/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးတွေ-မှတ်ဉာဏ်ကောင်းစေမယ့်-နည်းလမ်းများ

ကလေးတွေ မှတ်ဉာဏ်ကောင်းစေမယ့် နည်းလမ်းများ

Category
ကလေးများနှင့်ကျန်းမာရေး

သားသားမီးမီးတို့ ထူးချွန်ထက်မြက်ဖို့ဆိုတာ ဖေဖေမေမေတို့ရဲ့ဆန္ဒပါ။ ထူးချွန်ထက်မြက်ဖို့ဆိုရင် မှတ်ဉာဏ်ကောင်းဖို့လည်း လိုအပ်ပါတယ်။ ဒါကြောင့် ကလေးတွေ  မှတ်ဉာဏ်ကောင်းပြီး ထူးချွန်ထက်မြက်ဖို့အတွက် ဖေဖေမေမေတို့အနေနဲ့ အောက်ဖော်ပြပါအချက် (၇) ချက်ကို လုပ်ဆောင်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

၁။  တရားထိုင်ခိုင်းပါ။
တရားထိုင်ခြင်းဟာ လူကြီးတွေအတွက်သာမက ကလေးတွေအတွက်ပါ အကျိုးကျေးဇူးရှိပါတယ်။ တရားထိုင်ခြင်းဟာ ကလေးတွေကို စိတ်ငြိမ်စေရုံသာမက မှတ်ဉာဏ်ကောင်းမွန်အောင်လည်း စွမ်းဆောင်ပေးနိုင်ပါတယ်။ ကလေးအသက် ငယ်ငယ်ကတည်းက ဘယ်လိုတရားထိုင်ရမလဲဆိုတာကို သင်ကြားပေးထားပါ။ စစချင်းမှာ ငါးမိနစ်လောက်ပဲ အချိန်ပေးပြီး နောက်ပိုင်းမှ တဖြည်းဖြည်းအချိန်တိုးတိုးပြီး ထိုင်ခိုင်းပါ။

Nutroplex 1

၂။  လေ့ကျင့်ခန်းလုပ်ပါ။
လေ့ကျင့်ခန်းလုပ်ခြင်းဟာ လူတိုင်းရဲ့ နိစ္စဓူဝအလုပ်တစ်ခုအနေနဲ့ ရှိသင့်ပါတယ်။ လေ့ကျင့်ခန်း နေ့တိုင်းလုပ်တတ်တဲ့ အကျင့်ကို စောစောရလေ ကလေးတွေအတွက် ပိုကောင်းလေပါ။ ကိုယ်လက်လှုပ်ရှားမှုရှိခြင်းဟာ ခန္ဓာကိုယ်ကြံခိုင်စေရုံသာမက ဦးနှောက်စွမ်းဆောင်ရည်ကိုလည်း ပိုမိုထက်မြက်စေပါတယ်။

၃။  ကလေးတွေကို ဆရာတင်ပါ။
တစ်စုံတစ်ခုကို ကောင်းကောင်းနားလည်ရင် သူများကို သေချာပြန်ရှင်းပြတတ်တယ်လို့ ပြောကြပါတယ်။ ဒါကြောင့် ကလေးတွေ အကြောင်းအရာသစ်တစ်ခုကို လေ့လာသင်ယူပြီးတဲ့အခါ ဒီအကြောင်းအရာကို ဖေဖေမေမေတို့ကို (သို့) အငယ်လေးတွေကို ပြန်သင်ပြခိုင်းပါ။ ဒီလိုလုပ်တာဟာ သူတို့လေးတွေကို ပိုမိုထက်မြက်စေပြီး သင်ယူထားတဲ့ အကြောင်းအရာကိုလည်း ရှင်းရှင်းလင်းလင်း နားလည်စေပါတယ်။

