/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးတွေအတွက်-သံဓာတ်ရဲ့အရေးပါပုံများ

ကလေးတွေအတွက် သံဓာတ်ရဲ့အရေးပါပုံများ

Category
ကလေးများနှင့်ကျန်းမာရေး

သံဓာတ်ဆိုတာ ကလေးတွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက် အရေးပါတဲ့ဓာတ်တစ်မျိုး ဖြစ်ပါတယ်။ ဒါပေမဲ့ တချို့ကလေးတွေမှာတော့ သံဓာတ်လုံလောက်စွာ မရရှိတတ်ကြပါဘူး။ ကလေးတွေမှာ သံဓာတ်က ဘယ်လောက်ထိ အရေးပါတယ်၊ ဘယ်လိုကလေးတွေမှာ သံဓာတ်ချို့တဲ့တတ်တယ်၊ ကလေးမှာ သံဓာတ်ချို့တဲ့ကြောင်း ဘယ်လိုသိနိုင်မယ် ဆိုတာတွေကို ပြောပြပေးသွားပါမယ်နော်။

>>  သံဓာတ်ကကလေးတွေအတွက် ဘယ်လောက်ထိအရေးပါသလဲ?

သံဓာတ်ဟာ အဆုတ်ကနေ ကိုယ်ခန္ဓာတစ်ခုလုံးကို အောက်စီဂျင်သယ်ယူပို့ဆောင်ပေးပြီး ကြွက်သားတွေမှာ အောက်စီဂျင် အသုံးပြုနိုင်အောင် ကူညီပေးပါတယ်။ ကလေးစားတဲ့ အစားအသောက်တွေထဲမှာ သံဓာတ်ပါဝင်မှုနည်းတဲ့အခါ သံဓာတ်ချို့တဲ့မှု ဖြစ်လာနိုင်ပါတယ်။

ကလေးတွေမှာ သံဓာတ်ချို့တဲ့မှု အဖြစ်များတတ်ပါတယ်။ အပျော့စားချို့တဲ့မှုကနေ သံဓာတ်ချို့တဲ့ပြီး သွေးအားနည်းသည်အထိ ချို့တဲ့မှုအဆင့်ဆင့် ဖြစ်နိုင်ပါတယ်။ ဒီလိုသံဓာတ်ချို့တဲ့မှုကို ကောင်းကောင်းကုသမှုမခံယူဘူးဆိုရင် ကလေးရဲ့ကြီးထွားဖွံ့ဖြိုးမှုကို အများကြီး အဟန့်အတား ဖြစ်စေနိုင်ပါတယ်။

Nutroplex 1

>>  ဘယ်လိုကလေးတွေမှာ သံဓာတ်ချို့တဲ့မှုဖြစ်နိုင်မလဲ?
●  ပေါင်မပြည့်၊ လမစေ့ဘဲမွေးတဲ့ကလေးတွေ
●  အသက် ၁ နှစ်မတိုင်ခင် နွားနို့၊ ဆိတ်နို့ သောက်ခဲ့ရတဲ့ကလေးတွေ
●  မိခင်နို့တိုက်သော်လည်း အသက် ၆ လပြည့်ပြီးနောက်ပိုင်း သံဓာတ်ပါတဲ့ဖြည့်စွက်အာဟာရ မစားခဲ့ရတဲ့ကလေးတွေ
●  သံဓာတ်မပါတဲ့ ဖော်မြူလာနို့ သောက်ခဲ့ရတဲ့ကလေးတွေ
●  အသက် ၁ နှစ်မှ ၅ နှစ်အတွင်း တစ်နေ့ကို နွားနို့၊ ဆိတ်နို့၊ ပဲနို့ တစ်နေ့ကို ၂၄ အောင်စ (၇၁၀ မီလီလီတာ) သောက်တဲ့ကလေးတွေ
●  နာတာရှည်ရောဂါရှိတဲ့၊ အစားရှောင်ရတဲ့ကလေးတွေ
●  ခဲဓာတ်နဲ့ ထိတွေ့မိတဲ့ကလေးတွေ
●  သံဓာတ်ကြွယ်ဝတဲ့အစားအစာတွေကို လုံလောက်အောင်မစားတဲ့ကလေးတွေ
●  အဝလွန်နေတဲ့ကလေးတွေ
စတဲ့ ကလေးတွေမှာ သံဓာတ်ချို့တဲ့နိုင်ခြေ အင်မတန်များပါတယ်။

Nutroplex 2

>>  ကလေးမှာ သံဓာတ်ချို့တဲ့နေကြောင်း ဘယ်လိုသိနိုင်မလဲ?
သံဓာတ်ချို့တဲ့နေတဲ့အခါ ကလေးရဲ့ကိုယ်ခန္ဓာက ပုံမှန်လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ဖို့ ခဲယဉ်းပါတယ်။ ဒါပေမဲ့ သံဓာတ်ချို့တဲ့မှုရဲ့လက္ခဏာတွေဟာ သံဓာတ်ချို့တဲ့ပြီး သွေးအားနည်းတဲ့အချိန်ကျမှ သတိထားမိတတ်ကြပါတယ်။ ဒါကြောင့် ကလေးမှာ သံဓာတ်ချို့တဲ့နိုင်တဲ့ အခြေအနေတွေရှိနေရင် ဆရာဝန်နဲ့သေချာတိုင်ပင်ကြည့်ဖို့လိုအပ်ပါတယ်။

>>  သံဓာတ်ချို့တဲ့မှုရဲ့လက္ခဏာရပ်တွေကတော့ -
●  ဖြူဖပ်ဖြူရော်ဖြစ်ခြင်း
●  နုံးခြင်း
●  ခြေလက်အေးစက်ခြင်း
●  ကြီးထွားမှုနှောင့်နှေးခြင်း
●  အစားအသောက်ပျက်ခြင်း
●  အသက်ရှူမြန်ခြင်း
●  အမူအကျင့်ဆိုင်ရာပြဿနာများဖြစ်ခြင်း
●  မကြာမကြာရောဂါပိုးဝင်ခြင်း
●  ရေခဲ၊ အမှိုက်သရိုက်၊ အိမ်သုတ်ဆေး စတာတွေကို ပုံမမှန်ချဉ်ခြင်းတက်ခြင်း  စတဲ့လက္ခဏာတွေ ဖြစ်တတ်ပါတယ်။

ကလေးတွေမှာ သံဓာတ်ချို့တဲ့မှုဟာ ကြိုတင်ကာကွယ်လို့ရတဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။ ကလေးကို ပုံမှန်ကြီးထွားဖွံ့ဖြိုးစေဖို့ ကလေးကို သံဓာတ်ပါဝင်တဲ့ အစားအသောက်တွေ ပုံမှန်ကျွေးပေးပြီး သံဓာတ်အားဆေးတိုက်ဖို့ လို၊ မလိုကို ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်နော်။

Dr. Mya Phoo Ngon (www.drmyanmar.com)