ကလေးတွေမှာ ဂျိုက်သိုးပေါက်တဲ့အခါ
မေမေတစ်ယောက် ဖေဖေတစ်ယောက်အနေနဲ့ ကလေးမွေးပြီဆိုတာနဲ့ အတွေ့အကြုံတွေ အများကြီး ကြုံတွေ့လာရတတ်ပါတယ်။ ကလေးလေးဟာ ခုခံအားစနစ် ကောင်းကောင်းမဖွံ့ဖြိုးသေးတာမို့ ရောဂါမျိုးစုံ ဖြစ်လာနိုင်ပါတယ်။ ဒီလိုဖြစ်လာနိုင်တာတွေထဲက တစ်ခုကတော့ ဂျိုက်သိုးပါ။ ဒါပေမဲ့ ဂျိုက်သိုးဟာ ကလေးမှာ ဘာမှ အရမ်းကြီး ထူးထူးခြားခြား မဖြစ်စေနိုင်တာမို့ အရမ်းကြီး စိုးရိမ်စရာတော့မရှိပါဘူး။ ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်မှာ ဂျိုက်သိုးဖြစ်ရင်တော့ ကြောက်ရပါတယ်။ ကဲ ... ဒီတော့ ဂျိုက်သိုးအကြောင်းလေး စပြောကြရအောင်နော်။
>> ဂျိုက်သိုးဆိုတာ ဘာလဲ?
ဂျိုက်သိုးဆိုတာ ဗိုင်းရပ်စ်တစ်မျိုးကြောင့်ဖြစ်ပြီး လင့်ဂလင်းတွေ၊ အရေပြားတွေကို ထိခိုက်တတ်ပါတယ်။ ဝက်သက်နဲ့ မတူပါဘူး။ ရောဂါအပျော့စားလေးပဲ ဖြစ်ပေမယ့် ကူးစက်နိုင်စွမ်း များပါတယ်။ အဓိကလက္ခဏာကတော့ အနီစက်တွေ ဖြစ်တာပါပဲ။ အခုခေတ်မှာတော့ ဝက်သက်၊ ဂျိုက်သိုး၊ ပါးချိတ်ရောင် ကာကွယ်ဆေးဆိုပြိး ကလေးတွေကို ထိုးပေးနေပါပြီ။ အရင်တုန်းကတော့ ကလေးတွေမှာ ဂျိုက်သိုး အင်မတန် ဖြစ်တတ်ပါတယ်။ အထူးသဖြင့် ဆောင်းရာသီမှာပေါ့။
>> ကလေးတွေမှာ ဘာလို့ဂျိုက်သိုးဖြစ်တာလဲ?
ဂျိုက်သိုးဟာ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ အဖြစ်နည်းပြီး ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ပိုတွေ့ရတတ်ပါတယ်။ ကူးစက်နှုန်းများတာကလည်း ရောဂါလက္ခဏာ မပေါ်ခင်ကတည်းက ဗိုင်းရပ်စ်ပိုးက တစ်ယောက်ကနေတစ်ယောက်ကို ကူးစက်နိုင်တာမို့ပါ။ ဒီလိုကူးစက်ခံရပြီး ရောဂါလက္ခဏာမပြဘဲ တစ်ပတ်လောက်ထိ နေနိုင်ပါတယ်။ လေထဲကနေ ကူးစက်တာမို့ ထိတွေ့မိတာနဲ့ကို ကူးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်မှာဖြစ်ရင် ဗိုက်ထဲကကလေးဆီကို သွေးကနေတစ်ဆင့် ကူးစက်တတ်ပါတယ်။
>> ဘယ်သူတွေမှာ အများဆုံးကူးစက်တတ်သလဲ?
ကာကွယ်ဆေးမထိုးထားတဲ့ကလေးတွေမှာ ကူးစက်လွယ်ပါတယ်။
Biogesic for kids IA 1
>> ကလေးတွေမှာ ဂျိုက်သိုးပေါက်ရင် ဘယ်လိုလက္ခဏာတွေနဲ့ လာနိုင်သလဲ?
