ကလေးတွေ မထိုင်သင့်တဲ့ပုံစံ
ကလေးတွေ W ပုံစံထိုင်တာကို မြင်ဖူးကြမှာပါ။ တင်ပါးကို ချ၊ ဒူးကို ကွေးပြီး ခြေထောက်နှစ်ဖက်က တင်ပါးဘေးမှာ ချထားတာမျိုးပါ။ အပေါ်ကနေ ကြည့်ရင် W ပုံစံ ပေါ်နေပါတယ်။
>> ဒီလိုထိုင်တာ မကောင်းဘူးလား?
ကလေးက ဆော့ရင်းနဲ့ တစ်ခါတစ်ရံ ပြောင်းထိုင်တာဆို ကိစ္စမရှိပေမယ့် အကြာကြီးထိုင်တာ၊ ဒီလိုပုံစံနဲ့ အမြဲထိုင်တာမျိုးဆိုရင်တော့ ဆိုးကျိုးတွေ ရှိပါတယ်။
ဘာတွေလဲဆိုတော့ -
1. တင်ပဆုံရိုး လွဲတာ
နဂိုတည်းက အရိုးအဆစ်မကောင်းတဲ့ ကလေးဆိုရင် ဒီလိုအကြာကြီး ထိုင်ရင် တင်ပဆုံရိုးနဲ့ အဆစ်တွေကို ဖိအားဖြစ်စေပြီး လွဲသွားတတ်ပါတယ်။
2. ကြွက်သားတွေ အားမရှိဖြစ်တာ
ဒီလိုပုံနဲ့ ထိုင်တာက ခန္ဓာကိုယ်ကို မတ်မတ်ထားဖို့ လွယ်ကူစေတဲ့အတွက် တခြားကြွက်သားတွေကို သိပ်မသုံးရပါဘူး။ မသုံးတဲ့အတွက် သိပ်ပြီးလည်း မဖွံ့ဖြိုးစေတော့ပါဘူး။
EC Kidz IA 1
3. ခန္ဓာကိုယ် သိပ်မလှည့်ဖြစ်တော့တာ
W ပုံစံထိုင်နေရင် အပေါ်ခန္ဓာကိုယ်ကို ဟိုဘက်၊ ဒီဘက်လှည့်ဖို့၊ ဟိုဘက်ကနေ ဒီဘက်အခြမ်းကို လှမ်းပြီး တစ်ခုခုလုပ်ဖို့ ခက်တတ်ပါတယ်။
4. လက်တစ်ဖက်ကို အားစိုက်သုံးတာ ရှားတာ
W ပုံစံထိုင်ရင် ခန္ဓာကိုယ် အပေါ်ပိုင်းကို ငြိမ်အောင်ထားဖို့ လွယ်ကူပြီး သေချာထိန်းချုပ်နိုင်တာကြောင့် ဘယ်လက်နဲ့ ဘာလုပ်လုပ် လွယ်ကူ အဆင်ပြေစေပါတယ်။ ဒါဟာ နောင်တစ်ချိန် စာရေးတာ ပြုလုပ်ရင် လက်ရွေးချယ်ရာမှာ အခက်အခဲတွေ့တတ်ပါတယ်။
5. ကြွက်သားတွေ မာတင်းနေတာ
ကလေးက နဂိုတည်းက ကြွက်သားတောင့်တင်းတတ်ရင် ဒီလို ထိုင်တာက တင်ပဆုံ၊ ဒူးနဲ့ ခြေကျင်းဝတ်တွေကို ပိုပြီးတောင့်တင်းစေတတ်ပါတယ်။
EC Kidz IA 2
>> ဘယ်လိုလုပ်ပေးရမလဲ?
ကလေးက W ပုံစံထိုင်ရတာ ကြိုက်တယ်ဆိုရင် အဲဒီလိုမထိုင်အောင် လုပ်ပေးလို့ရတာတွေက -
● ထိုင်နေတာ မြင်ရင် ပုံစံပြောင်းပြီး ထိုင်ခိုင်းတာ
● ကြမ်းပြင်ပေါ်မှာ အမြဲထိုင်တာထက်စာရင် ခုံပုလေးတွေမှာ ထိုင်ခိုင်းတာ
● တင်ပလင်ခွေထိုင်တာ၊ တင်ပါးကိုချပြီး ခြေထောက်နှစ်ဖက်ကို အရှေ့ဆင်းပြီး ထိုင်တာ၊ တင်ပါးကို ချပြီး ခြေထောက်နှစ်ဖက်လုံးကို ကွေးပြီး တစ်ဖက်တည်းမှာ ထားတာမျိုး စတာတွေကို ကိုယ်က ပြပေးတာမျိုး လုပ်ပေးလို့ ရပါတယ်။
Dr. Htar (www.drmyanmar.com)





























