ကလေးတွေ တီဗွီအလွန်အကျွံကြည့်တဲ့အခါ ဖြစ်လာနိုင်တဲ့ ဆိုးကျိုးများ
ကလေးအများစုဟာ ကျောင်းမတက်ခင်အရွယ်ကတည်းက TV ကြည့်တဲ့အလေ့အကျင့်တွေရှိနေကြပါပြီ။ Kaiser Family Foundation ရဲ့အဆိုအရ-
- တစ်နှစ်အောက်ကလေးငယ်တွေနဲ့ တွားသွားတတ်တဲ့အရွယ်ရှိတဲ့ကလေးတွေရဲ့ သုံးပုံနှစ်ပုံက တစ်နေ့ကို 2 နာရီလောက် ဖန်သားပြင်ကို ကြည့်နေကြပါတယ်။
- 6 နှစ်အောက်ကလေးတွေကလည်း တစ်နေ့ကို 2 နာရီခန့် TV ၊ ဗီဒီယို၊ ဒီဗွီဒီ စတဲ့ဖန်သားပြင်တွေကို ကြည့်ကြပါတယ်။
- အသက် 8 - 18 ကလေးတွေနဲ့ ဆယ်ကျော်သက်အရွယ်တွေကတော့ တစ်နေ့ကို 4 နာရီနီးပါး TV ဖန်သားပြင်ရှေ့မှာ အချိန်ကုန်ပြီးတော့ နောက်ထပ် 2 နာရီလောက် ကွန်ပျူတာရှေ့မှာနဲ့ ဗွီဒီယိုဂိမ်းကစားခြင်းအားဖြင့် အချိန်ကုန်လေ့ရှိကြပါတယ်။
အမေရိကန်နိုင်ငံ ကလေးအထူးကုဆရာဝန်များအသင်းကတော့ အသက် 2 နှစ်အောက်ကလေးတွေက TV မကြည့်သင့်ပါ။ အသက် 2 နှစ်အထက်ကလေးတွေအနေနဲ့လည်း တစ်နေ့ကို 1-2 နာရီထက်ပိုပြီး TV မကြည့်သင့်ဘူးလို့ဆိုပါတယ်။
ကလေးတွေရဲ့ပထမအသက် 2 နှစ်က ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အရေးအကြီးဆုံးပါပဲ။ ယခုအခါ TV နဲ့ အခြားလျှပ်စစ်ပစ္စည်းတွေက သင်ယူခြင်း၊ ကျန်းမာတဲ့စိတ်နဲ့ ကိုယ်ခန္ဓာဖွံ့ဖြိုးမှုတွေကိုအားပေးတဲ့ ကစားခြင်း၊ မိဘနဲ့ အခြားသူတွေကြား ဆက်သွယ်တုန်ပြန်မှုတွေကြားကို ထိုးဖောက်ဝင်ရောက်လာပါတယ်။
ကလေးတွေကြီးပြင်းလာတာနဲ့အမျှ ဒီလိုဖန်သားပြင်တွေကို အချိန်အကြာကြီးကြည့်ခြင်းဖြင့် သူတို့ရဲ့လုပ်ဆောင်ချက်တွေဖြစ်တဲ့ တက်ကြွတဲ့ကိုယ်လက်လှုပ်ရှားခြင်း၊ စာဖတ်ခြင်း၊ အိမ်စာလုပ်ခြင်း၊ သူငယ်ချင်းများနှင့်ကစားခြင်း နဲ့ မိသားစုကိုအချိန်ပေးခြင်းတွေကို နည်းလာစေပါတယ်။
တကယ်တော့ TV ကို အတော်အသင့်ကြည့်မယ်ဆိုရင် ကောင်းကျိုးတွေလည်းရရှိနိုင်ပါတယ်။ မူကြိုအရွယ်ကလေးတွေက ရုပ်မြင်သံကြားအစီအစဉ်တွေကနေ အက္ခရာစာလုံးတွေသင်ယူနိုင်သလို၊ ကျောင်းနေအရွယ်ကလေးတွေက သဘာဝအကြောင်းပြတဲ့အစီအစဉ်တွေကနေ တောရိုင်းတိရိစၧာန်တွေအကြောင်း လေ့လာသိရှိနိုင်ပါတယ်။ TV ကအကောင်းဆုံး ပညာပေးအစီအစဉ်ဖြစ်သလို ဖျော်ဖြေရေးပစ္စည်းတစ်ခုဖြစ်တယ်ဆိုတာတော့ ငြင်းပယ်စရာမရှိပါဘူး။
TVအလွန်အကျွံကြည့်ခြင်း၏ ဆိုးကျိုးများ
1. တစ်နေ့ကို 4 နာရီထက်ပိုပြီး TV ကြည့်တဲ့ကလေးတွေက အဝလွန်နိုင်ပါတယ်။
