ကလေးတွေ ပိုမိုထက်မြက်လာစေရန် မေမေတို့ လုပ်ဆောင်ပေးသင့်တဲ့နည်းလမ်းများ
မိမိတို့ရဲ့ကလေးတွေကို ပိုမိုထက်မြက်စေချင်တယ်ဆိုရင်တော့ ကျောင်းစာတွေချည်း အတင်းမလုပ်ခိုင်းပါနဲ့နော်။ ကလေးတွေဆိုတာ တစ်ချိန်လုံး စာမှစာဖြစ်နေသင့်တာ မဟုတ်ပါဘူး။ အိပ်ချိန်၊ စားချိန် ပုံမှန်ရှိသင့်သလို အပန်းဖြေချိန်လည်း ပုံမှန်ရှိသင့်ပါတယ်။
ဒါမှလည်း ကျန်းမာပျော်ရွှင်ပြီး ဉာဏ်ရည်ထက်မြက်သူလေးတွေ ဖြစ်လာကြမှာပါ။ မိမိတို့ကလေးတွေကို ဒီထက်ပိုပြီးထက်မြက်စေချင်တယ်ဆိုရင် မေမေတို့အနေနဲ့ လုပ်ဆောင်ပေးသင့်တဲ့ အချက် (၁၀) ချက် ရှိပါတယ်။
၁။ အိပ်ချိန်ပုံမှန် သတ်မှတ်ပေးပါ။
ကလေးတွေအတွက် လုံလောက်တဲ့ အနားယူချိန်ရှိဖို့က မရှိမဖြစ် အရေးကြီးပါတယ်။ ကလေးတစ်ယောက်ဟာ တစ်ညကို အနည်းဆုံး (၈) နာရီခန့် အိပ်စက်သင့်ပါတယ်။ အိပ်ရာဝင်ချိန်၊ အိပ်ရာထချိန်ကို ပုံမှန်လေး သတ်မှတ်ပေးပြီး ကျောင်းပိတ်ရက်မှာပါ အဲ့ဒီအချိန်အတိုင်း အိပ်ခိုင်း၊ ထခိုင်းပါ။
၂။ ဦးနှောက်ကို အလုပ်ပေးပါ။
ကလေးရဲ့ဦးနှောက်ဟာ ရေမြှုပ်လိုပဲ သူ့ဆီဖြတ်လာသမျှကို စုပ်ယူလိုက်သလိုမျိုး အသစ်အဆန်းတွေ့တာနဲ့ မှတ်သားပါတယ်။ ဒါကြောင့် အင်္ဂလိပ်စာလုံးဆက်ခြင်း၊ ပဟေဠိဆက်ခြင်း၊ စစ်တုရင်ကစားခြင်း၊ ကုဗတုံးဆင့်ကစားခြင်း စတဲ့ ကစားနည်းတွေကို ကလေးအသက်အရွယ်နဲ့အညီ ရွေးချယ်ပြီးတော့ ကစားစေပါ။ ဒီလိုလုပ်တာဟာ ဦးနှောက်စွမ်းရည်ကို မြင့်တက်စေပါတယ်။
Nutrilin IA 1

၃။ ကိုယ်လက်လှုပ်ရှားမှု ရှိပါစေ။
အားကစားတစ်ခုခုလုပ်တာမှ မဟုတ်ပါဘူး။ ခြံဝင်းထဲမှာ ဆော့ကစားတာကလည်း ကိုယ်လက်လှုပ်ရှားမှု ဖြစ်စေပါတယ်။ ကိုယ်လက်လှုပ်ရှားတဲ့အခါ ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်လာပါမယ်။ University of Illinos ကနေ လေ့လာချက်အရ ခန္ဓာကိုယ်ကြံ့ခိုင်တဲ့ကလေးဟာ ကျောင်းစာမှာလည်း ထူးချွန်ထက်မြက်ပြီးတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုရှိတာကို တွေ့ရပါတယ်။
၄။ ဂီတနားထောင်စေပါ။
ဂီတနားထောင်တာဟာ စိတ်ကူးစိတ်သန်းကို ကောင်းမွန်စေပါတယ်။ University of Toronto က လုပ်ထားတဲ့ သုတေသနအရ ဂီတလိုက်စားတဲ့ကလေးဟာ လူကြီးတစ်ယောက်ကဲ့သို့ IQ မြင့်တာကို တွေ့ရပါတယ်။
၅။ တွေးခေါ်နိုင်စွမ်းတိုးတက်စေမယ့် ဂိမ်းတွေ ကစားခိုင်းပါ။
ဂိမ်းကစားတာ မကောင်းဘူးဆိုပေမယ့် ကလေးတွေရဲ့ လေ့လာသင်ယူမှုကို တိုးတက်စေတဲ့ဂိမ်းတွေ အများကြီးရှိပါတယ်။ ဒီလိုဂိမ်းမျိုးတွေဟာ အတွေးအခေါ် တီထွင်ဖန်တီးနိုင်စွမ်းနဲ့ အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်မှုကို တိုးတက်စေပါတယ်။ ဒါ့အပြင် ကြွက်သားလှုပ်ရှားမှုနဲ့ မှတ်ဉာဏ်ကိုလည်း ကောင်းမွန်စေပါတယ်။
