ကလေးတွေ ကာကွယ်ဆေးထိုးတာနဲ့ပတ်သက်ပြီး မေမေတို့သိထားတဲ့ လွဲမှားနေတဲ့အချက်များ
ကလေးဘဝမှာ ထိုးသင့်တဲ့ကာကွယ်ဆေးတွေကို ထိုးပေးထားတာဟာ ကိုယ်ခံအားစနစ်က ပဋိဇီဝပစ္စည်းတွေကို စောစောထုတ်ပေးတာကြောင့် ကြီးလာတဲ့အခါ ကူးစက်ရောဂါတွေမဖြစ်အောင် ကာကွယ်ပြီးသား ဖြစ်စေပါတယ်။ ဒါပေမဲ့ ကာကွယ်ဆေးထိုးတာနဲ့ပတ်သက်ပြီး တချို့သောမေမေတွေ လွဲမှားစွာသိထားကြတဲ့ အချက်လေးတွေ ရှိနေပါတယ်။ ဒီအချက်တွေရဲ့ အဖြေမှန်က ဘာလဲဆိုတာကို ဒီဆောင်းပါးကနေတစ်ဆင့် လေ့လာကြည့်ကြရအောင်နော်။
၁။ ကာကွယ်ဆေးအများကြီးကို တစ်ကြိမ်တည်းမှာထိုးတာဟာ စိတ်မချရပါဘူး။
ကလေးဘဝမှာထိုးတဲ့ ကာကွယ်ဆေးတွေဟာ ပေါင်းစပ်ထားတဲ့ ကာကွယ်ဆေးတွေဖြစ်လို့ ကလေးရဲ့ခန္ဓာကိုယ်ထဲကို အပ်ထိုးသွင်းရတဲ့အကြိမ်ရေလည်း မများပါဘူး။ လေးငါးမျိုးလောက် ပေါင်းစပ်ထားပေမယ့်လည်း တစ်မျိုးချင်းထိုးသလိုပဲ ထိရောက်မှုရှိပါတယ်။
Atussin Kids 1

၂။ ကလေးအသက်ကြီးမှ ကာကွယ်ဆေးထိုးရင် ဘေးထွက်ဆိုးကျိုးတွေကို ပိုပြီးခံနိုင်ရည်ရှိပါတယ်။
ကလေးအသက်ကြီးလေ ကိုယ်ခံအားစနစ်ရဲ့တုံ့ပြန်မှု ပိုကောင်းလေဖြစ်လို့ ကာကွယ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ပိုပြီးခံစားရနိုင်ပါတယ်။
၃။ ကာကွယ်ဆေးထိုးပြီး မဖျားရင် ထိရောက်မှုမရှိတာ ဖြစ်နိုင်ပါတယ်။
ဖျားတာဟာ ကာကွယ်ဆေးထိုးခြင်းရဲ့ အဖြစ်များတဲ့ နောက်ဆက်တွဲဆိုးကျိုးဖြစ်ပေမယ့် ၁၀-၁၅ % လောက်မှာပဲ ဖြစ်လေ့ရှိပါတယ်။ ဒါကြောင့် ကာကွယ်ဆေးထိုးပြီး မဖျားတာနဲ့ပဲ ထိရောက်မှုမရှိဘူးလို့ ပြောလို့မရပါဘူး။
၄။ ရောဂါဖြစ်ပြီးမှရတဲ့ ကိုယ်ခံအားက ကာကွယ်ဆေးထိုးပြီးရတဲ့ ကိုယ်ခံအားထက် ပိုပြီးကောင်းပါတယ်။
အတန်အသင့်မှန်ပေမယ့်လည်း ကလေးကို ရောဂါကူးစက်စေဖို့ ကာကွယ်ဆေးမထိုးဘဲ မနေတာဟာ မဖြစ်သင့်ပါဘူး။ ရောဂါကူးစက်ခံရတဲ့အခါ ဘက်တီးရီးယား (သို့) ဗိုင်းရပ်စ်ပိုးကောင်ရေ အများကြီး ခန္ဓာကိုယ်ထဲကို ဝင်သွားတာဖြစ်လို့ ရောဂါလက္ခဏာ ပြင်းထန်နိုင်ပြီး အခန့်မသင့်ရင် နောက်ဆက်တွဲဆိုးကျိုးတွေကိုပါ ခံစားရနိုင်ပါတယ်။
Atussin Kids 2

၅။ သုံးမျိုးစပ်ကာကွယ်ဆေး (MMR Vaccine) ဟာ အော်တစ်ဇင်ရောဂါကို ဖြစ်စေပါတယ်။
ကလေး ၁.၈ သန်းကို လေ့လာမှုလုပ်တဲ့အခါ သုံးမျိုးစပ်ကာကွယ်ဆေးထိုးပြီး အော်တစ်ဇင်ရတဲ့သူဆိုတာ လုံးဝကိုမရှိပါဘူး။ ဒါကြောင့် ဒါဟာ ထင်မြင်ချက်သက်သက်သာ ဖြစ်ပါတယ်။
၆။ ကြက်ဥနဲ့မတည့်ရင် ရာသီတုပ်ကွေးကာကွယ်ဆေးကို မထိုးသင့်ပါဘူး။
ရာသီတုပ်ကွေးကာကွယ်ဆေးမှာ ကြက်ဥအကာပရိုတင်း (egg white protein) မဆိုစလောက်ပမာဏလေးသာ ပါဝင်လို့ ထိုးဖူးတဲ့ကလေးတွေမှာ ဓာတ်မတည့်မှုလက္ခဏာတွေ ပြလေ့မရှိပါဘူး။ ဒါပေမဲ့ မိမိတို့ရဲ့ကလေးမှာ ကြက်ဥနဲ့ဓာတ်မတည့်တာ အရမ်းပြင်းထန်တယ်ဆိုရင်၊ အသက်အန္တရာယ်ရှိတဲ့အထိ ဖြစ်ခဲ့ဖူးတယ်ဆိုရင်တော့ ကာကွယ်ဆေးထိုးပြီး ဓာတ်မတည့်မှုဖြစ်လာတဲ့အခါ ကုသမှုချက်ချင်းပေးနိုင်တဲ့ ဆေးရုံတွေ၊ ကျန်းမာရေးဌာနတွေမှာပဲ ကာကွယ်ဆေးထိုးကြဖို့ အကြံပြုချင်ပါတယ်။
အခုဆိုရင် ကာကွယ်ဆေးနဲ့ပတ်သက်တဲ့ အယူအဆအမှားတွေနဲ့ တကယ့်အဖြေမှန်တွေကို ဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။ မေမေတို့အနေနဲ့ ဒီလိုအယူအဆအမှားတွေကို ယုံကြည်ပြီးတော့ ကလေးကိုသာ ကာကွယ်ဆေးမထိုးပေးဘူးဆိုရင် ကလေးတွေအနေနဲ့ ရောဂါကူးစက်ခံရပြီး အသက်အန္တရာယ်ရှိနိုင်ပါတယ်။ ဒါကြောင့် ကလေးရဲ့အသက်အရွယ်အလိုက် ထိုးပေးရမယ့် ကာကွယ်ဆေးတွေကို အချိန်မလွန်ပဲထိုးပေးဖို့ တိုက်တွန်းလိုက်ပါရစေနော်။
Dr. Aye Hsu Mon (www.drmyanmar.com)