ကလေးတွေမှာ ချောင်းဆိုးရခြင်း အကြောင်းအရင်းများ
ဘာကြောင့် ချောင်းဆိုးရတယ်ဆိုတာပြောရရင် ပြောမကုန်နိုင်တာမို့ ကလေးတွေမှာ အဖြစ်များတဲ့အကြောင်းရင်းတွေကိုပဲ အဓိက ဖော်ပြသွားပါမယ်။
အအေးမိခြင်း : အအေးမိတယ်ဆိုတာဟာ ဗိုင်းရပ်စ်ကြောင့်ဖြစ်ပြီး အသက်ရှူလမ်းကြောင်းအပေါ်ပိုင်းမှာ ချွဲသလိပ်တွေ ထွက်လာတတ်ပါတယ်။ ဒီကနေ ချွဲတွေဟာ အောက်ပိုင်းကိုကျလာတဲ့အခါ ချောင်းဆိုးတော့တာပေါ့။ အအေးမိတာဟာ ၁၀ ရက်လောက်နဲ့ ပျောက်နိုင်ပေမယ့် ချောင်းဆိုးတာကတော့ ဒီထက်ပိုကြာရှည်နိုင်ပါတယ်။
ဗိုင်းရပ်စ်ချောင်းဆိုးခြင်း : အအေးမိတာနဲ့တူပေမယ့် အသက်ရှူလမ်းကြောင်းအောက်ပိုင်းကို ဝင်တာမို့ နှာစေး၊ နှာပိတ်တာမျိုးမရှိဘဲ ချောင်းဆိုးတာကလည်း ရက်သတ္တပတ်မျှ ကြာနိုင်ပါတယ်။
Atussin Kids 1

ရာသီတုပ်ကွေး : ရာသီတုပ်ကွေးဟာ ဖျားခြင်း၊ ကိုယ်လက်ကိုက်ခြင်း၊ နုံးခြင်း၊ ခေါင်းကိုက်ခြင်း၊ လည်ချောင်းနာခြင်းနဲ့ ချောင်းဆိုးခြင်းတို့ကို ဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်အပြင်းစားတစ်မျိုး ဖြစ်ပါတယ်။ အအေးမိတာနဲ့စာရင် ရာသီတုပ်ကွေးက ချွဲသလိပ်ထွက်တာနည်းပြီးတော့ အဖျားပိုကြီးတတ်ပါတယ်။
နမိုးနီးယားအဆုတ်ရောင်ခြင်း : မိဘတွေ အစိုးရိမ်ဆုံးရောဂါတစ်ခုပါ။ များသောအားဖြင့် အအေးမိရာကနေတစ်ဆင့် ရောဂါပိုးဝင်ပြီးတော့ အဆုတ်ရောင်တာ အဖြစ်များပါတယ်။ ကလေးအသက်ရှူကြပ်လာပြီဆို ဆရာဝန်နဲ့ အမြန်ပြပါ။ နမိုးနီးယားဟာ ဗိုင်းရပ်စ်ကြောင့်လည်း ဖြစ်နိုင်တာကြောင့် ပိုးသတ်ဆေး လိုချင်မှလိုပါလိမ့်မယ်။ ကလေးကြီးတွေမှာ Mycoplasma ဘတ်တီးရီးယားကြောင့်ဖြစ်တဲ့ နမိုးနီးယားမျိုးလည်း အဖြစ်များတာမို့ ဆရာဝန်နဲ့ပြပြီး ဓာတ်မှန်ရိုက်ဖို့ လိုကောင်းလိုနိုင်ပါတယ်။
အဆုတ်ပြွန်ငယ်များ ရောင်ရမ်းခြင်း : RSV လို့ခေါ်တဲ့ ဗိုင်းရပ်စ်ကြောင့်ဖြစ်ပြီး အဆုတ်ပြွန်ငယ်လေးတွေမှာ ချွဲတွေပိတ်တာမို့ ချောင်းတအားဆိုးတာ၊ အသက်ရှူခက်တာ၊ တရွှီရွှီမြည်တာတွေ ဖြစ်နိုင်ပါတယ်။ ကလေးငယ်လေးတွေမှာ အဖြစ်များပါတယ်။
