/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးတွေမှာ-ကိုဗစ်-မကူးစက်နိုင်အောင်-ဘယ်လိုကာကွယ်ကြမလဲ

ကလေးတွေမှာ ကိုဗစ် မကူးစက်နိုင်အောင် ဘယ်လိုကာကွယ်ကြမလဲ

Category
ကလေးများနှင့်ကျန်းမာရေး

ကိုယ်ရဲ့ကလေးကို ကိုဗစ်ကူးစက်မှုကနေ ကာကွယ်ဖို့နဲ့ အကယ်၍ နေမကောင်းဖြစ်ခဲ့ရင်လည်း တခြားသူတွေဆီ မပျံ့နှံ့ဖို့ နည်းလမ်းတွေရှိပါတယ်။ WHO နဲ့ ရောဂါများထိန်းချုပ်မှုစင်တာက လမ်းညွှန်ထားတဲ့အချက်တွေကို ပြောပြပေးပါ့မယ်နော်။

●  လက်ကို သန့်ရှင်းအောင်ထားပါ။
လက်ကို ရေနှင့်ဆပ်ပြာနဲ့ အနည်းဆုံး စက္ကန့်နှစ်ဆယ်ဆေးရပါမယ်။ ဆပ်ပြာမရှိခဲ့ရင်တော့ အယ်လ်ကိုဟောပမာဏ အနည်းဆုံး ၆၀ ရာခိုင်နှုန်းပါဝင်တဲ့ လက်ဆေးရည်ကို အသုံးပြုသင့်ပါတယ်။ ချောင်းဆိုးနှာစေးတဲ့အခါမှာလည်း တံတောင်ဆစ် (သို့) တစ်ရှူးကို အသုံးပြုရပါမယ်။ အသုံးပြုပြီးသားတစ်ရှူးတွေကိုလည်း စနစ်တကျ စွန့်ပစ်ပြီး လက်ကိုဆေးရမှာ ဖြစ်ပါတယ်။ မျက်လုံး၊ နှာခေါင်းနဲ့ ပါးစပ်တွေကို ပွတ်သပ်ခြင်းကိုလည်း ရှောင်ကြဉ်ရပါမယ်။ အပြင်ကပြန်လာတဲ့အခါ၊ အိမ်သာအသုံးပြုပြီးတဲ့အခါ၊ အစားမစားခင်နဲ့ စားပြီးတဲ့အခါတွေမှာ ကလေးတွေကို လက်ဆေးတတ်အောင် လေ့ကျင့်ထားပေးရပါမယ်။ ပြီးတော့ ကလေးတွေကို လက်ဆေးတဲ့အခါ လက်ကလေးတွေကိုပွတ်ပြီး ဆပ်ပြာပူဖောင်းလေးတွေ ထွက်လာအောင်လုပ်နည်းနဲ့ ဆပ်ပြာတိုက်တဲ့အခါ လက်ချောင်းကြားတွေ၊ လက်မကြားနဲ့ လက်ရဲ့နေရာအားလုံးကို တိုက်တတ်အောင် ပြသပေးရပါမယ်။ လက်ဆေးနေတဲ့အချိန်မှာလည်း ကလေးတွေကို  ဟတ်ပီးဘတ်ဒေးသီချင်း အစအဆုံး နှစ်ခေါက်လောက်ကို စက္ကန့်နှစ်ဆယ်ကြာအောင် ဆိုခိုင်းပြီး သေချာဆေးခိုင်းသင့်ပါတယ်။

Ceelin Plus 1

●  ခပ်ခွာခွာနေခြင်းကို အလေ့အကျင့်လုပ်ပါ။
နေမကောင်းဖြစ်နေတဲ့ မည်သူနဲ့မဆို အနည်းဆုံး ၆ ပေ (သို့) ၂ မီတာ ကွာနေသင့်ပါတယ်။ အိမ်ထဲကနေ အပြင်ကိုထွက်တာကိုလည်း လျှော့ချသင့်ပါတယ်။ မဖြစ်မနေထွက်ခဲ့ရရင်လည်း ကလေးတွေကို အတတ်နိုင်ဆုံး အိမ်မှာ ထားခဲ့သင့်ပါတယ်။ လက္ခဏာမပြတဲ့သူတွေဆီကလည်း ကူးစက်နိုင်တာကြောင့် ကိုယ့်ကလေးကို တခြားအိမ်က ကလေးနဲ့ အတူတူပေးဆော့တာကို ခွင့်မပြုသင့်ပါဘူး။ တကယ်လို့ အိမ်အပြင်မှာ ထွက်ဆော့ရင်လည်း အခြားသူတွေနဲ့ ၆ ပေကွာအောင် ကိုယ့်ကလေးကို ထားသင့်ပါတယ်။ ၆ ပေဆိုတာ ကလေးတစ်ယောက်အတွက် လူကြီး စက်ဘီးတစ်စီးအမြင့် ဒါမှမဟုတ် တံခါးတစ်ခုအမြင့်လောက် ရှိပါတယ်။ ပြီးတော့ ကိုယ့်ကလေးကို အတူတူမျှဝေရတာပါဝင်တဲ့ ကစားနည်းတွေ၊ အားကစားတွေ ဥပမာ - ဘက်စကက်ဘောကို ကစားဖို့ ခွင့်မပြုသင့်ပါဘူး။ လူကြီးတွေနဲ့ လည်ပတ်ဆက်ဆံတာကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ ကိုယ့်ကလေးကို သူ့ရဲ့သူငယ်ချင်းတွေ၊ ချစ်ရတဲ့သူတွေနဲ့ ဖုန်းပြောတာ၊ ဗီဒီယိုကောလ်ပြောတာတွေကို အားပေးသင့်ပါတယ်။ ကိုယ့်ကလေးပျော်အောင် မိသားစု အတူတူထမင်းစားတာ၊ ညဘက် ဂိမ်းတွေဆော့တာတွေကို ပြုလုပ်ပေးသင့်ပါတယ်။