၄။  အရောင်လေးတွေနဲ့ တွဲမှတ်ခိုင်းပါ။
ကလေးတွေကို အရောင်လေးတွေသုံးပြီး သင်ကြားပေးတာက ဦးနှောက်ထဲမှာ အချိန်ကြာကြာ စွဲမြဲစေပါတယ်။ ဦးနှောက်ဆိုတာ အများကြီးသင်ပေးပေမယ့် အနည်းငယ်သောပမာဏကိုပဲ စုပ်ယူမှတ်သားတတ်ပါတယ်။ အရောင်လေးတွေဟာ ဦးနှောက်က စုပ်ယူမှတ်သားတဲ့ အနည်းငယ်သောပမာဏထဲမှာ ပါဝင်ပါတယ်။ ဒါကြောင့် ကလေးတွေရဲ့ ဖတ်စာအုပ်မှာ အရောင်အမျိုးမျိုးသုံးပြီး highlight တားခြင်း၊ မှတ်စုစာရွက်သေးသေးလေးတွေ ကပ်ထားခြင်းက စာလေ့လာရာမှာ လွယ်ကူစေပြီး မှတ်ဉာဏ်ပိုကောင်းစေပါတယ်။

Nutroplex 2

၅။  တီဗွီ၊ ဖုန်း ကြည့်ချိန်တွေ လျှော့ချပါ။
တီဗွီ၊ ဖုန်း စတဲ့ အီလက်ထရောနစ်မျက်နှာပြင်တွေ အကြည့်များခြင်းဟာ အာရုံစိုက်နိုင်စွမ်းနဲ့ အချိန်ကြာကြာ မှတ်သားနိုင်စွမ်းကို လျော့ကျစေပါတယ်။ ဒါကြောင့် ကလေးတွေ မှတ်ဉာဏ်ကောင်းဖို့ဆိုရင် တီဗွီ၊ ဖုန်း ကြည့်ချိန်တွေကို လျှော့ချပြီးတော့ စာများများဖတ်ဖို့၊ အပြင်ထွက်ပြီး ကိုယ်လက်လှုပ်ရှားမှုလုပ်ဖို့ တိုက်တွန်းပေးပါ။

၆။  ဥပမာလေးတွေပေးပြီး သင်ကြားပါ။
အရေးကြီးတဲ့အချက်တွေကို ပုံပြင်လိုမျိုး၊ ဇာတ်လမ်းလိုမျိုး ဥပမာပေးပြီး သင်ကြားပေးပါ။ ဒီလိုလုပ်ပေးခြင်းဟာ ကလေးတွေအတွက်တော့ အချက်တွေကို မြန်မြန်မှတ်သားနိုင်ပြီး အလွယ်တကူလည်း ပြန်မှတ်မိနိုင်ပါတယ်။

၇။  အာဟာရစုံလင်အောင် ကျွေးမွေးပါ။
စားသောက်မှုပုံစံဟာ ခန္ဓာကိုယ်ထဲမှာ ဖြစ်ပျက်နေတဲ့ လုပ်ငန်းဆောင်တွေအားလုံးအတွက် အရေးကြီးတာဖြစ်လို့ အာဟာရမပြည့်ဝခဲ့ရင် ကိုယ်ရောစိတ်ပါ ကျန်းမာနိုင်မှာ မဟုတ်ပါဘူး။ ဦးနှောက်လုပ်ဆောင်ချက် ကောင်းမွန်ဖို့နဲ့ အသက်ကြီးလာတဲ့အခါ မှတ်ဉာဏ်ချို့ယွင်းတာကို ကာကွယ်ဖို့ဆိုရင် အာဟာရစုံလင်စွာ စားပေးဖို့ လိုအပ်ပါတယ်။ Omega-3 fatty acid ၊ Antioxidant နဲ့ Flavonoid တို့ဟာ ဦးနှောက်ကျန်းမာရေးကို အားပေးတဲ့အတွက် ဒီလိုဓာတ်တွေကြွယ်ဝတဲ့ အဆီဓာတ်ပါဝင်မှုများသောငါးများ၊ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်များကို ကလေးတွေ နေ့စဉ်စားသုံးရာမှာ ပါဝင်အောင် ကျွေးပေးပါ။

Dr. Aye Hsu Mon (www.drmyanmar.com)