ကလေးတွေမှာ ဓာတ်မတည့်တာကို ဘယ်လိုသိရှိ ကာကွယ်နိုင်မလဲ
ဓာတ်မတည့်တာဟာ ကလေးတွေမှာ အဖြစ်များပါတယ်။ ပုံမှန်လူတွေမှာ ပြဿနာမရှိတဲ့အရာတွေ ဥပမာ - အစားအသောက်တစ်ခု၊ ဖုန်၊ ပန်းဝတ်မှုန် စတာတွေကို တချို့လူတွေရဲ့ ကိုယ်ခံအားက လက်မခံဘဲ တိုက်ထုတ်တာကြောင့် ဖြစ်ပါတယ်။ ဓာတ်မတည့်မှုကို ဖြစ်စေတဲ့အရာကို အရေပြားနဲ့ ထိတွေ့မိတာမျိုးပဲဖြစ်ဖြစ်၊ စားမိ၊ အနံ့ရှူမိတဲ့အခါမှာ ဓာတ်မတည့်တဲ့ တုံ့ပြန်မှုတွေ ပေါ်လာပါတယ်။
ကလေးတွေမှာ များသောအားဖြင့် ဓာတ်မတည့်မှုကို ဖြစ်စေတဲ့အရာတွေက ဥ၊ မြေပဲ၊ အစေ့အဆံတွေ၊ နွားနို့၊ ပဲနို့၊ ဂျုံ၊ ငါး၊ ပင်လယ်စာတွေ နောက်ပြီး ပျားကိုက်ခံရတာ၊ တချို့ အကောင်တွေ ကိုက်ခံရတာမျိုးတွေ ဖြစ်ပါတယ်။ တချို့ ပိုးသတ်ဆေးတွေကလည်း ဓာတ်မတည့်မှုကို ဖြစ်စေပါတယ်။
တချို့ ဓာတ်မတည့်တာတွေက သိပ်ပြီ မပြင်းထန်ပေမယ့် တချို့တွေကတော့ အသက်အန္တရာယ်ကိုပါ ထိခိုက်စေတဲ့အထိ ပြင်းထန်ပါတယ်။
>> ဘယ်လိုလက္ခဏာတွေ ပြမလဲ?
သိပ်မဆိုးရင်တော့ -
● နီပြီး ယားတဲ့အဖုတွေ ထွက်တာ
● ပါးစပ်တစ်ဝိုက် ယားသလို ကျင်သလို ဖြစ်တာ
● ဗိုက်နာ၊ အန်၊ ဝမ်းလျှောတာ
● မျက်နှာ အမ်းလာတာတွေ ဖြစ်တတ်ပြီး
အရမ်းဆိုးရင်တော့ -
● အသက်ရှူရ ခက်လာတာ၊ အသက်ရှူရင် အသံတွေ ကြားရတာ
● တရွှီရွှီ မြည်တာ၊ ချောင်းဆိုးတာ
● လျှာ ရောင်လာတာ
● လည်ပင်းထဲမှာ ကျပ်လာတာ
● စကားပြောရ ခက်လာတာ၊ အသံအက်အက်ကြီး ဖြစ်လာတာ
● ခေါင်းမူးတာ၊ မေ့လဲတာ
● ဖြူဖျော့ပြီး ပျော့ခွေလာတာ ( အရမ်းငယ်တဲ့ ကလေးတွေမှာ) တွေ ဖြစ်ပေါ်လာနိုင်ပါတယ်။
ဒီလက္ခဏာတွေ ပေါ်လာပြီဆိုရင်တော့ ဆေးရုံဆေးခန်းကို ချက်ချင်း သွားရပါမယ်။
>> ဘယ်လို ကုသမလဲ?
သိပ်မဆိုးရင်တော့ သောက်ဆေးလောက်ပဲ ပေးပါလိမ့်မယ်။ တကယ်လို့ သင့်ကလေးဟာ ဓာတ်မတည့်တာ ခဏခဏဖြစ်တတ်ရင် ဆေးကို အမြဲဆောင်ထားဖို့ လိုပါမယ်။
အရမ်းဆိုးရင်တော့ ထိုးဆေး ထိုးပါလိမ့်မယ်။ ပြီးရင် ကလေးကို နောက်အခေါက်တွေ ဖြစ်လာခဲ့ရင် ဘယ်လိုလုပ်ပေးထားရမလဲဆိုတာ ပြောပြပါလိမ့်မယ်။
● ကလေးကို လှဲထားပါ၊ ဒါပေမဲ့ အသက်ရှူရခက်ရင်တော့ ထိုင်ခိုင်းထားပါ။
● ဆေးရုံကားကို ချက်ချင်းခေါ်ပါ။
● တကယ်လို့ ဆရာဝန်က ဓာတ်မတည့်ရင် အသားထဲကို ထိုးပေးရမယ့် ဆေးတစ်မျိုးပေးထားရင် စစဖြစ်ချင်း တစ်ခါထိုးပါ။ ဆေးရုံကား စောင့်နေတုန်း တစ်ခါထိုးပါ။
>> ဘယ်လိုကာကွယ်ရမလဲ?
ကလေးကို သူနဲ့ မတည့်တာ ဘာဆိုတာ သေချာပြောပြထားပါ။ သူငယ်ချင်းတွေ မုန့်၊ ထမင်းဘူးတွေကို မျှမစားဖို့ သင်ထားပေးပါ။ ကလေးရဲ့ မူကြို၊ ကျောင်း၊ ကြည့်ပေးတဲ့ လူတွေကို ဘာတွေနဲ့ မတည့်ကြောင်း ပြောပြထားသင့်ပါတယ်။
Dr. Htar (www.drmyanmar.com)






























