ကလေးတွေ နေ့စဥ်စားသောက်မယ့်အထဲမှာ နို့နဲ့နို့ထွက်ပစ္စည်းတွေ ပါဝင်အောင်ကျွေးပါ။
မကြာသေးခင်ကမှထွက်ရှိထားတဲ့ အမေရိကန်အစားအစာလမ်းညွှန်ချက်အရ အသက် 4 - 18 နှစ်ရှိတဲ့ ကလေးတွေက နေ့စဉ်စားသင့်တဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို မစားကြတာကိုတွေ့ရှိရပါတယ်။ ဒီလိုမစားသုံးမှုကြောင့် ကလေးတွေမှာ ထိခိုက်ဒဏ်ရာရှိနိုင်ချေများပြီး အရိုးပျော့ရောဂါတောင်ဖြစ်နိုင်ပါတယ်။
နို့နဲ့ နို့ထွက်ပစ္စည်းတွေမှာ ကစီဓာတ်၊ အသားဓာတ်နဲ့ အဆီဓာတ်တွေပါဝင်တဲ့အပြင် ကယ်ဆီယမ်၊ ဗီတာမင် D အပါအဝင် ဗီတာမင်နဲ့ သတၳုဓာတ်တွေ ပေါကြွယ်ဝစွာပါဝင်တာကြောင့် အရေးကြီးတဲ့အစားအစာတွေဖြစ်ကြပါတယ်။
ကယ်ဆီယမ်နဲ့ ဗီတာမင် D က ကြီးထွားမှုအဆင့်ဆင့်မှာ အရေးပါပါတယ်။ ကယ်ဆီယမ်က အရိုးတွေသန်မာစေပြီး ဗီတာမင် D ကတော့ ကယ်ဆီယမ်ကို ခန္ဓာကိုယ်မှစုပ်ယူနိုင်ရန်အတွက် မရှိမဖြစ်လိုအပ်ပါတယ်။ ဒါကြောင့် ငယ်ရွယ်ပြီးသွက်လက်တဲ့ အားကစားသမားတွေအတွက် နို့ထွက်ပစ္စည်းတွေလုံလောက်အောင်စားသုံးဖို့ အလွန်အရေးကြီးပါတယ်။
နွားနို့၊ ဒိန်ချဉ်၊ ဒိန်ခဲကဲ့သို့သော နို့နဲ့ နို့ထွက်ပစ္စည်းတွေမှာ ကယ်ဆီယမ်ကြွယ်ဝစွာပါဝင်ပါတယ်။
အသက် 4 နှစ်မှ 8 နှစ်ကလေးတွေအတွက် တစ်နေ့လျှင်နို့နဲ့နို့ထွက်ပစ္စည်း 2 ခွက်ခွဲ သောက်ရန်လိုအပ်ပြီး 9-18 နှစ်အတွက် တစ်နေ့လျှင် 3 ခွက်လိုအပ်ပါတယ်။ နို့ထွက်ပစ္စည်းတွေက ပုံစံအမျိုးမျိုးရှိတဲ့အတွက် ဒီအတိုင်းပြည့်မှီအောင် စားသောက်ဖို့မခက်ခဲပါဘူး။
အဆီဓာတ်ပါဝင်မှုနည်းတဲ့ နို့နဲ့နို့ထွက်ပစ္စည်းတွေကို ရွေးချယ်ပါ။
အဆီကင်းလွတ်သော (သို့) အဆီပါဝင်မှုနည်းတဲ့ နို့နဲ့နို့ထွက်ပစ္စည်း၊ နွားနို့နဲ့ ပုံမှန်ဒိန်ခဲတွေဟာ အာဟာရဓာတ်ပါဝင်မှုများလို့ ရွေးချယ်စားသုံးသင့်ပါတယ်။ ဒီထဲမှာမှ ဒိန်ခဲထက်စာရင် ဒိန်ချဉ်နဲ့ နို့တွေကို ပိုစားသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒိန်ချဉ်နဲ့နို့မှာ ပြည့်ဝဆီနဲ့ ဆိုဒီယမ်ပါဝင်မှုပိုနည်းပြီး ပိုတက်ဆီယမ်၊ ဗီတာမင် A နဲ့ D ပါဝင်မှုပိုများခြင်းကြောင့် ဖြစ်ပါတယ်။
ကလေးက နို့နဲ့ ဓာတ်မတဲ့အနေအထား (lactose intolerance) ဆိုရင်တော့ lactose မပါဝင်တဲ့နို့၊ ဒိန်ချဉ်နဲ့ ဒိန်ခဲတွေကို ရွေးချယ်စားသောက်ပါ။ ဒါတွေမှာလည်း အခြားဗီတာမင်နဲ့ သတ္တုဓာတ်တွေအပြင် ဗီတာမင် D နဲ့ ကယ်ဆီယမ်ဓာတ်တွေ ပြည့်ဝစွာပါဝင်ကြပါတယ်။ ပဲနို့မှာလည်း ကယ်ဆီယမ်၊ ဗီတာမင် D အပါအဝင် ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)