/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးတွေ-ကျန်းမာစေဖို့-အလေ့အကျင့်ကောင်းများ

ကလေးတွေ ကျန်းမာစေဖို့ အလေ့အကျင့်ကောင်းများ

Category
ကလေးများနှင့်ကျန်းမာရေး

မိဘတိုင်းလိုလို မိမိတို့ကလေးတွေကို ဘယ်အသက်အရွယ်မှာမဆို ကျန်းမာဖို့ မျှော်လင့်ကြတာချည်းပါ။ ဒီလိုကျန်းမာဖို့ဆိုရင် ငယ်ငယ်တည်းက ကျန်းမာစေတဲ့ အလေ့အကျင့်ကောင်းတွေကို ပျိုးထောင်ပေးထားမှ သူတို့တွေရဲ့ သက်တမ်းတစ်လျှောက်ကို  ကျန်းကျန်းမာမာနဲ့ ဖြတ်သန်းနိုင်မှာပါ။ သားသားမီးမီးတို့ ကျန်းမာဖို့ဆိုရင် ဖေဖေမေမေတို့အနေနဲ့  အောက်ဖော်ပြပါ အချက် (၅) ချက်ကို ဂရုတစိုက် လုပ်ဆောင်ပေးသင့်ပါတယ်။

၁။ ကောင်းမွန်သော အာဟာရဓာတ် ပါဝင်အောင် ရွေးချယ်စားသုံးပါ။
အာဟာရစုံလင်စွာ စားသောက်မှ ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးပြီး ကျန်းမာမှာပါ။ ကလေးတစ်ယောက်ဟာ ခန္ဓာကိုယ်အပြင် ဦးနှောက်လည်း ကောင်းစွာဖွံ့ဖြိုးသင့်ပါတယ်။ ဦးနှောက်နဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုမှာ အဓိကကျတဲ့ အာဟာရဓာတ်တစ်မျိုးကတော့ Omega-3 fatty acid ဖြစ်တဲ့ DHA ဖြစ်လို့ ကလေးတွေအနေနဲ့ DHA ကြွယ်ဝတဲ့ ငါးနဲ့ အစေ့အဆံတွေ စားပေးဖို့ လိုအပ်ပါတယ်။

ကျန်းမာဖို့ဆိုရင် ကိုယ်ခံအားကောင်းဖို့လိုလို့ Antioxidant ဂုဏ်သတ္တိရှိတဲ့ ဗီတာမင်အေ၊ ဗီတာမင်စီနဲ့ ဗီတာမင်အီး ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေ၊ သွေးအားနည်းခြင်းကို ကာကွယ်ပေးမယ့် သံဓာတ်ကြွယ်ဝတဲ့ အသားအမျိုးမျိုးနဲ့ အူလမ်းကြောင်းကျန်းမာရေးကို ထိန်းသိမ်းပေးတဲ့ lcFOS နဲ့ Inulin လို အမျှင်ဓာတ်တွေ ကြွယ်ဝတဲ့ Prebiotics တွေ စားပေးဖို့လည်း လိုအပ်ပါတယ်။ ဖော်စပ်စာနဲ့ ဖော်မြူလာနို့သောက်တဲ့ ကလေးတွေဆိုရင်လည်း ဒီလိုဓာတ်တွေ အစုံအလင်ပါတဲ့ ဖော်စပ်စာနဲ့ ဖော်မြူလာနို့တွေကို ရွေးချယ်တိုက်ကျွေးသင့်ပါတယ်။

Dugro IA 1

၂။ အိပ်ရေးဝဝအိပ်ပါ။
ကျန်းမာရေးနဲ့ညီညွတ်တဲ့ နေထိုင်မှုပုံစံမှာ အိပ်စက်ခြင်းလည်း တစ်စိတ်တစ်ပိုင်းအနေနဲ့ ပါဝင်ပါတယ်။ လေ့လာချက်များအရ အိပ်စက်ချိန် လုံလုံလောက်လောက်ရတဲ့ ကလေးတွေဟာ အာရုံစူးစိုက်နိုင်စွမ်းရည်၊ လေ့လာသင်ယူမှုစွမ်းရည်၊ မှတ်ဉာဏ်၊ အပြုအမူနဲ့ ကိုယ်ကျန်းမာရေး၊ စိတ်ကျန်းမာရေး ပိုမိုကောင်းမွန်တာကို တွေ့ရပါတယ်။ အိပ်ရေးမဝခဲ့ရင် နောင်တစ်ချိန်မှာ သွေးတိုးရောဂါ၊ အဝလွန်ခြင်းနဲ့ စိတ်ဓာတ်ကျတာတွေအထိ ဖြစ်လာနိုင်ပါတယ်။

