/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးတွေမှာ-ဖြစ်တတ်တဲ့-စိုးရိမ်ပူပန်မှု-၆-မျိုး

ကလေးတွေမှာ ဖြစ်တတ်တဲ့ စိုးရိမ်ပူပန်မှု (၆) မျိုး

Category
ကလေးများနှင့်ကျန်းမာရေး

          ကလေးတွေမှာလည်း သူ့ဟာသူ စိုးရိမ်ပူပန်မှုတွေ ရှိပါတယ်။ ကလေးတွေအနေနဲ့ စွမ်းရည်အသစ်တွေကို သင်ယူရတယ်၊ စိန်ခေါ်မှုအသစ်တွေ တွေ့ရတယ်၊ ကြောက်ရွံ့စိတ်တွေကို ကျော်လွှားရတယ်။ တစ်ခါတလေမှာတော့ သူတို့ ကြုံတွေ့ရတဲ့ စိတ်လှုပ်ရှားမှုတွေ ကြောက်ရွံ့မှုတွေက လူကြီးတွေ နှစ်သိမ့်မှုပေးနိုင်တဲ့ အတိုင်းအတာထက် ကျော်လွန်သွားပြီဆိုရင် ကလေးမှာ anxiety disorder လို့ခေါ်တဲ့ စိတ်လှုပ်ရှားမှုရောဂါတစ်မျိုးကို ခံစားလာရပါတယ်။

 

>>    ကလေးတွေမှာ ခံစားရတဲ့ စိတ်လှုပ်ရားမှုရောဂါ အမျိုးအစားများ

          အမျိုးအစားတွေများကြီးထဲမှာမှ အဖြစ်များတဲ့အမျိုးအစားတွေကို ဖော်ပြပေးလိုက်ပါတယ်။

●        Generalized Anxiety Disorder - ကလေးက အရမ်းကို စိတ်လှုပ်ရှား၊ စိတ်တွေ ပူပြီးတော့ ပင်ပန်းနွမ်းနယ်၊ ဂဏှာမငြိမ်ဖြစ်၊ ကြွက်သားတွေတင်း၊ အာရုံစိုက်ဖို့လည်း ခက်ပြီးတော့ အိပ်မပျော်တာတွေ ဖြစ်လာပါတယ်။ သူရဲ့စိုးရိမ်မှုတွေက ကျောင်းနဲ့ဆိုင်တဲ့ လုပ်ဆောင်မှုတွေ၊ သူငယ်ချင်းတွေနဲ့ ပေါင်းသင်းဆက်ဆံမှု၊ မိသားစုတွင်း ပေါင်းသင်းဆက်ဆံမှု၊ ဒါမှမဟုတ်လည်း တခြားလှုပ်ရှားမှုတွေနဲ့ စိုးရိမ်မှုတွေကြောင့် ဖြစ််နိုင်ပါတယ်။

●        Separation Anxiety Disorder - ဒါကတော့ အသက် ၁-၃ နှစ်ကြား အရွယ်ကလေးတွေမှာ အဖြစ်များပါတယ်။ ကလေးကြီးတွေမှာလည်း သူတို့ကို ပြုစုစောင့်ရှောက်ပေးနေသူတွေနဲ့ ခွဲခွာရမှာကို အရမ်းကြောက်နေတယ်ဆိုရင် separation anxiety disorder ပါပဲ။ ဒီလိုကလေးတွေက မကြာခဏ မိဘတွေ သေသွားမှာ၊ သူတို့နဲ့ ခွဲသွားမှာတွေကို တွေးပြီးတော့ စိတ်တွေ ပူနေတတ်ပါတယ်။ ဒါကြောင့် ကျောင်း မသွားတာ၊ အပြင် မထွက်တာ၊ ခွဲခွါရတာနဲ့ ပတ်သက်ပြီးတော့ အိပ်မက်ဆိုးတွေ မက်တာတွေ ဖြစ်လာသလို ခေါင်းကိုက်တာတွေ၊ စိတ်လှုပ်ရှားလို့ ပျို့ချင်၊ အန်ချင်ဖြစ်တာတွေပါ ဖြစ်လာတတ်ပါတယ်။

●        Selective Mutism - အိမ်မှာ၊ သူတို့အနေနဲ့ စိတ်သက်သာမှုရှိတဲ့ နေရာတွေမှာဆိုရင် အရမ်းစကားများပေမယ့်လည်း လူများများနဲ့ တွေ့တဲ့အခါမှာ စကား လုံးဝမပြောတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ကျောင်းမှာ စကားမပြောတာ၊ တခြားသူတွေနဲ့ မျက်လုံးချင်းမဆုံမိအောင် ရှောင်တာတွေ ရှိပါတယ်။ ဒါကတော့ အသက် ၅ နှစ်ဝန်းကျင်ကလေးတွေမှာ အဖြစ်များပါတယ်။

