/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးတွေမှာ-ကိုရိုနာဗိုင်းရပ်စ်ပိုး-ကူးစက်ခံရတဲ့အခါ

ကလေးတွေမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရတဲ့အခါ

Category
ကလေးများနှင့်ကျန်းမာရေး

လူကြီးတွေနည်းတူ ကလေးတွေ အသက်အရွယ်မရွေးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး အကူးစက်ခံရနိုင်ပါတယ်။ ဒါပေမဲ့ ကလေးအများစုမှာတော့ လူကြီးတွေမှာလို ဆိုးရွားတဲ့လက္ခဏာတွေမပြတတ်ဘဲ ဘာလက္ခဏာမှမပြတာမျိုးတောင် ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကလေးတွေမှာ ကိုဗစ်ရောဂါပိုးဖြစ်တဲ့ ကလေးတွေမှာ ဘယ်လိုလက္ခဏာတွေပြတယ်၊ ရောဂါပိုး မကူးစက်ရအောင် ဘယ်လိုကာကွယ်ရမယ်ဆိုတာတွေကို သိထားရပါမယ်နော်။

>>  ကလေးတစ်ယောက်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ဖို့ ဘယ်လောက်ထိ အခွင့်အလမ်းရှိသလဲ?
ကလေးတွေဟာလည်း လူကြီးတွေလိုပဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နိုင်သော်လည်း လူကြီးတွေလောက်တော့ ဖျားနာတာမျိုး မဖြစ်တတ်ပါဘူး။ ကလေးအများစုမှာတော့ ဘာလက္ခဏာမှမပြတာ၊ လက္ခဏာပြလည်း အပျော့စားလေးပဲပြတာ များပါတယ်။
အမေရိကန်ကလေးအထူးကုအကယ်ဒမီနဲ့ ကလေးအထူးကုဆေးရုံအဖွဲ့အစည်းက ထုတ်ပြန်ချက်အရ ကိုဗစ်ရောဂါဖြစ်သူတွေရဲ့ ၉% လောက်ကသာ အမေရိကန်ကလေးတွေ ဖြစ်ပါတယ်တဲ့။ ဆေးရုံတက်ရတဲ့နှုန်းထားကလည်း လူကြီးတွေထက်နည်းပါတယ်။ ရောဂါထိန်းချုပ်ရေးဗဟိုဌာနက ထုတ်ပြန်မှုအရ ကလေးတွေ ဆေးရုံတက်ရရင်တော့ အထူးကြပ်မတ်ကုသဆောင်မှာ ကုသရနှုန်းက လူကြီးတွေနီးပါးလောက်ကို ရှိပါတယ်။
လူကြီးဖြစ်ဖြစ်၊ ကလေးဖြစ်ဖြစ် အဝလွန်တာလိုမျိုး အောက်ခံအကြောင်းရင်းတစ်ခုခုရှိသူတွေမှာတော့ ရောဂါပိုဆိုးတတ်ပါတယ်။ မွေးရာပါနှလုံးရောဂါ၊ မျိုးရိုးဗီဇရောဂါ၊ အာရုံကြောနဲ့ဇီဝကမ္မဖြစ်စဉ်ကို ထိခိုက်တဲ့ရောဂါရှိနေသူကလေးတွေမှာ ကိုဗစ် ပိုဆိုးကြောင်းလည်း တွေ့ရပါတယ်။
လေ့လာမှုတွေအရ စပိန်မျိုးနွယ်လူမည်းနဲ့ စပိန်မျိုးနွယ်မဟုတ်သူ လူမည်းကလေးတွေမှာ စပိန်မျိုးနွယ်မဟုတ်သူ လူဖြူကလေးတွေထက်ကို သိသိသာသာ ဖြစ်နှုန်းများကြောင်းလည်း တွေ့ရပါတယ်။
 ရှားရှားပါးပါး တစ်ခါတလေမှာတော့ တချို့ကလေးတွေမှာ ကိုဗစ်နဲ့နှီးနွယ်တယ်လို့ ယူဆရတဲ့ ပြင်းထန်အခြေအနေတွေ ဖြစ်လာတတ်ပါတယ်။

