/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးတွေ-အမှန်တကယ်-စပြုံးတတ်တဲ့-အသက်အရွယ်

ကလေးတွေ အမှန်တကယ် စပြုံးတတ်တဲ့ အသက်အရွယ်

Category
ကလေးများနှင့်ကျန်းမာရေး

        ကလေးတစ်ယောက် စပြီးပြုံးတတ်တဲ့အချိန်က မိဘတွေအတွက်မှတ်မှတ်ရရဖြစ်နေမယ့် ကြည်နူးစရာအချိန်တစ်ခုပါ။ ဒီတော့ ကလေးတွေ ဘယ်အရွယ်မှာစပြီးပြုံးတတ်ကြသလဲ၊ ဒီလိုအပြုံးတွေက သူတို့ရဲ့လူမှုဘဝနဲ့ စိတ်ခံစားမှုဆိုင်ရာဖွံ့ဖြိုးမှုအတွက် ဘယ်လိုအဓိပ္ပာယ်တွေရှိလဲဆိုတာကို လေ့လာကြည့်ကြပါစို့။

        ကလေးတွေက သူတို့မမွေးခင်ကတည်းက ပြုံးတတ်ကြပါတယ်။ ဟိုးငယ်ငယ်ကလေးဘဝအစ မိခင်ဗိုက်ထဲမှာကတည်းက ပြုံးနိုင်ပါတယ်။ ဒီပထမဆုံးအပြုံးက တမင်တကာရည်ရွယ်ပြီးပြုံးတာ၊ တစ်ခုခုကိုတုန့်ပြန်ပြီးပြုံးတာမဟုတ်ပါဘူး။ ကလေးတွေကိုစမ်းကြည့်တဲ့အချိန်မှာ လက်တွေ၊ ခြေထောက်တွေဆတ်ခနဲလှုပ်တာလိုမျိုး သူအလိုလိုပြုံးတာပဲဖြစ်ပါတယ်။

 

ဖွံ့ဖြိုးမှုအမျိုးအစားများ - လူမှုရေး၊ အမြင်အာရုံ၊ စိတ်ခံစားမှ

        ကလေးတစ်ယောက်ရဲ့ တုန့်ပြန်ပြီးပြုံးလိုက်တဲ့အပြုံးက သူရဲ့ဖွံ့ဖြိုးမှုအခြေအနေကိုဖော်ပြနေပါတယ်။ ဒါကသူ့ရဲ့ အမြင်အာရုံဖွံ့ဖြိုးလာပြီး မျက်နှာတွေကိုမှတ်တတ်လာခြင်းရဲ့လက္ခဏာပါ။ ကလေးရဲ့ ဦးနှောက်နဲ့အာရုံကြောစနစ်တွေက အလိုအလျောက်ပြုံးတဲ့အပြုံးတွေကိုဖယ်ထုတ်လိုက်ပြီး အခြားသူတွေနဲ့ဆက်သွယ်ဖို့ပြုံးတတ်လာတဲ့အထိ ဖွံ့ဖြိုးလာပါပြီ။ သူ့ခံစားချက်ကိုသူသိပြီး ခံစားချက်အတိုင်းမျက်နှာမှာဖော်ပြတတ်လာတာပါ။ ပျော်ရွှင်မှု၊ စိတ်လှုပ်ရှားမှု၊ စိတ်ကျေနပ်မှုတွေနဲ့ကြုံရင် ပြုံးပါတယ်။

 

ဘယ်အရွယ်မှာစပြုံးမယ်လို့မျှော်လင့်ထားပါသလဲ?

         ကလေးအသက် 2 လ အရွယ်လောက်မှာ အလိုအလျောက်ပြုံးတတ်တဲ့အပြုံးတွေ ပျောက်ကွယ်သွားပါတယ်။ အမှန်တကယ်ပြုံးတတ်တာကတော့ 1 လခွဲ-2 လ (သို့) ရက်သတ္တပတ် 6 ပတ် - 12 ပတ် အရွယ်မှာစပါတယ်။ ကလေးအသက်အရွယ်နဲ့ အပြုံးကြာချိန်ပေါ်မူတည်ပြီး ကလေးတစ်ယောက်က အမှန်တကယ်ပြုံးတတ်ပြီလားဆိုတာကိုသိနိုင်ပါတယ်။ ယေဘူယျအားဖြင့် အလိုအလျောက်ပြုံးတဲ့အပြုံးကအချိန်တိုပြီး အိပ်ပျော်နေတဲ့အချိန်၊ မောလာတဲ့အချိန်လိုမျိုး ပြုံးချင်တဲ့အချိန်မှာ ပြုံးတတ်ပါတယ်။ အစစ်အမှန်အပြုံးကတော့ မိခင်ရဲ့မျက်နှာကိုမြင်တဲ့အချိန်၊ အခြားကလေးတစ်ယောက်ရဲ့ အသံစူးစူးနဲ့အော်တာကိုကြားတဲ့အချိန်တွေမှာ တုံ့ပြန်ပြီးပြုံးတာဖြစ်ပြီး အချိန်ကြာကြာပြုံးတတ်ပါတယ်။ အဲလိုပြုံးပြီဆိုရင် ကလေးရဲ့မျက်လုံးမှာပါ ခံစားချက်ကိုတွေ့နိုင်ပါတယ်။