●        Specific Phobia - တချို့ကလေးတွေမှာ အရာဝတၳုတစ်ခုခု (သို့) အခြေအနေတစ်ခုခုကို ကြောက်တာ၊ စိုးရိမ်တာတွေ ရှိပါတယ်။ ဒီလိုကြောက်ရွံ့မှုက အချိန် အရမ်းကြာလာရင် (သို့) ကြောက်သင့်တာထက် ပိုလာရင်တော့ ဒါကို အကြောက်ရောဂါလို့ သတ်မှတ်လို့ရပါတယ်။ သူတို့ ကြောက်တဲ့တစ်ခုခုတွေ့ပြီဆိုရင် ကလေးက ငိုတာ၊ မတုန်မလှုပ်ဖြစ်သွားတာ၊ လူကြီးပေါ်ကို အတင်းဖက်တွယ်တက်တာတွေ ဖြစ်လာပါတယ်။ ကလေးတွေ ကြောက်တာတွေကတော့ တိရစၧာန်တွေ၊ မုန်တိုင်း၊ အပ်၊ အသံကျယ်ကျယ်တွေနဲ့ ပိတ်ထားတဲ့နေရာတွေ စသည်ဖြင့် အများကြီးရှိပါတယ်။

●        Panic Disorder - အသက်ရှူမြန်တာ၊ ရင်ဘတ်အောင့်၊ သီးသလိုခံစားရ၊ ပျို့၊ မူးဝေ၊ ချမ်းတုန် (သို့) ပူ၊ သေရမှာ ကြောက်တာ စတာတွေကို ခံစားရပါတယ်။

●        Social Anxiety Disorder - ကလေးက အခန်းတွင်းမှာ ပူးပေါင်းပါဝင်ဖို့၊ တခြားကလေးတွေနဲ့ အတူဆက်သွယ်ဖို့တွေမှာ အရမ်းကို ကြောက်နေရင် ဒါက Social Anxiety Disorder ဖြစ်နိုင်ပါတယ်။ ကလေးက သူ့ရဲ့ကြောက်ရွံ့မှုကို  ငိုတာ၊ လူကြီးတွေကိုပဲ အတင်းတွယ်ကပ်နေတာ၊ ဘာမှတုံ့ပြန်မှုမရှိတော့တာ၊ စကားကို မပြောတော့တာ စတာတွေနဲ့ ပြတတ်ပါတယ်။ ပြီးတော့ သူတို့ကြောက်တဲ့ အခြေအနေတွေကို ရှောင်ဖို့ ကြိုးစားလာပါတယ်။

 

>>    ဒီလိုစိုးရိမ်ပူပန်မှုတွေကို ခံစားနေရတဲ့ကလေးတွေကို ဘယ်လိုကူညီပေးကြမလဲ?

          ကိုယ့်ကလေးမှာ ဒီလိုလက္ခဏာတွေ တွေ့ပြီဆိုရင် မိဘတွေအနေနဲ့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးဖို့ကို မနှောင့်နှေးသင့်ပါဘူး။ ဒီလိုခံစားနေရတဲ့ကလေးတွေကို စကားပြောပြီးတော့ ကုပေးတာ၊ ဆေးတွေပေးတာ၊ နှစ်မျိုးလုံးနဲ့ ကုပေးလို့ရပါတယ်။ ပြီးတော့ ကလေးတွေကို သူတို့ ကြောက်တဲ့အရာတွေနဲ့ ဖြည်းဖြည်းချင်း ထိတွေ့ပေးပြီးတော့လည်း ကုတာ ရှိပါသေးတယ်။ ကလေးငယ်လေးတွေမှာတော့ play therapy လို့ခေါ်တဲ့ အတူကစားပေးတဲ့ ကုထုံးကလည်း အထောက်အကူ ဖြစ်ပါတယ်။

          ကိုယ့်ကလေးမှာ ဒီလိုကြောက်ရွံ့မှုတွေ ခံစားနေရတာကို မြင်တဲ့အခါမှာ မိဘတွေအနေနဲ့လည်း အကူအညီမဲ့ပြီးတော့ ဘာလုပ်ရမှန်းမသိဘဲနဲ့ ကလေးကို သူကြောက်တဲ့ အခြေအနေ၊ ပတ်ဝန်းကျင်နဲ့ဝေးအောင်လုပ်တာ၊ ကလေးရဲ့ကြောက်စိတ်ကို အရမ်းအလိုလိုက်တာတွေ လုပ်မိတတ်ပါတယ်။ ဒီလိုလုပ်တာတွေက ကလေးရဲ့ခံစားချက်ကို ပိုပြီးဆိုးစေပါတယ်။ မိဘဆိုတာက ကလေးခံစားချက်ကို လိုက်ခံစားပေးနိုင်တယ် ဆိုပေမယ့်လည်း ကိုယ်က ကလေးရှေ့မှာ စံပြတစ်ယောက်အနေနဲ့ တည်ငြိမ်ပြီးတော့ ယုံကြည်မှုရှိဖို့ လိုပါတယ်။ ကလေးတွေမှာ စိန်ခေါ်မှုတွေတွေ့ကြု့ရပေမယ့် မိဘတွေအနေနဲ့ ကလေးတွေရဲ့ စိုးရိမ်ပူပန်မှုနဲ့ ပတ်သက်ပြီးတော့ မေးခွန်းတွေ အများကြီးမမေးဖို့ အရေးကြီးပါတယ်။ မိဘတစ်ယောက်အနေနဲ့ ကလေးဘဝမှာရှိတဲ့ စိတ်လှုပ်ရှားမှုတွေကို အကုန်လုံး ဖယ်ရှားပေးဖို့ မလိုပါဘူး။ ကလေးကို စိုးရိမ်ပူပန်မှုတွေ ဖြစ်လာရင် ဘယ်လိုရင်ဆိုင်မလဲဆိုတာကို သင်ယူနိုင်ဖို့မှာ ကူညီပေးရပါမယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)