Ceelin 1

>>  ကလေးတွေက ကိုဗစ်ကို တုံ့ပြန်ပုံ ဘာလို့ကွာခြားရတာလဲ?
အသေအချာတော့ အဖြေရှာမရသေးပါဘူး။ တချို့လေ့လာသူတွေကတော့ ကိုဗစ်မဟုတ်တဲ့ တခြားကိုရိုနာဗိုင်းရပ်စ်ပိုးတွေဟာ ပတ်ဝန်းကျင်မှာရှိနေပြီး ရိုးရိုးအအေးမိတဲ့ရောဂါမျိုးတွေကို ဖြစ်စေနေတယ်လို့ ဆိုပါတယ်။ ကလေးတွေမှာ ဒီလိုမကြာမကြာ အအေးမိတတ်တာမို့ သူတို့ရဲ့ခုခံအားစနစ်ဟာ ကိုဗစ်ကို တစ်ပိုင်းတစ်စ ကာကွယ်ပေးနေလို့ ဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။ နောက် ကလေးတွေရဲ့ခုခံအားစနစ်ရဲ့ ကိုဗစ်ပေါ် တုံ့ပြန်မှုဟာ လူကြီးတွေနဲ့ မတူတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ တချို့လူကြီးတွေမှာ ဆိုးရတာဟာ သူတို့ရဲ့ခုခံအားစနစ်က ဗိုင်းရပ်စ်ကို အလွန်အကျွံ တုံ့ပြန်ပြီး ကိုယ်ခန္ဓာမှာ ထိခိုက်မှုတွေဖြစ်စေလို့ ဖြစ်ပါတယ်။ ကလေးတွေမှာတော့ ဒီလိုဖြစ်တာ နည်းပါတယ်။

>>  ကိုဗစ်ဟာ ကလေးတွေမှာ ဘယ်လိုသက်ရောက်မှုရှိပါသလဲ?
ရှားပေမယ့် အသက် ၂ နှစ်အောက်ကလေးတွေမှာတော့ ကလေးကြီးတွေထက်စာရင် ဗိုင်းရပ်စ်ပိုးဒဏ်ကို ပိုခံရတတ်ပါတယ်။ အဓိကကတော့ သူတို့လေးတွေရဲ့ ခုခံအားစနစ်က ကောင်းကောင်းမဖွံ့ဖြိုးသေးတဲ့အပြင် အသက်ရှူလေလမ်းကြောင်းလေးကလည်း သေးသေးလေးဖြစ်နေတာမို့ အသက်ရှူလမ်းကြောင်းဗိုင်းရပ်စ်ရဲ့ဒဏ်ကို ပိုခံရတတ်ပါတယ်။
မွေးကင်းစကလေးတွေမှာလည်း မွေးနေစဉ်မှာဖြစ်စေ၊ မွေးပြီးကလေးထိန်းသူတွေကနေဖြစ်စေ ကူးစက်နိုင်ပါတယ်။ ဒါကြောင့် မေမေ့မှာ ကိုဗစ် ရှိနေတယ်၊ ပိုး ရှိ/မရှိ စစ်ဆေးထားတယ်ဆိုရင် ကလေးမွေးဖို့ ဆေးရုံတက်နေချိန်မှာ နှာခေါင်းစည်းစည်းထားပြီး ကလေးကိုကိုင်မယ်ဆိုရင်လည်း လက်ကို သေချာဆေးကြောဖို့ လိုအပ်ပါတယ်နော်။ ကလေးပုခက်ကို ခပ်ဝေးဝေးမှာထားတာကတော့ အကောင်းဆုံးပါနော်။ ဒီနည်းလမ်းတွေသာ လိုက်နာမယ်ဆိုရင် ကလေးကို ကူးစက်ဖို့အခွင့်အလမ်း တော်တော်နည်းသွားပါပြီ။ ကလေးမွေးခါနီးမှာ ပိုးကူးစက်ခံရတဲ့မေမေတွေကနေ မွေးတဲ့ကလေးတွေရဲ့ ၂-၅% လောက်မှာသာ ရောဂါပိုး တွေ့ရှိရပါတယ်။ ဒါပေမဲ့ မေမေက ပြင်းပြင်းထန်ထန် ဝေဒနာခံစားနေရတယ်ဆိုရင်တော့ ကလေးနဲ့ ယာယီခွဲထားဖို့ လိုအပ်ပါတယ်။
ရောဂါပိုးရှိနေတဲ့ကလေးတွေ၊ စစ်ဆေးစရာမရှိလို့၊ လက္ခဏာမပြလို့ မစစ်ဆေးရတဲ့ကလေးတွေဟာ အခြေအနေပေါ်မူတည်ပြီး ဆေးရုံက ဆင်းနိုင်ပါတယ်။ ကလေးကိုထိန်းသူတွေကတော့ နှာခေါင်းစည်း သေချာစည်း၊ လက် သေချာဆေးဖို့ လိုအပ်ပါတယ်။ ၁၄ ရက်လောက်တော့ ဆရာဝန်နဲ့ ဖုန်းနဲ့ဖြစ်စေ၊ ဆေးရုံမှာပဲဖြစ်စေ မကြာမကြာ စစ်ဆေးဖို့လိုပါတယ်။