●  မိမိအိမ်ကို သန့်ရှင်းအောင်၊ ပိုးမွှားကင်းစင်အောင်ထားပါ။
နေ့စဉ် အမြဲထိတွေ့နေရတဲ့အရာတွေဖြစ်တဲ့ စားပွဲခုံတွေ၊ တံခါးလက်ကိုင်တွေ၊ ကုလားထိုင်တွေ၊ မီးခလုတ်တွေ၊ ရီမုတ်တွေ၊ လျှပ်စစ်ပစ္စည်းတွေ၊ လက်ရမ်းတွေ၊ အိမ်သာတွေ စတာတွေကို သန့်ရှင်းအောင် အာရုံစိုက်သင့်ပါတယ်။ ပြီးတော့ အလွယ်တကူ ညစ်ပေလွယ်တဲ့နေရာတွေဖြစ်တဲ့ ကလေးစားပွဲတွေ၊ ကလေးနဲ့ အမြဲထိတွေ့နေတဲ့ အိပ်ရာခင်းတွေ၊ ကစားစရာတွေကိုလည်း သန့်ရှင်းအောင်ထားသင့်ပါတယ်။ ကစားစရာတွေကို ဆပ်ပြာနဲ့ဆေးပြီး အခြောက်ခံထားသင့်ပါတယ်။ လိုအပ်ရင် လိုအပ်သလို ကလေးရဲ့အိပ်ရာခင်းတွေ၊ ကစားစရာတွေကို ဆေးကြောသင့်ပြီး ခြောက်သွေ့အောင် ထားသင့်ပါတယ်။ ကလေးရဲ့အသုံးအဆောင်တွေကို မကိုင်တွယ်ခင်မှာလည်း လက်ကို စင်ကြယ်အောင် ဆေးရပါမယ်။

Ceelin Plus 2

●  Mask တပ်ဆင်ပါ။
ရောဂါများ ကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးစင်တာက လူများနဲ့ထိတွေ့တာကို ရှောင်ရှားဖို့ ခက်တဲ့နေရာတွေမှာ ဥပမာအနေနဲ့ ဈေးဆိုင်တွေကိုသွားတဲ့အခါ Mask ကို တပ်ဆင်သင့်တယ်လို့ ထောက်ခံထားပါတယ်။ အထူးသဖြင့် လူသွားလာများတဲ့နေရာတွေမှာ တပ်သင့်တယ်လို့ အကြံပေးထားပါတယ်။ ဒီလမ်းညွှန်ချက်က ကိုဗစ် ဗိုင်းရပ်စ်ပိုးက လူတွေဆီမှာ ရှိနေမှန်းတောင်မသိလိုက်ဘဲ နောက်ထပ်ကူးစက်နိင်တယ်ဆိုတဲ့ အချက်အလက်တွေအပေါ်မှာ အခြေခံထားပါတယ်။ ကိုယ့်ကလေးက အသက် ၂ နှစ်နှင့်အထက် ကြီးပြီဆိုရင်တော့ အပြင်ကိုသွားတဲ့အခါ Mask ကို တပ်ပေးသင့်ပါတယ်။

●  နောက်ဆုံးအနေနဲ့ပြောချင်တာက -
ကိုဗစ် ဗိုင်းရပ်စ်ကူးစက်မှုကို ကာကွယ်နိုင်မယ့်နည်းလမ်းတွေကို လိုက်နာရတာက အထူးသဖြင့် ကလေးတွေအဖို့ မလွယ်ကူပါဘူး။ စိတ်ရှည်လက်ရှည်နဲ့ မိမိက ဦးဆောင်ပြီး လိုက်နာနေထိုင်ပြသွားရင် ကလေးကလည်း ကိုယ့်နောက်က လိုက်လုပ်မှာ အမှန်အသေအချာပဲလို့ ပြောချင်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)