ကူးစက်ခံရပြီး ၁ ပတ်အကြာမှာ -
● လည်ပင်း၊ ဂျိုင်းနဲ့ ပေါင်ခြံကြားက လင့်ဂလင်းတွေ ရောင်ရမ်းလာခြင်း
● ကိုယ်ပူတက်လာခြင်း (၃၉-၄၀°F ခန့်)
● ရိုးရိုးအအေးမိတာနဲ့ဆင်ခြင်း
● ခေါင်းကိုက်ခြင်း၊ မျက်လုံးရောင်ခြင်း
● မျက်နှာမှာ အနီရောင်အစက်ကလေးတွေ ပေါ်လာပြီး တစ်ကိုယ်လုံးကို ပြန့်သွားခြင်း
● နှာခေါင်းပိတ်ခြင်း၊ နှာစေးခြင်း
● အဆစ်အမြစ်ရောင်ခြင်း၊ ကြွက်သားတွေ နာကျင်ခြင်း စတာတွေ ဖြစ်တတ်ပါတယ်။
>> ဘယ်လိုကူးစက်တတ်သလဲ?
ရေကျောက်တို့၊ ဝက်သက်တို့လောက်တော့ မကူးစက်တတ်ပါဘူး။ ဒါပေမဲ့ နှာချေ၊ ချောင်းဆိုးလိုက်တဲ့အခါ ရောဂါပိုးပါတဲ့ သလိပ်၊ အချွဲတွေကနေတစ်ဆင့် ကူးစက်နိုင်ပါတယ်။ ရောဂါပိုးရှိတဲ့လူနဲ့ အိုးခွက်ပန်းကန်တွေ ဝေမျှသုံးစွဲရာကနေလည်း ကူးစက်နိုင်ပါတယ်။
>> ဂျိုက်သိုးရဲ့ပိုးမွေးချိန်ကြာချိန်
ဂျိုက်သိုးရဲ့ပိုးမွေးကြာချိန်ဟာ ၂ ပတ်ကနေ ၃ ပတ်လောက်ထိ ကြာချိန်ရှိပြီး ပျမ်းမျှ ၁၈ ရက်လောက် ကြာနိုင်ပါတယ်။ ပြောရမယ်ဆိုရင် ရောဂါပိုးဝင်ပြီးနောက် ရောဂါဖြစ်ဖို့အတွက် အချိန် ၃ ပတ်လောက် ကြာနိုင်ပါတယ်။
>> ဂျိုက်သိုးဖြစ်ရင် ဘယ်လောက်ကြာသလဲ?
ဂျိုက်သိုးကို ၃ ရက်ရောဂါလို့ သိကြပါတယ်။ ကလေးတွေမှာ ဂျိုက်သိုးဖြစ်ရင် အနီစက်တွေက ၃ ရက်လောက်နဲ့ ပျောက်သွားတတ်လို့ပါ။ ဒါပေမဲ့ လင့်ဂလင်းတွေ ရောင်နေတာကတော့ ၁ ပတ်လောက်ထိ အရောင်ကျမှာ မဟုတ်ပါဘူး။ နောက်ဆုံးအနေနဲ့ အဆစ်အမြစ်နဲ့ကြွက်သား ရောင်ရမ်းတာတွေကတော့ ၂ ပတ်လောက်ထိ ကြာနိုင်ပါတယ်။ ကလေးတွေကတော့ လူကြီးတွေထက် နာလန်ထတာပိုမြန်ပြီး ၁ ပတ်လောက်မှာတင် သက်သာသွားတတ်ပါတယ်။
>> ရောဂါကို ဘယ်လိုရှာကြမလဲ?
