/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးတွေ-ပိန်နေသလား-သန်ချပေးပါ

ကလေးတွေ ပိန်နေသလား ... သန်ချပေးပါ

Category
ကလေးများနှင့်ကျန်းမာရေး

          မြန်မာပြည်လို့ ရောဂါပိုးမွှား ထူပြောတဲ့နိုင်ငံမျိုးမှာ သန်ဆိုတာ အပေါဆုံးပဲပေါ့။ အထူးသဖြင့် ကလေးတွေမှာ သန်ထတဲ့အခါ စားသမျှ သန်ကောင်ကို အလုပ်အကျွေးပြုသလိုဖြစ်ပြီး ကလေးလေးတွေ ပိန်လှီနေတတ်တယ်။

          နှင်းဟာ မြန်မာပြည်ဖွား ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင် ကြီးပြင်းလာတဲ့ ကလေးလေးတစ်ယောက်ပေါ့။

          နှင်းကလေးမွေးချိန်ကစ လအတော်ကြာကြာအထိကို မေမေ ချောရူပါဟာ အမေ့နို့ချိုသာ တိုက်ကျွေးခဲ့တယ်။

          ကလေး ၆ လအရွယ် ရောက်တဲ့အခါ မေမေ အလုပ်ပြန်ဝင်ရတာကြောင့် ကလေးကို အကြီးတွေနဲ့သာ ထားခဲ့ရတာပေါ့။ ကလေးကြီးတွေက ဟိုဟိုဒီဒီဆိုင်တွေကနေ ကရေကရာမုန့်တွေ ဝယ်ကျွေးကြပြီး မေမေ ညနေပြန်လာမှ အမေ့နို့ စို့ရတယ်။

          ဒါပေမဲ့ ကလေးအသက် ၂ နှစ်အရွယ် ရောက်လာတဲ့အခါ အကြီးအကျယ် ဖျားပါလေရော။

 

>>    အာဟာရတွေကို လုယူတဲ့သန်ကောင်တွေ

          နောက်ပိုင်းမှာ ကလေးဟာ ခဏခဏ ဝမ်းတွေ လျောတော့တယ်။ မေမေက အိမ်မှာပဲ တတ်သလောက် မှတ်သလောက် ကုပေမယ့် ကိုယ်အလေးချိန်တွေပါ ကျလာတယ်။ ဘာဖြစ်မှန်းမသိ မေမေခမျာ ကြံရာမရ ဖြစ်တော့တာပဲ။

          နောက်ဆုံးမှာတော့ ကလေးကို သားဖွားဆရာမဆီ ခေါ်သွားတော့မှ သန်ကောင်လက်ချက်မှန်း သိလိုက်ရတယ်။ သားဖွားဆရာမက ကလေးကို ဆေးရုံမှာ ပြစေတယ်။

          တဘောင်းမြို့က ဆေးခန်းကိုရောက်တဲ့အခါ ဆရာဝန်က အခုမှ ကလေးကို ခေါ်လာရသလားလို့ ကရုဏာဒေါသနဲ့ မေမေ့ကို ဆူတော့တာပေါ့။ အစကတော့ ဘာကြောင့်ဆူရမှန်း နားမလည်ခဲ့ဘူး။ နောက်မှ ဒီ့ထက်နောက်ကျခဲ့ရင် ကလေး အသက်ဆုံးရှုံးရမှာကို နားလည်သဘောပေါက်ခဲ့တယ်လို့ မေမေက ပြောပြတယ်။

          ဆရာဝန်က ဆေးတွေနဲ့ သန်ချဆေးပေးပြီးနောက်ပိုင်း ကလေး တဖြည်းဖြည်း သက်သာလာတော့တာပါပဲ။ ဒီလိုဆေးကုသစရိတ်တွေကို World Vision အဖွဲ့အစည်းက ထောက်ပံ့ခဲ့တယ်။

          ဆေးတွေကြောင့် နှင်းလေးရဲ့ဘဝ ပြန်လည်စိုပြေတောက်ပခဲ့ရတယ်။

          မေမေတွေ ကလေးကို ဘယ်လိုကျန်းမာရေးနဲ့ ညီညီညွတ်ညွတ် ကျွေးမွေးရမယ်ဆိုတာ သိထားသင့်တယ်နော်။

