ကလေးတွေ အီလက်ထရောနစ်ပစ္စည်းတွေကို လိုတာထက်ပိုပြီး မသုံးမိစေရန်
ယနေ့ခေတ်ကလေးတွေဟာ တီဗွီကြည့်ပြီး၊ ကွန်ပျူတာဂိမ်းဆော့ပြီး၊ ဖုန်းတွေအသုံးပြုပြီး ကြီးပြင်းလာကြတာ များပါတယ်။ မိဘတွေကတော့ မိမိတို့ကလေးကို အီလက်ထရောနစ်ပစ္စည်းတွေကို လိုအပ်တာထက်ပိုပြီး မသုံးစေချင်ကြမှာပါပဲ။
ဒီတော့ ကလေးတွေအနေနဲ့ တီဗွီ၊ ဖုန်း၊ ကွန်ပျူတာ စတာတွေကို လိုတာထက်ပိုပြီး မသုံးမိစေဖို့အတွက် -
၁။ မိဘတွေကိုယ်တိုင်က စံနမူနာကောင်း ဖြစ်နေပါစေ
မိဘတွေကိုယ်တိုင်က အီလက်ထရောနစ်ပစ္စည်းတွေကို တစ်ချိန်လုံး အသုံးပြုနေတယ်ဆိုရင် ကလေးကလည်း လိုက်သုံးမှာပါ။ ဒါကြောင့် မဖြစ်မနေကိစ္စကလွဲလို့ အတတ်နိုင်ဆုံး မသုံးမိအောင် နေထိုင်ပေးသင့်ပါတယ်။
၂။ ကန့်သတ်ချက်ထားရှိပါ
အွန်လိုင်းသင်ခန်းစာအတွက်ဖြစ်စေ၊ တခြားဘာအတွက်ကြောင့်ပဲဖြစ်စေ အီလက်ထရောနစ်ပစ္စည်းတွေကို အချိန်ကန့်သတ်ချက်ထားပြီး အသုံးပြုခိုင်းပါ။ "No screen zone" ဆိုပြီး သတ်မှတ်ထားပေးခြင်းဟာ ကလေးကို အနားယူပြီး ကိုယ်လက်လှုပ်ရှားကစားဖို့၊ မိသားစုနဲ့ အချိန်ပေးဖို့ ကူညီပေးနိုင်ပါတယ်။
၃။ ကလေးနဲ့အတူ အပြင်ထွက်ပါ
တစ်နေကုန် အိမ်ထဲနေရတာ ပျင်းဖို့ကောင်းပါတယ်။ ဒါကြောင့် ကလေးကိုလည်း အီလက်ထရောပစ္စည်းတွေကနေ ဝေးရာဆီ ဆွဲထုတ်သွားနိုင်အောင်၊ မိဘတွေအနေနဲ့လည်း သဘာဝတရားကို ခံစားနိုင်အောင် ကလေးနဲ့အတူ လမ်းလျှောက်ထွက်တာမျိုး ပြုလုပ်ပေးပါ။
၄။ အီလက်ထရောပစ္စည်းတွေကို နောက်ခံထားအသုံးပြုတာကို ရှောင်ကြဉ်ပါ
မိဘအများစုဟာ တီဗွီကြီးဖွင့်ပြီး အိမ်သန့်ရှင်းရေးလုပ်တာ၊ အနားယူတာတွေ လုပ်လေ့ရှိပါတယ်။ ဒါဟာ အီလက်ထရောပစ္စည်းတွေကို တစ်နေ့လုံး အသုံးပြုလည်းဖြစ်တယ်လို့ ကလေးကို အထင်မှားစေပါတယ်။ ဒါကြောင့် အာရုံစိုက်ပြီး ကြည့်မနေဘူးဆိုရင် ကိုယ်ဘာလုပ်နေနေ တီဗွီကို ပိတ်ထားသင့်ပါတယ်။






























