ကလေးတွေ ဘယ်အချိန်မှာ စကားစပြောလဲ
သုတေသနပညာရှင် တော်တော်များများကတော့ ကလေးငယ်တွေဟာ ဗိုက်ထဲမှာတည်းက စကားတွေကို စပြီးနားလည်ဖို့ ကြိုးစားနေကြပြီလို့ ဆိုပါတယ်။
♦ မွေးစကနေ ၃ လ
ဒီအချိန်မှာ ကလေးလေးတွေအဖို့ မိဘကို ငိုပြီးပဲ ပြောပြနိုင်ပါသေးတယ်။ ဗိုက်ဆာတယ်၊ လေထိုးတယ်၊ ရှူးပေါက်ထားတယ်၊ သေးခံလဲပေး စတာတွေကို မတူညီတဲ့ငိုသံတွေနဲ့ ပြောပြတတ်ပါတယ်။
စကားတွေရဲ့ အသံတွေ၊ အဓိပ္ပါယ်တွေကို နားထောင်ပြီး စမှတ်နေပါပြီ။
♦ ၄ လကနေ ၆ လ
ဒီအချိန်မှာတေဗာ့ ဝူးဝူးဝါးဝါး သံလေးတွေ၊ အသံတူ ၂ လုံးတွဲလေးတွေ ဥပမာ - ဘဘ၊ မမ စတာလေးတွေ စပြောတတ်ပါပြီ။ အသက် ၆ လမှာတော့ သူ့နာမည်ခေါ်ရင် သိနေပါပြီ။
♦ ၇ လကနေ ၁ နှစ်
ဝူးဝူးဝါးဝါးအသံတွေပေမယ့် စာကြောင်းတစ်ကြောင်းလုံး ပြောနေသလို ဖြစ်လာပါပြီ။ သူပြောတဲ့ လေယူလေသိမ်း၊ ပြောပုံတွေဟာ သင့်ကို အတုယူပြီး ပြောနေတာပါ။ သူနဲ့အတူ စကားပြောပေးရပါမယ်။
Ceelin 1

♦ ၁ နှစ်ကနေ ၁ နှစ်ခွဲ
ဒီအချိန်မှာ စကား ၁ လုံး၊ ၁ လုံးထက်ပိုတဲ့စကားကို အဓိပ္ပါယ် နားလည်ပြီး စပြောပါတယ်။ ပြီးရင် လေသံအတက်အကျကိုလည်း နားလည်လာပါပြီ။ သူ့ကို ချီစေချင်ရင် ချီပါ ဆိုတာကို လေသံမြှင့်ပြီး ပြောတတ်ပါပြီ။
♦ ၁ နှစ်ခွဲကနေ ၂ နှစ်
စကားလုံးရေ ၅၀ အောက်ပဲ ပြောနိုင်ပေမယ့် သူပြောနိုင်တာထက် အများကြီး ပိုပြီးနားလည်နေပါပြီ။ ပြီးတော့ နေ့တိုင်းလည်း အသစ်တွေ သင်ယူနေတာမို့ ကိုယ်ပြောတာတွေကိုလည်း သတိထားရပါမယ်။
၂ နှစ်အရွယ်မှာတော့ စကား ၄ လုံး၊ ၅ လုံံးပါတဲ့ စာကြောင်းတွေပြောနိုင်ပြီး ကလေးသီချင်းတွေ လိုက်ဆိုနေနိုင်ပါပြီ။ သူ ကြိုက်တာ၊ မကြိုက်တာတွေ၊ ခံစားရတာ၊ တွေးမိတာတွေကိုလည်း ပြောလာနိုင်ပါပြီ။
♦ ၂ နှစ်ကနေ ၃ နှစ်
နာမ်စားတွေကို ကောင်းကောင်း သုံးတတ်လာပါပြီ။ ကိုယ်ပြောတာတွေကို အကုန်နီးပါး နားလည်လာပါပြီ။ သူနဲ့လည်း စကားသေချာပြောလို့ရပြီး သူပြောသမျှလည်း နားလည်လာပါပြီ။
>> ကလေးစကားပြောတတ်အောင် ဘယ်လိုကူညီပေးမလဲ?
♦ စကားပြောပေးပါ
တစ်ချိန်လုံး ပြောနေရမယ် မဆိုလိုပါဘူး။ ကလေးကို ကိုယ် ဘာလုပ်နေတယ်။ ဒါကတော့ ဘာ စသဖြင့် လူကြီးနဲ့ပြောသလို ပြောပေးပါ။ ရိုးရိုးရှင်းရှင်းစကားလုံးတွေ သုံးတာက ပြဿနာမရှိပေမယ့် မပီအောင် တမင်ပြောတာမျိုး မလုပ်ပါနဲ့။
♦ စာဖတ်ပြပါ
စကားလုံးအသစ်တွေ၊ စာကြောင်းတွေကို သင်ယူနိုင်ပါတယ်။
♦ နားထောင်ပေးပါ
ကလေးစကားပြောရင် သေသေချာချာ နားထောင်ပေးပါ။ ပြန်ပြောပေးပါ။ ဒီတော့မှ ပိုပြီးပြောလာပါလိမ့်မယ်။
Ceelin 2

>> ဘယ်လိုအခြေအနေမျိုးဆို ဆရာဝန်နဲ့ ပြဖို့လိုလဲ?
ဒီလိုလက္ခဏာတွေရှိရင် စကားပြောတာ ဒါမှမဟုတ် နားကြားတဲ့နေရာမှာ ပြဿနာရှိလို့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။
♦ ၆ လ ကနေ ၁ နှစ်
မျက်လုံးချင်းမဆိုင်ရင်၊ ဝူးဝူးဝါးဝါးအသံပါ မထွက်ရင်၊ မာမာ ဒါဒါကို အသက် ၁ နှစ်အထိ မပြောရင်
♦ ၁ နှစ်ကနေ ၁ နှစ်ခွဲ
လက်ညှိုးထိုးပြီး ပစ္စည်းတွေပြတာမျိုးမရှိရင်၊ ပြောတတ်ပြီးသားစကားတွေ မပြောတတ်တော့ရင်
♦ ၁ နှစ်ခွဲကနေ ၂ နှစ်
ကိုယ်ပြောတာကို လိုက်မလုပ်နိုင်ရင်၊ ပြောတာတွေကို လိုက်မပြောတတ်ရင်၊ စကား ၁ လုံးစီပဲ ပြောတတ်ရင်
♦ ၂ နှစ်ကနေ ၃ နှစ်
စကား ၂ လုံးတွဲ၊ ၃ လုံးတွဲ မပြောတတ်ရင်၊ ကိုယ်နားလည်အောင် မပြောတတ်ရင် ဆရာဝန်နဲ့ သေချာတိုင်ပင်ပြသဖို့ လိုပါတယ်။
Dr. Htar (www.drmyanmar.com)