          မေမေချောတစ်ယောက် အလုပ်ပြန်ဝင်တော့ ထုံးစံအတိုင်း နှင်းကို ကလေးအကြီးတွေနဲ့ ထားခဲ့ရပြန်တယ်။ ကလေးတွေကလည်း ထုံးစံအတိုင်း အာဟာရဓာတ်မရှိတဲ့ လမ်းဘေး ကရေကရာမုန့်တွေ ဝယ်ကျွေးကြပြန်တယ်။ တဖြည်းဖြည်းနဲ့ နှင်းကိုယ်အလေးချိန်တွေ ကျလာပြီး အပြင်းအထန် အာဟာရချို့တဲ့မှုပြဿနာတွေ ဖြစ်လာတယ်။

          ဒီအချိန်မှာလည်း World Vision အဖွဲ့အစည်းက နှင်းအပါအဝင် ကလေး ၁၈ ယောက်ရဲ့ မေမေတွေကို ကလေး ပုံမှန်ကျန်းကျန်းမာမာ ကြီးထွားဖွံ့ဖြိုးဖို့ လိုအပ်တဲ့အစားအသောက် အာဟာရ ပြင်ဆင်နည်းတွေကို ၁၂ ရက်ကြာ ပရိုဂရမ်နဲ့ သင်ကြားခဲ့ကြတယ်။

          အစောပိုင်းမှာ နှင်းက ပြင်ကျွေးတဲ့ အစားအသောက်တွေကို မကြိုက်ပေမယ့် နောက်ပိုင်းတော့ စားလာတယ်လို့ မေမေချောက သူ့အတွေ့အကြုံကို ဝေမျှခဲ့တယ်။

 

>>    နှင်းကလေးရဲ့နောက်ပိုင်းခရီးစဉ်

          ဒီပရိုဂရမ်အပြီးမှာ နှင်းရဲ့ကိုယ်အလေးချိန်ဟာ ၂.၂ ပေါင်ကနေ ၂၁.၂ ပေါင်လောက် တိုးတက်လာတော့တယ်။ ဒါပေမဲ့ နောက်ထပ်ပရိုဂရမ် တစ်ကျော့ပြန် ပြန်သင်ဖို့လည်း လိုခဲ့တယ်။

          ပရိုဂရမ် ၂ ကြိမ်အပြီးမှာ ကလေးရဲ့ ကိုယ်အလေးချိန် ၁၀.၃ ကီလို (၂၂.၇ပေါင်) လောက် တိုးတက်လာတော့ မေမေတစ်ယောက် ပျော်ရွှင်မှုတွေနဲ့ တအံ့တသြပေါ့။

          နှင်းအတွက်တင် မကပါဘူး။ မေမေချောအတွက်လည်း အဆင်ပြေတာပေါ့။

          မေမေဟာ အရင်ကဆို လယ်ကပြန်လာတာနဲ့ လက်မဆေး၊ ခြေမဆေး ကလေးကိုချီပြီး နို့တိုက်တော့တာပဲ။ ဒါကြောင့်လည်း ကလေး ဝမ်းလျောတာပေါ့။ အခုဆိုရင် ပြန်ရောက်တာနဲ့ ကလေး မချီခင် လက်ဆေးဖို့ အရေးကြီးကြောင်း သိသွားပြီလို့ ဆိုတယ်။

          အခုဆိုရင် ကလေးကို အစာအတွင်း ထိုးကျွေးနေစရာလည်း မလိုတော့ဘူး။ ကလေးက သူ့ဟာသူကို တောင်းစားတယ်လို့လည်း သိရတယ်။ ကလေးကို ပရိုဂရမ်က သင်ပေးတဲ့အတိုင်း အစာ ၃ အုပ်စုလုံး စုံအောင်ကျွေးပါသတဲ့။

          ချောတစ်ယောက်  ၇ယောက်မြောက်ကလေးလေး မွေးတဲ့အခါမှာတော့ ကလေးလေးဟာ နှင်းလို သန်ကောင်တွေ၊ ဝမ်းပျက်ဝမ်းလျောတွေ၊ အာဟာရချို့တဲ့မှုတွေနဲ့ တွေ့ကြုံရမှာ မဟုတ်တော့ဘူးပေါ့။

          ဒီကလေးအလှည့်မှာတော့ နှင်းလေးလို မခံစားရအောင် သေသေချာချာ တစ်ကိုယ်ရည် သန့်ရှင်းရေးကို သတိထားပြီး ကလေးကို သေချာစောင့်ရှောက်မှာလို့ မေမေချောက ပြုံးပြုံးလေး ပြောပြပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)