ကလေးရဲ့ကိုယ်ခန္ဓာပေါ်မှာ ပန်းရောင်အကွက်လေးတွေတွေ့ရင် ဆရာဝန်နဲ့ပြသကြည့်ပါ။ တကယ်လို့ ကူးစက်ရောဂါလို့ထင်ရင် ဆရာဝန်ကို ကြိုတင်ဖုန်းနဲ့ဘိုကင်လုပ်ပါ။ ဒါမှ တခြားကလေးတွေကို ကူးစက်မှုနည်းအောင် ရှောင်နိုင်မှာ ဖြစ်ပါတယ်။ ဆရာဝန်က စမ်းသပ်ကြည့်ပြီးရင် ရောဂါကို သေချာအောင် ဗိုင်းရပ်စ်ပိုး အင်တီဘော်ဒီ သွေးထဲ ရှာဖွေနိုင်ပါတယ်။ နှာခေါင်းတို့၊ ပါးစပ်တို့ထဲကနေလည်း ပိုးကိုရှာနိုင်ပါတယ်။
Biogesic for kids IA 2
>> မွေးရာပါဂျိုက်သိုးရောဂါဆိုတာ ဘာလဲ? ဘယ်လောက်ထိ ဆိုးသလဲ?
ကလေးတွေမှာ ဂျိုက်သိုးဖြစ်ရင် ဘာမှသိပ်မဖြစ်တတ်ပေမယ့် ကိုယ်ဝန်ဆောင်တွေမှာ ဂျိုက်သိုးဖြစ်ရင်တော့ ကြောက်ရပါတယ်။ ဒါကြောင့် အမျိုးသမီးတွေကိုယ်ဝန်မဆောင်ခင်မှာ ဂျိုက်သိုးကိုကာကွယ်ဖို့ ကာကွယ်ဆေးတွေ ထွက်ပေါ်လာတာပါ။ ကိုယ်ဝန်ဆောင်မှာ ဂျိုက်သိုးဖြစ်ခဲ့ရင် မွေးရာပါဂျိုက်သိုးရောဂါစု ဖြစ်နိုင်ပါတယ်။ ပထမကိုယ်ဝန်ဆောင်ကာလမှာ ဂျိုက်သိုးဖြစ်ရင် ကလေးမှာ မွေးရာပါဂျိုက်သိုးရောဂါစုဖြစ်ဖို့ ၉၀% ရှိပါတယ်။ အမေ့ဆီကနေ အချင်းကတစ်ဆင့် ကလေးဆီကိုကူးစက်နိုင်ပါတယ်။ ဒီအခြေအနေဟာ ကြောက်ဖို့ကောင်းပါတယ်။ နောက်ဆက်တွဲဆိုးကျိုးတွေ အများကြီးဖြစ်စေနိုင်ပါတယ်။
ဂျိုက်သိုးနဲ့ထိတွေ့မိပြီး မွေးလာတဲ့ကလေးတွေမှာ ဦးနှောက်နဲ့ကိုယ်ခန္ဓာ ဆိုးဆိုးရွားရွားထိခိုက်တာ၊ မျက်စိကန်းတာ၊ နားကန်းတာ၊ ကိုယ်လက်အင်္ဂါ ထိခိုက်တာတွေ ဖြစ်နိုင်ပါတယ်။ အရမ်းဆိုးရင် ကိုယ်ဝန်ပျက်ကျတာ၊ ကလေး အသက်မပါလာတာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဂျိုက်သိုး၊ ဝက်သက်၊ ပါးချိတ်ရောင် MMR ကာကွယ်ဆေးမထိုးဖူးသေးတဲ့ အမျိုးသမီးတွေမှာ ကိုယ်ဝန်မဆောင်ခင် ၁ လလောက်အလိုကတည်းက ကာကွယ်ဆေးထိုးဖို့ လိုအပ်ပါတယ်။
>> မွေးကင်းစနဲ့ ကလေးငယ်တွေမှာ ဂျိုက်သိုးကို ဘယ်လိုကုသကြမလဲ?