ကလေးတစ်ယောက်အတွက် လိုအပ်တဲ့အိပ်စက်ချိန်ဟာ အသက်အရွယ်ပေါ်မူတည်ပြီး ကွာခြားပါတယ်။ အသက်နှစ်နှစ်အထက်ဆိုရင် (၁၁) နာရီကနေ (၁၄) နာရီ၊ သုံးနှစ်ကနေ ငါးနှစ်ဆိုရင် (၁၀) နာရီကနေ (၁၃) နာရီနဲ့ ခြောက်နှစ်နဲ့အထက်ဆိုရင် (၉) နာရီကနေ (၁၂) နာရီအထိ အိပ်ပေးဖို့  လိုအပ်ပါတယ်။

၃။ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပါ။
ဆိုဖာပေါ်မှာ ငြိမ်ငြိမ်လေး ထိုင်နေတာထက်စာရင် လှုပ်လှုပ်ရှားရှားနေတာက ကလေးတွေအတွက် ပိုအကျိုးရှိပါတယ်။ ကိုယ်လက်လှုပ်ရှားခြင်းဟာ ကလေးတွေရဲ့ ကိုယ်ကျန်းမာရေး၊ စိတ်အခြေအနေနဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက် အရေးကြီးပါတယ်။ အရိုး၊ ကြွက်သား၊ နှလုံးနဲ့ အဆုတ်တို့ကို သန်မာစေတယ်။ ခန္ဓာကိုယ်ကို ဟန်ချက်ညီစေပြီး ပျော့ပျောင်းစေတယ်။ ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းထားနိုင်တယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှု ပိုရှိလာစေတယ်။ စိတ်အပန်းပြေပြီးတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေတယ်။ ကျောင်းစာမှာ ပိုပြီး အာရုံစိုက်နိုင်စေတယ်။ အသင်းအဖွဲ့နဲ့ လုပ်ဆောင်တတ်စေတယ်။
ဒါ့အပြင် အသက်ကြီးလာတဲ့အခါ နှလုံးရောဂါ၊ ကင်ဆာရောဂါနဲ့ ဆီးချိုသွေးချိုရောဂါ ဖြစ်နိုင်ချေကိုလည်း လျော့ကျစေပါတယ်။ ကလေးအသက်အရွယ်ပေါ်  မူတည်ပြီးတော့ သုံးနှစ်ကနေ ငါးနှစ်ဆိုရင် တစ်နေ့ကို အနည်းဆုံး သုံးနာရီလောက် ကိုယ်လက်လှုပ်ရှားမှု ရှိသင့်ပါတယ်။ ဒီထဲမှာမှ တစ်နာရီကတော့ တကယ့်ကို အားပါးတရ လှုပ်လှုပ်ရှားရှား ကစားတာမျိုး ဖြစ်သင့်ပါတယ်။

ငါးနှစ်အထက်ကလေးတွဆိုရင် တစ်နေ့မှာ ပေါ့ပေ့ါပါးပါးလှုပ်ရှားမှုတွေ နာရီများစွာရှိသင့်ပြီး အနည်းဆုံး တစ်နာရီခန့် အသင့်အတင့်ကနေ ပြင်းပြင်းထန်ထန် ကိုယ်လက်လှုပ်ရှားမှု ရှိသင့်ပါတယ်။ ကလေးကို တစ်ယောက်တည်း လုပ်ခိုင်းတာထက်စာရင် တစ်မိသားစုလုံး သိုက်သိုက်ဝန်းဝန်းလုပ်တာက ပိုထိရောက်စေပါတယ်။

Dugro IA 2

၄။ ပိုးမကူးအောင် နေပါ။
ရောဂါပိုးမွှားတွေဟာ နေရာအနှံ့မှာ ရှိနေနိုင်ပါတယ်။ ဒီပိုးမွှားတွေကို ကိုင်တွယ်ထားတဲ့လက်နဲ့  နှာခေါင်း၊ ပါးစပ်၊ မျက်လုံးတို့ကို ပြန်ကိုင်မိတယ်ဆိုရင် ရောဂါပိုးတွေ ခန္ဓာကိုယ်ထဲ ဝင်လာပါလိမ့်မယ်။ ဒါကြောင့် ရောဂါပိုးမကူးဖို့ဆိုရင် ကလေးတွေကို အစာမစားခင်၊ ပစ္စည်းတစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း၊ တိရစ္ဆာန်တွေကို ကိုင်တွယ်ပြီးတိုင်း၊ နှာချေချောင်းဆိုးပြီးတိုင်းနဲ့ အပေါ့အလေးသွားပြီးတိုင်းမှာ လက်ဆေးတတ်အောင် သင်ထားပေးဖို့ လိုအပ်ပါတယ်။