အသံအိုးရောင်ခြင်း : ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပြီး အသက်ရှူလမ်းကြောင်းအပေါ်ပိုင်း ရောင်ရမ်းတာဖြစ်ပါတယ်။ ချောင်းဆိုးသံကြီး ဩနေပြီးတော့ အသက်ရှူတိုင်း ဝီစီမှုတ်သလို အသံထွက်နေတတ်ပါတယ်။ ရေနွေးငွေ့ရှူပေးခြင်းဖြင့် ချောင်းဆိုးတာကို သက်သာစေနိုင်ပါတယ်။
Atussin Kids 2

ထိပ်ကပ်နာ : နှာစေး၊ နှာပိတ်တာ ၂ ပတ်ကြာအောင် မပျောက်၊ ပိုဆိုးလာတယ်၊ ခေါင်းကိုက်တယ်၊ မျက်နှာတွေနာတယ်၊ အဖျားတက်လာတယ်ဆိုရင် ထိပ်ကပ်နာလို့ စခေါ်နိုင်ပါပြီ။ ပိုးသတ်ဆေးမလိုဘဲ သူ့အလိုလို ပျောက်နိုင်တာမို့ အရမ်းစိုးရိမ်စရာမလိုပေမယ့် ဆရာဝန်နဲ့ တိုင်ပင်ကြည့်ရင်တော့ ပိုကောင်းပါတယ်။
ကြက်ညှာချောင်းဆိုး : ရိုးရိုးဖျားရာကနေ တဖြည်းဖြည်း ချောင်းစဆိုးလာတတ်ပါတယ်။ ကလေးငယ်လေးတွေမှာတော့ အသက်ရှူသွင်းလိုက်တဲ့အခါ ဆက်တိုက်ချောင်းဆိုးလာပြီး အသက်ရှူရပ်သွားတဲ့အထိ ဖြစ်နိုင်ပါတယ်။ ကလေးကြီးတွေမှာတော့ ချောင်းအဆက်မပြတ်ဆိုးပြီးနောက် အန်ထွက်တတ်ကြပါတယ်။ အသက်အန္တရာယ်လည်းရှိနိုင်ပြီး ရက်တစ်ရာချောင်းလို့ခေါ်သလို ၃ လလောက်အထိ ချောင်းဆိုးနိုင်တာမို့ ကာကွယ်ဆေးကို မဖြစ်မနေ ထိုးဖို့လိုပါတယ်။
လေပြွန်ရောင်ခြင်း : လေပြွန်ရောင်တာဟာ ဆေးလိပ်သောက်သူ လူကြီးတွေမှာပိုဖြစ်ပြီး ကလေးတွေမှာ အဖြစ်နည်းပါတယ်။ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တာမို့ ပိုးသတ်ဆေး မလိုတတ်ပါဘူး။
ပန်းနာရင်ကြပ် : ပန်းနာရင်ကြပ်ဆိုတာ ရောဂါပိုးကြောင့် ဖြစ်တာမဟုတ်ပေမယ့် အအေးမိခြင်းဟာ ပန်းနာထစေနိုင်တဲ့အကြောင်းရင်းတစ်ချက်ပါ။ ဒါကြောင့်ဖျားနေရာကနေ တရွှီရွှီကြပ်လာတယ်ဆိုရင် ဆရာဝန်နဲ့ပြပါ။ ကလေးချောင်းဆိုးတာ ၄ ပတ်ကျော်လာပြီဆိုရငိ တရွှီရွှီမမြည်ရင်တောင် ချောင်းဆိုးပန်းနာရင်ကြပ်တစ်မျိုး ဖြစ်နိုင်တာမို့ ဆရာဝန်နဲ့ပြပါ။
Dr. Mya Phoo Ngon (www.drmyanmar.com)






