သူ့အလိုလို ပျောက်သွားတာများပြီး ဘာမှကုသမှုတွေ လုပ်စရာ မလိုတတ်ပါဘူး။ ပိုးသတ်ဆေးလည်း သောက်လို့မရတဲ့အတွက် သူ့ဟာသူ ပျောက်သွားဖို့ပဲ စောင့်ရမှာပါ။ နာတာကျင်တာ ရှိတယ်ဆိုရင်တော့ ပါရာစီတမောတို့၊ အိုင်ဗျူပရိုဖန်တို့ သောက်ပေးလို့ရပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာတော့ အထူးပြုအင်တီဘော်ဒီတစ်မျိုးကို ထိုးပေးနိုင်ပါတယ်။ ဒါပေမဲ့ ဒီကာကွယ်ဆေးက ကလေးမှာ မွေးရာပါဂျိုက်သိုးရောဂါကိုတော့ မကာကွယ်နိုင်ပါဘူး။
>> ကလေးမှာ ဂျိုက်သိုးမဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ?
တစ်ခုတည်းသော ကာကွယ်နည်းကတော့ ကာကွယ်ဆေးထိုးတာပါပဲ။ ဂျိုက်သိုး၊ ဝက်သတ်၊ ပါးချိတ်ရောင် MMR ကာကွယ်ဆေးဟာ ပေါ်လာတာ နှစ်ပေါင်း ၅၀ လောက် ရှိနေပါပြီ။ ပထမဆုံးကာကွယ်ဆေးကို ကလေး အသက် ၉ လမှာထိုးပေးပြီး ဒုတိယကာကွယ်ဆေးကို အသက် ၁ နှစ်ခွဲမှာ ထိုးရပါတယ်။ ကာကွယ်ဆေးတွေမှာ ဗိုင်းရပ်စ်အသေပုံစံလေးပါတာမို့ အနည်းအကျဉ်း လက္ခဏာလေးတွေ ရတတ်ပါတယ်။
>> ဘယ်အချိန်မှာ ဆရာဝန်နဲ့ပြရမလဲ?
တစ်ခါတလေ ဂျိုက်သိုးကြောင့် နောက်ဆက်တွဲ ဆိုးဆိုးရွားရွားတွေ ဖြစ်တတ်ပါတယ်။
● တောက်လျှောက်ကြီးကို ခေါင်းကိုက်နေခြင်း
● လည်ပင်းကြီးတောင့်နေခြင်း
● နားကိုက်ခြင်း စတဲ့ လက္ခဏာတွေ ဖြစ်လာခဲ့ရင် ဆရာဝန်နဲ့ ချက်ချင်းပြဖို့ လိုပါတယ်။
လတ်တလောသတင်းတွေမှာ အော်တစ်ဇင် ဖြစ်တတ်တယ်ဆိုတဲ့ သတင်းတွေကြားတဲ့အခါ မိဘတွေက ကလေးတွေကို ဂျိုက်သိုးကာကွယ်ဆေးထိုးရမှာ ကြောက်နေတတ်ကြပါတယ်။ ဒါပေမဲ့ ဒီနှစ်ခုမှာ ဆက်သွယ်မှုလုံးဝမရှိပါဘူး။ ရောဂါကြောင့်ဖြစ်မယ့် ဆိုးကျိုးတွေနဲ့ ယှဉ်လိုက်ရင် ကာကွယ်ဆေးရဲ့ဆိုးကျိုးက မပြောပလောက်ပါဘူး။ ဆရာဝန် ညွှန်ကြားတဲ့အတိုင်း ကာကွယ်ဆေးကို ရက်ချိန်းမှန်မှန် ထိုးပေးဖို့ လိုပါတယ်နော်။
Dr. Mya Phoo Ngon (www.drmyanmar.com)