ကလေးတွေမှာ နားပိုးဝင်ခြင်းအတွက် ပိုးသတ်ဆေးပေးဖို့လိုအပ်ပါသလား?
ပိုးသတ်ဆေးတွေက နားပိုးဝင်ခြင်းကိုကုသရာမှာမကြာခဏသုံးလေ့ရှိပေမယ့် အချို့ကိစ္စတွေမှာတော့ ဆရာဝန်ကပိုးသတ်ဆေးမပေးသေးဘဲနဲ့ စောင့်ကြည့်ရုံပဲစောင့်ကြည့်နေတတ်ပါတယ်။ 80% လောက်က ပိုးသတ်ဆေးမပေးဘဲ သူဟာသူပြန်ကောင်းလာပါတယ်။ ဒါက နားပိုးဝင်ခြင်းရဲ့ သုံးပုံတစ်ပုံလောက်က ပိုးသတ်ဆေးတွေကို မတုန့်ပြန်တဲ့ဗိုင်းရပ်စ်ပိုးတွေကြောင့်ဖြစ်တာမို့လို့ပါ။ ဘက်တီးရီးယားပိုးကြောင့်ဖြစ်တဲ့ နားပိုးဝင်ခြင်းအချို့ကလည်း သူ့အလိုလို ပြန်ကောင်းလာတတ်ပါတယ်။ ဒါ့အပြင်အရေးကြီးတဲ့အချက်ကတော့ မလိုအပ်ဘဲပိုးသတ်ဆေးသုံးခြင်းကြောင့် ဆေးယဉ်ပါးတဲ့ပြဿနာတွေဖြစ်လာနိုင်လို့ဖြစ်ပါတယ်။
ကလေးတွေ ပိုးသတ်ဆေးသောက်သင့်/မသောက်သင့်ဆိုတာက အသက်၊ ရောဂါလက္ခဏာပြင်းထန်မှု စတာတွေအပါအဝင် အကြောင်းအမျိုးမျိုးအပေါ်မှာမူတည်ပါတယ်။ အသက် 2 နှစ်အောက်ကလေးတွေမှာ ပိုးသတ်ဆေးသောက်ဖို့ ညွှန်ကြားလေ့ရှိပါတယ်။ ဘာလို့လဲဆိုတော့ သူတို့က ပိုဆိုးလာတယ်လို့၊ ပိုကိုက်လာတယ်လို့ မပြောတတ်တဲ့အပြင် နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်တဲ့ အကြားအာရုံဆုံးရှုံးခြင်းနဲ့ အခြားပြဿနာတွေပိုပြီးဖြစ်တတ်တဲ့အတွက် ပိုးသတ်ဆေးပေးရခြင်းဖြစ်ပါတယ်။
အသက် 2 နှစ်အထက်ကလေးတွေကိုတော့ ရောဂါလက္ခဏာမပြင်းထန်ရင်၊ နားပိုးဝင်တယ်လို့မသေချာသေးရင် စောင့်ပဲကြည့်ပါတယ်။ ဒါကြောင့် ကလေးမှာအဖျားမရှိဘူး၊ မခံမရပ်နိုင်ဖြစ်မနေဘူးဆိုရင် ဆရာဝန်နဲ့တိုင်ပင်ပြီး 48-72 နာရီခန့်စောင့်ကြည့်နိုင်ပါတယ်။ ကလေးက ဒီ 2 ရက် 3 ရက်အတွင်းမှာ လုံးဝမပျောက်ကင်းနိုင်သော်လည်း လက္ခဏာတွေသက်သာလာပါလိမ့်မယ်။ မသက်သာဘူးဆိုရင်တော့ ဆရာဝန်က ပိုးသတ်ဆေးသောက်ဖို့ညွှန်ကြားပါလိမ့်မယ်။
ကလေးအချို့မှာ နားပိုးဝင်တာပျောက်ကင်းသွားပြီး အချိန်အတော်ကြာအောင် အလယ်နားထဲမှာ အရည်တွေကျန်နေတတ်ပါတယ်။ ဒီအရည်တွေက နားပိုးဝင်ခြင်းထပ်ပြီးမဖြစ်စေပေမယ့် အကြားအာရုံကိုထိခိုက်စေတဲ့အတွက် ဘာသာစကားဖွံ့ဖြိုးမှုကိုဟန့်တားနိုင်ပါတယ်။ ကလေးက တစ်နှစ်လျှင် 5-6 ကြိမ်ခန့် နားပိုးဝင်လျှင် (သို့) သုံးလထက်ပိုပြီး နားစည်နောက်မှာအရည်တွေစုနေလျှင် နားထဲမှာပြွန်ထည့်ပြီးကုသခြင်းဖြင့် ကောင်းကျိုးရရှိစေနိုင်ပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