လက်ဆေးတဲ့အခါမှာလည်း ပြီးပြီးရော မဆေးစေဘဲ လက်ကို ဆပ်ပြာနဲ့ စက္ကန့် (၂၀) ကြာအောင် ပွတ်တိုက်ပြီးမှ ရေဆေးဖို့ သင်ကြားပေးပါ။ စက္ကန့် (၂၀) ဘယ်လောက်ကြာလဲ မခန့်မှန်းတတ်ဘူးဆိုရင် Happy birthday သီချင်းကို နှစ်ခေါက်ဆိုပြီးတဲ့အထိ လို့ မှတ်ထားစေပါ။ ဆပ်ပြာနဲ့ရေ အလွယ်တကူ မရနိုင်ဘူးဆိုရင် အယ်လ်ကိုဟောပါဝင်တဲ့ လက်သန့်ဆေးရည်ကို အသုံးပြုနိုင်ပါတယ်။

၅။ ဆေးလိပ်ငွေ့ တစ်ဆင့်ခံ မရှူမိပါစေနဲ့။
ဆေးလိပ်သောက်ခြင်းဟာ ကိုယ်တိုင်သောက်တဲ့သူအတွက်ရော တစ်ဆင့်ခံရှူမိသူအတွက်ပါ ကျန်းမာရေး ထိခိုက်စေပါတယ်။ လေ့လာချက်တွေအရ ဆေးလိပ်ငွေ့ကို ခဏလေးပဲ ရှူမိရင်တောင် အန္တရာယ်ဖြစ်နိုင်တယ်လို့ ဆိုထားပါတယ်။
အထူးသဖြင့် ကလေးတွေအတွက်ဆို ပိုပြီး အန္တရာယ်ရှိပါတယ်။ ဆေးလိပ်ငွေ့မှာပါဝင်တဲ့ အန္တရာယ်ဖြစ်စေတဲ့ ဓာတုပစ္စည်းတွေက လေထဲမှာ နာရီပေါင်းများစွာကြာအောင် ရှိနေနိုင်လို့ မိမိတို့အိမ်မှာ ပုံမှန် ဆေးလိပ်သောက်တဲ့သူရှိရင် ကလေးအနေနဲ့ တစ်နှစ်ကို ဆေးလိပ် အလိပ် (၆၀) ကနေ (၁၅၀) သောက်တာနဲ့ညီမျှတဲ့ နီကိုတင်းပမာဏကို ရှူရှိုက်မိပြီးသား ဖြစ်ပါလိမ့်မယ်။
တစ်ဆင့်ခံဆေးလိပ်ငွေ့ရှုမိတဲ့အခါ ကင်ဆာရောဂါ၊ နှလုံးရောဂါ၊ အဆုတ်ရောင်ရောဂါ၊ ပန်းနာရင်ကြပ်ရောဂါ နဲ့ ဆီးချိုသွေးချိုရောဂါ ဖြစ်နိုင်ချေကို မြင့်တက်စေပါတယ်။ ဒါကြောင့် တစ်ဆင့်ခံ ဆေးလိပ်ငွေ့ရှူမိခြင်းရဲ့ ဆိုးကျိုးတွေ မရှိဖို့ဆိုရင် ကလေးရဲ့ ပတ်ဝန်းကျင်နားမှာ လုံးဝ (လုံးဝ) ဆေးလိပ်မသောက်ဖို့ လိုအပ်ပါတယ်။

ကျန်းမာစေတဲ့ အလေ့အကျင့်ကောင်းတွေဆိုတာ ဖေဖေမေမေတို့ကပဲ ကလေးအတွက် အမြဲလုပ်ပေးနေလို့ အဆင်မပြေပါဘူး။ ကလေးကိုယ်တိုင်က အကျင့်ဖြစ်ပြီး သူ့ဘာသာသူ လုပ်ဆောင်တတ်မှ ရမှာပါ။ ဒီလိုလုပ်တတ်ဖို့ဆိုရင် လူကြီးတွေက သရုပ်ပြပေးဖို့ လိုအပ်ပါတယ်။ ကလေးတွေဆိုတာ မိဘတွေလုပ်တာကို အတုယူလေ့ရှိတာကြောင့် ကျန်းမာစေတဲ့ အလေ့အကျင့်ကောင်းတွေကို ကလေးတွေ သက်တမ်းတစ်လျှောက် စွဲစွဲမြဲမြဲ လုပ်ဆောင်တတ်စေဖို့ ဖေဖေမေမေတို့က ရှေ့ကနေ လမ်းပြလုပ်ဆောင်ပေးသင့်ပါတယ်။

Dr. Aye Hsu Mon (www.drmyanmar.com)