2. TV မှာ အကြမ်းဖက်တဲ့အစီအစဉ်တွေကို ကြည့်ပါများတဲ့ကလေးတွေမှာ ကြမ်းတမ်းတဲ့အမူအရာတွေရှိလာတတ်ကြတယ်၊ ကမ်ဘာကြီးက ကြောက်စရာတွေနဲ့ပြည့်နှက်နေတယ်လို့လည်းထင်တတ်ကြပြီး သူတို့ကိုတစ်ခုခုမကောင်းတာဖြစ်လာမယ်လို့ တွေးကြောက်နေတတ်ကြပါတယ်။
3. TV မှာလာလေ့ရှိတဲ့ ဇာတ်ဆောင်စရိုက်တွေက ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်းလိုမျိုး အန္တရာယ်ရှိတဲ့အပြုအမူတွေကိုပြလေ့ရှိပြီး ကျား၊ မ အခန်းကဏ္႑တွေအကြောင်းနဲ့ လူမျိုးကွဲပြားမှုတွေကို ထပ်လောင်းဖော်ပြလေ့ရှိပါတယ်။
ဒါတွေကို အဖြေရှာကြတဲ့အခါမှာတော့ ကလေးတွေကို ထောက်ခံအားပေးကြသူတွေမှာ အုပ်စုကွဲသွားကြပါတယ်။ အများစုက TV ကလာတဲ့ပညာရေးအစီအစဉ်တွေကို ကြည့်ဖို့အားပေးကြပေမယ့် ကျန်သူတွေကတော့ TV လုံးဝမကြည့်တာက အကောင်းဆုံးပဲလို့ဆိုကြပါတယ်။ အချို့ကတော့ မိဘတွေက ကလေးတွေTV ကြည့်ချိန်ကိုထိန်းချုပ်သင့်တယ်၊ ပြီးတော့ ကလေးတွေကို TV ဆိုတာ တစ်ခါတစ််ရံစိတ်အပန်းဖြေဖို့ဖြစ်ပြီး အမြဲမကြည့်သင့်ဘူးဆိုတာသင်ထားသင့်တယ်လို့ဆိုကြပါတယ်။
ဒါတွေကိုကြည့်ခြင်းဖြင့် TV မှာဘာတွေလာနေလဲဆိုတာကို သိအောင်လုပ်ထားဖို့လိုပြီး ကိုယ့်ရဲ့ကလေးတွေ TV ရှေ့မှာပဲအချိန်တွေအများကြီးကုန်မနေစေဖို့ TV ကြည့်ချိန်ကိုသေချာကန့်သတ်ထားဖိို့လည်း အရေးကြီးကြောင်းသိရှိနိုင်ပါတယ်။
TVကို အကျိုးရှိအောင်ကြည့်ခြင်း
မိမိတို့အိမ်မှာ TV ကိုအကျိုးရှိအောင်ကြည့်နိုင်တဲ့ နည်းလမ်းအချို့ကတော့ -
1. TVကြည့်ချိန်ကို နာရီသတ်မှတ်ထားပါ။
2. TV ကြည့်တာထက်အခြားအရာတွေကို ပိုလုပ်ဖြစ်အောင် TVထားတဲ့အခန်းထဲမှာ အခြားဖန်သားပြင်မပါတဲ့ ဖျော်ဖြေရေးပစ္စည်းတွေဖြစ်တဲ့ စာအုပ်၊ ကလေး မဂ္ဂဇင်း၊ အရုပ်၊ ဉာဏ်စမ်းပစ္စည်း စတဲ့အရာတွေထားပေးပါ။
3. TV နဲ့ အင်တာနက်ချိတ်ဆက်မှုတွေကို အိပ်ခန်းအပြင်ဘက်မှာပဲထားပါ။
4. အစာစားနေချိန်မှာ TV ပိတ်ထားပါ။
5. ကလေးတွေကို အိမ်စာတွေလုပ်နေစဉ် TV ကြည့်ခွင့်မပေးပါနဲ့။
6. TV ကြည့်ခြင်းကို ရပိုင်ခွင့်တစ်ခုအနေနဲ့မဟုတ်ဘဲ အထူးအခွင့်အရေးအနေနဲ့ထားရှိပါ။ မိသားစုအတွင်း TV ကြည့်ရန် စည်းကမ်းများချမှတ်ထားရှိပါ။ ဥပမာ - TV ကို အိမ်အလုပ်တွေ၊ အိမ်စာတွေ လုပ်ပြီးမှကြည့်ရမယ်။
7. ကြားရက်တွေမှာ TV ကြည့်ခွင့်ပိတ်ထားပါ။ ကြားရက်တွေမှာ ကျောင်းစာတွေ၊ အားကစားလုပ်ငန်းတွေ၊ အလုပ်တာဝန်တွေကို ပြီးအောင်လုပ်ထားခြင်းဖြင့် ပိတ်ရက်မှာမိသားစုအတွက် အချိန်ပိုရအောင်ရှာထားပါ။ ကြားရက်တွေမှာပြတဲ့ အစီအစဉ်တွေကိုဖမ်းယူထားပြီး ပိတ်ရက်တွေမှာကြည့်ခြင်းဖြင့် ကြားရက်တွေမှာမိသားစုနဲ့အတူ အစာစားချိန်၊ ဂိမ်းကစားချိန်၊ ကိုယ်လက်လှုပ်ရှားချိန်နဲ့ စာဖတ်ချိန်တွေပိုရလာပါလိမ့်မယ်။