Ceelin 2

>>  ကလေးတွေမှာ လာတတ်တဲ့ရောဂါလက္ခဏာတွေ
လူကြီးနဲ့ကလေး ရောဂါလက္ခဏာတူတယ်ဆိုပေမယ့် ကလေးတွေမှာတော့ လက္ခဏာအပျော့စားပဲဖြစ်ပြီး ရိုးရိုးအအေးမိသလိုပဲ ဖြစ်တတ်ပါတယ်။ ၁ ပတ်၊ ၂ ပတ်လောက်မှာပဲ သက်သာသွားတတ်ပါတယ်။ လက္ခဏာတွေကတော့ -
●  ဖျားခြင်း
●  နှာစေးခြင်း
●  ချောင်းဆိုးခြင်း
●  လည်ချောင်းနာခြင်း
●  အသက်ရှူကြပ်ခြင်း
●  နုံးနေခြင်း
●  ခေါင်းကိုက်ခြင်း
●  ကြွက်သားကိုက်ခဲခြင်း
●  ပျို့အန်ခြင်း
●  ဝမ်းလျှောခြင်း
●  အစားအသောက်ပျက်ခြင်း စတာတွေ ဖြစ်တတ်ပါတယ်။

>>  ကလေးမှာ ဒီလိုလက္ခဏာတွေ ဖြစ်လာတယ်၊ ကိုဗစ် ဖြစ်နေတယ်လို့ ထင်တယ်ဆိုရင် ဆေးရုံသွားပါ။
ရောဂါပိုး ရှိ/မရှိကို နှာခေါင်းဟိုးနောက်ထဲကို အရည်ယူမယ့် တုတ်ချောင်းတံလေးနဲ့ယူပြီး ဓာတ်ခွဲခန်းမှာ စစ်ဆေးမှာပါ။ ချောင်းဆိုးနေရင်လည်း သလိပ်ကို ယူစစ်ဆေးနိုင်ပါတယ်။
ဒါပေမဲ့ ကလေးမှာ ရောဂါလက္ခဏာမပြဘဲ ရောဂါရှိနေတာလည်း ဖြစ်နိုင်တာမို့ ညွှန်ကြားထားတဲ့ ကာကွယ်နည်းလမ်းတွေအားလုံးကို လိုက်နာဖို့လိုပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)