၆။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေကိုသာ ကျွေးပါ။
အသင့်စားမုန့်တွေဟာ အာဟာရမဖြစ်တဲ့အပြင် ရောဂါတွေလည်း အလွယ်တကူ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အာဟာရစုံလင်တဲ့ ထမင်း၊ ဟင်းနဲ့ သရေစာတို့ကို အချိန်သတ်မှတ်ပြီး ပုံမှန်ကျွေးပေးးပါ။
၇။ စာဖတ်ခိုင်းပါ။
ကလေးရဲ့ လေ့လာသင်ယူမှုစွမ်းရည် တိုးတက်စေဖို့အတွက် ငွေကုန်သက်သာပြီး အကျိုးအရှိဆုံးနည်းလမ်းကတော့ စာဖတ်တာပါ။ ကလေးအသက် စောနိုင်သမျှစောစောမှာ စာအုပ်တွေ များနိုင်သမျှများများ ဖတ်ဖြစ်စေဖို့ တိုက်တွန်းပေးပါ။
Nutrilin IA 2

၈။ လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင် ဖန်တီးပေးပါ။
ကလေးတစ်ယောက် ထူးချွန်ထက်မြက်ဖို့ဆိုရင် သူ့ကိုယ်သူလုံခြုံတယ်လို့ ခံစားမိဖို့က အရေးကြီးပါတယ်။ ဒါကြောင့် ကလေးကို မဆူခင်၊ မရိုက်ခင်မှာ ဒီလိုဆူသင့်၊ ရိုက်သင့်လားဆိုတာ အရင်စဉ်းစားပါ။ ကလေးဆိုတာ နူးညံ့သူလေးတွေဖြစ်လို့ သူတို့ကို နူးနူးညံ့ညံ့လေးပဲ ဆက်ဆံသင့်ပါတယ်။ ကလေးအတွက် တည်ငြိမ်ပြီး ယုံကြည်စိတ်ချရတဲ့ အိမ်ပတ်ဝန်းကျင်ဖြစ်အောင်ဖန်တီးပေးပါ။
၉။ လက်တွေ့ဘဝကနေ အတွေ့အကြုံယူခိုင်းပါ။
ပတ်ဝန်းကျင်ကို လေ့လာတတ်အောင် ကလေးကို မကြာခဏ အပြင်ခေါ်သွားပေးပါ။ ပန်းခြံ၊ တောင်၊ ပြတိုက်၊ တိရစ္ဆာန်ရုံ၊ ကမ်းခြေ စတဲ့ သွားလိုက်တဲ့နေရာတစ်ခုချင်းဆီဟာ ကလေးအတွက် စူးစမ်းလေ့လာတတ်တဲ့ အတွေ့အကြုံကောင်းတွေ ရစေပါတယ်။
၁၀။ ကလေးလုပ်နိုင်သလောက်သာ လုပ်ပါစေ။
ဘယ်သူမဆို နေရာတိုင်းမှာတော့ အတော်ဆုံး အထူးချွန်ဆုံး အမြန်ဆုံးဖြစ်မှာ မဟုတ်ပါဘူး။ လူတိုင်းမှာ စွမ်းဆောင်နိုင်စွမ်းရှိသလို အားနည်းချက်လည်း ရှိပါတယ်။ ဒါကြောင့် ကလေးတွေကို အတင်းတွန်းအားမပေးပါနဲ့။ လုပ်နိုင်သလောက်ပဲ အကောင်းဆုံးလုပ်ဖို့ အားပေးပါ။
အချုပ်ပြောရရင်တော့ ကလေးတစ်ယောက် ထူးချွန်ထက်မြက်ဖို့ဆိုတာ စာတွေချည်း အသည်းအသန်ကျက်၊ သင်တန်းတွေချည်း အသည်းအသန်တက်နေမှ မဟုတ်ပါဘူး။ လက်တွေ့ပတ်ဝန်းကျင်ကနေလည်း လေ့လာသင်ယူနိုင်တာတွေ အများကြီးရှိပါတယ်။
ဒါကြောင့် မေမေတို့အနေနဲ့ မိမိတို့ကလေးကို ပိုမိုထူးချွန်ထက်မြက်စေဖို့ဆိုရင် ကလေးအသက်ငယ်ငယ်ထဲက ပညာရေးကို အတင်းလုပ်ဆောင်စေဖို့ မတိုက်တွန်းပါနဲ့။ ကလေးကို ကလေးတစ်ယောက်လိုပဲ မြင်ပေးပါ။ ကလေးအနေနဲ့ ပတ်ဝန်းကျင်ကနေတစ်ဆင့်၊ သူငယ်ချင်းတွေနဲ့ ဆော့ကစားရင်းကနေတစ်ဆင့် သူ့ဘာသာသူ လေ့လာသင်ယူတတ်ပါစေ။
Dr. Aye Hsu Mon (www.drmyanmar.com)






