         ကလေးနှုတ်ခမ်းလေးပါတွန့်ပြီးပြုံးတာကိုတွေ့ချင်ရင်တော့ သူ့ကိုမြှူလို့ရပါတယ်။ ကလေးကို ခဏခဏစကားပြောပေးပါ (တုန့်ပြန်ချိန်ပေးပါ) ကလေးနဲ့မျက်လုံးချင်းဆုံအောင်ကြည့်ပေးပါ၊ ကလေးကိုတစ်နေ့လုံးပြုံးပြပေးပါ။ ရယ်စရာမျက်နှာပုံစံ၊ ရယ်ချင်လာအောင် အသံပြုလုပ်ပြတာတွေ၊ တိရိစၧာန်အသံတု အမူအရာမျိုးလုပ်တာ၊ ဘူး-ဘူးကစားခြင်းတွေက ကလေးကိုပိုပြုံးစေပါတယ်။ ဒါပေမယ့် အရမ်းအလွန်အကျွံတော့မလုပ်ပါနဲ့။ ကလေးတွေရဲ့ခံစားမှုက အတိုင်းအတာရှိပါတယ်။ မြှူတာများသွားရင်လည်း ကလေးအတွက်မကောင်းပါဘူး။ ကလေးကို နားချိန်၊ အသက်ရှူချိန်လေးပေးပြီး မြှူပါ။

 

မိဘတွေက ကလေးတွေရဲ့ ဘယ်အပြုံးမှတ်တိုင်တွေကို မျှော်လင့်ထားပါသလဲ ?

         ကလေးကနှုတ်ခမ်းတွန့်ပြီးပြုံးတတ်ပြီဆိုရင် သူကထပ်ခါထပ်ခါပြုံးပြပါလိမ့်မယ်။ ကလေးလေးက ပြုံးပြတာကိုတွေ့ရင် လူကြီးတွေကလည်းပျော်ပြီး မျက်လုံးလေးတွေအရောင်လက်လာပြီး ကလေးကိုပြန်ပြုံးကြည့်မိကြပါတယ်။ ကလေးက အဲဒါကို သိလာပါတယ်။ ပထမတော့ ကလေးချော့တေးဆိုခြင်း၊ ကလေးသေးခံဝတ်လဲပေးရင်း စကားလေးတွေပြောပေးခြင်း စတဲ့အသံတွေ၊ ရုပ်တွေနဲ့ ချော့မြှူတာတွေကြောင့် ကလေးတွေကပြုံးတတ်ကြပါတယ်။ နောက်ပိုင်း အမြင်အာရုံတွေဖွံ့ဖြိုးလာချိန်မှာတော့ အဖေ၊ အမေမျက်နှာကိုမြင်ရင် ပြုံးတတ်လာပါတယ်။ မိခင်ကိုအများဆုံးပြုံးပြတတ်ပြီး အခြားသူတွေကိုလည်း ပြုံးပြလေ့ရှိပါတယ်။ (ဒါကတော့ လူစိမ်းတွေကို မခွဲခြားတတ်သေးတဲ့ အသက် 6 လအရွယ်လောက် အထိပါ)။ လူ့တွေရဲ့အပြုမူတွေ မြှူတာတွေကို ပြန်ပြုံးပြတာကြာပြီး နောက်ပိုင်းမှာတော့ အသံတွေပါပြုတတ်လာမှာပါ။ အစပိုင်းမှာ ‘တကူကူ’ အသံပြုတတ်တာကနေ ‘တခစ်ခစ်’ ရယ်သံပြုလာပြီးနောက်တော့ ရယ်တာနဲ့အတူ ကိုယ်လုံးပါလိုက်ပြီးယိမ်းလာပါတယ်။ ကလေး အသက် 5 လ အရွယ်လောက်ဆိုရင်တော့ အံ့အားသင့်လောက်အောင် အားရပါးရနဲ့အသံအကျယ်ကြီး ရယ်တတ်လာပါပြီ။

 

သတိထားရမည့်အချက်များ

         မိဘတွေအနေနဲ့ ကလေးတွေစတင်ပြုံးတတ်တဲ့အချိန်ကို မျှော်လင့်နေကြမှာဖြစ်ပေမယ့် ကလေးစောစောမပြုံးတိုင်း မပျော်လို့ (သို့) တစ်ခုခုမှားနေတယ်လို့ မယူဆသင့်ပါဘူး။ ကလေးတစ်ယောက်နဲ့တစ်ယောက် ဖွံ့ဖြိုးချိန်မတူကြပါဘူး၊ တစ်ချို့က ပုံမှန်ထက် ရက်သတ္တပတ်အနည်းငယ်နောက်ကျပြီးမှ ဖွံ့ဖြိုးတတ်ပါတယ်။ ဒါပေမယ့် ကလေးက 3 လအရွယ်လောက်မှာမှ မပြုံးတတ်ဘူးဆိုရင်တော့ ကလေးအထူးကုဆရာဝန်နဲ့ ပြကြည့်ဖို့လိုပါတယ်။

 

Dr. Mya Myo Myo Swe (www.drmyanmar.com)