါတယ်။
Dr. Aye Hsu Mon (www.drmyanmar.com)