8. မိမိကိုယ်တိုင်ရဲ့TV ကြည့်ချိန်ကိုသတ်မှတ်ထားခြင်းဖြင့် ဥပမာကောင်းတစ်ခုဖြစ်အောင်နေထိုင်ပါ။
9. မိသားစုအတူကြည့်သင့်တဲ့ TV အစီအစဉ်တွေ ( ဖွံ့ဖြိုးရေးအစီအစဉ်၊ မိသားစုတန်ဖိုးကို မြှင့်တင်ပေးမယ့် အကြမ်းမဖက်တဲ့အစီအစဉ်) ကို စစ်ဆေးကြည့်ပါ။ စိတ်ဝင်စားမှုကိုအားကောင်းစေသော၊ ဝါသနာပါတွေကိုလေ့လာနိုင်သော၊ ပညာရေးနဲ့ဆိုင်သော အစီအစဉ်တွေကိုရွေးကြည့်ပါ။
10. ကလေးနဲ့ အတူတကွ TV ကြည့်ပါ။ အစီအစဉ်တစ်ခုလုံး မကြည့်နိုင်ရင်တောင် အစပိုင်းမိနစ်အနည်းငယ်တော့ကြည့်ပါ။
11. ကလေးတွေကို TV မှာဘာတွေကြည့်ခဲ့ရလဲမေးကြည့်ပြီး မိမိယုံကြည်တာတွေ၊ တန်ဖိုးရှိတာတွေကို ပြောပြပါ။ တစ်စုံတစ်ခု အဆင်မပြေတာတွေ့လာရင် ပိတ်လိုက်ပါ။ ပြီးတော့ ကလေးတွေကို “ဒီလူတွေ ချနေကြတာကောင်းတယ်လို့ထင်လား?” “ဒီလိုချမယ့်အစား ဘယ်လိုဖြေရှင်းသင့်လဲ၊ မင်းဆိုရင်ကောဘယ်လို လုပ်ချင်လဲ?” သို့ “ဒီလိုဆယ်ကျော်သက်အရွယ်တွေက ဘယ်လိုပြုမူနေတယ်လို့ထင်လဲ၊ သူတို့လုပ်နေတာတွေက မှားတယ်လို့ထင်လား?” စသည်ဖြင့် မေးကြည့်ပါ။ တစ်ချို့ဇာတ်ဆောင်တွေရဲ့စရိုက်တွေကမကောင်းဘဲ နှိမ်ချဆက်ဆံနေတာမျိုးတွေတွေ့ရင် လူတွေတစ်ဦးနဲ့တစ်ဦးကွဲပြားကြပေမယ့် လူတိုင်းကိုမျှမျှတတဆက်ဆံသင့်တဲ့အကြောင်းကို နားဝင်အောင်ပြောပြပေးပါ။ TV ကိုအသုံးပြုပြီး ရှုပ်ထွေးနေတဲ့အရာတွေနဲ့ လိင်မှု၊ အချစ်၊ မူးယစ်ဆေးဝါး၊ အရက်၊ ဆေးလိပ်၊ အလုပ်၊ အပြုအမူ၊ မိသားစုဘဝလိုမျိုး ဖော်ပြဖို့ခက်တဲ့ စိတ်ခံစားမှုတွေကို ပြောပြနိုင်ပါတယ်။
12. အခြားမိဘတွေ၊ ဆရာဝန်၊ ဆရာမတွေနဲ့ သူတို့ရဲ့TV ကြည့်တဲ့စည်းကမ်းတွေအကြောင်း ပြောဆိုကြည့်ပြီး ကလေးတွေအတွက် သင့်တော်တဲ့အစီအစဉ်ကိုအကြံဉာဏ်ရယူပါ။
13. TV ကြည့်တာအစား အခြားပျော်စရာနည်းလမ်းတစ်ခုရှာကြည့်ပါ။ ကလေးတွေက TV ကြည့်ချင်နေပြီး ကိုယ်ကပိတ်သင့်ပြီလို့ထင်ရင် တူတူပုံးတိုင်းကစားခြင်း၊ အိမ်ပြင်ဘက်မှာ ကစားခြင်း၊ စာဖတ်ခြင်း၊ ဝါသနာပါတဲ့နည်းတွေရှာခြင်း၊ သီချင်းနားထောင်ခြင်း၊ ကခြင်းများပြုလုပ်ကြဖို့ အကြံပေးပါ။ ဒီလို ဖန်သားပြင်ကိုမကြည့်ရတဲ့ ပျော်စရာနည်းလမ်းတွေက အလွန်ကောင်းမွန်လို့ TV ကိုပိတ်ပြီး အရည်အသွေးပြည့်ဝတဲ့အချိန်တွေကို အတူပျော်ရွှင်စွာဖြတ်သန်းကြပါစို့။
Dr. Mya Myo Myo Swe (www.drmyanmar.com)