/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးတွေမှာ-ကြုံနေရတဲ့-စိတ်ပိုင်းဆိုင်ရာ

ကလေးတွေမှာ ကြုံနေရတဲ့ စိတ်ပိုင်းဆိုင်ရာ ဖိနှိပ်ချုပ်ချယ်မှုများရဲ့အန္တရာယ်

Category
ကလေးများနှင့်ကျန်းမာရေး

        Physical Abuse လို့ခေါ်တဲ့ ရုပ်ပိုင်းဆိုင်ရာ နှိပ်စက်ညှင်းပန်းခံရတာ အရိုက်အနှက်ခံရတာတွေဟာ ကလေးတွေကို ကြီးမားစွာ ထိခိုက်စေတာ မှန်ပေမယ့် စိတ်ပိုင်းဆိုင်ရာ သိမ်ငယ်မှု၊ ဝမ်းနည်းမှုတွေ ဖိနှိပ်ချုပ်ချယ်မှုတွေ အခါခါ ကြုံခဲ့ရတဲ့ကလေးတွေဟာ ထိခိုက်ခံစားရမှု  ပိုမို်ကြီးမားများပြား နေတတ်ပါတယ်လို့ စိတ်ကျန်းမာရေးသုတေသီတွေက ဆိုထားပါတယ်။

 

>>    မိဘတွေက သားသားမီးမီးတွေကို ဒီလိုစကားတွေ မပြောသင့်ဘူးနော်။

●        အသုံးမကျဘူး မင်းလောက်ညံ့တဲ့သူ မရှိတော့ဘူး။

●        စိတ်ကုန်မိတယ်၊ ဒီလောက်တုံးတဲ့သူကို မွေးထားမိတာ။

●        ငါ အရှက်ကွဲရတာ မင်း စာမကြိုးစားလို့။

●        ဘယ်တော့မှ ဖြစ်မြောက်မယ့်ကလေး မဟုတ်ပါဘူး။

●        ဘာလုပ်လုပ် အဖြစ်ရှိတယ်ကို မရှိဘူး။

●        ဘယ်လောက်သင်သင် မတတ်ဘူး၊ တကယ် လက်လန်တယ်။

          နုနယ်ငယ်ရွယ်တဲ့ ကလေးတွေကို အရွယ်နဲ့မမျှ ဆူငေါက်တာတွေ အော်ကြီးဟစ်ကျယ် ဆဲဆိုတာတွေ လူကြားထဲမှာ မျက်နှာမပြဝံ့ ဖြစ်စေတာတွေဟာ ကလေးတွေ ဆောက်တည်ရာမရ ဝမ်းနည်းကြေကွဲစေပြီး သိမ်ငယ်အားနည်းတဲ့ ကလေးတွေအဖြစ် ကြီးပြင်းလာကြမှာ မုချဖြစ်ပါတယ်။

          ခဏခဏ စိတ်အားငယ်ရပြီး  ဆူငေါက်တာ၊ ဆဲဆိုတာ၊ သိမ်ငယ်တာတွေကို မကြာခဏ ခံစားလာရတဲ့ ကလေးတွေရဲ့ဦးနှောက်မှာ သောကနဲ့ ဖိစီးမှုတွေကြောင့် ပြောင်းလဲမှုတွေ ဖြစ်လာပြီး အပြုအမူပိိုင်းဆိုင်ရာ ကျင့်ဝတ်ဆိုင်ရာ ပြဿနာရှိတဲ့ လူရေးလူရာ နားမလည်တဲ့ ဆက်ဆံရေး သိမ်ဖျင်းတဲ့ကလေးတွေ ဖြစ်လာကြပါတယ်လို့ ကလေးစိတ်ပညာရှင်တွေက ထောက်ပြထားပါတယ်။

          ဒီတော့ ကိုယ့်မိသားစုထဲက ချစ်ရတဲ့၊ မြတ်နိုးရတဲ့ သားငယ် သမီးငယ်လေးတွေကို ကောင်းချင်စိတ်နဲ့ ဆူပူမိတာ၊ အော်ဟစ်တာတွေ မလုပ်မိဖို့ တတ်နိုင်သလောက် ထိန်းချုပ်ပြီး နွေးထွေးကြင်နာသော နူးညံ့သိမ်မွေ့သော အပြုအမူ အပြောအဆိုများနဲ့သာ ထိန်းကျောင်းပဲ့ပြင်ပေးကြရအောင်နော်။

 

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)

(Unicode)


 











 
