/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးနဲ့-အားဆေး

ကလေးနဲ့ အားဆေး

Category
ကလေးများနှင့်ကျန်းမာရေး

            ပုံမှန်ဖွံ့ဖြိုးကြီးထွားနေတဲ့ ကလေးတွေမှာ အားဆေး မလိုအပ်တတ်ပါဘူး။

          အစားအစာဟာ အကောင်းဆုံးသောအားဆေး ဖြစ်ပါတယ်။ ပုံမှန်စားသောက်နေတဲ့ ကလေးမှာ လိုအပ်တဲ့ အစာအာဟာရတွေ ပြည့်ဝနေပါတယ်။

          ကလေးငယ်ငယ်လေးတွေဟာ အစား ချေးများတတ်ကြပါတယ်။ ဒါပေမဲ့ အစား ချေးများတိုင်း အာဟာရ ချို့တဲ့တာမျိုးတော့ မဟုတ်ပါဘူး။ ပုံမှန်စားနေတဲ့ ထမင်း၊ နို့ နဲ့ အသီးဖျော်ရည် စတာတွေမှာ ကလေးတွေအတွက် လိုအပ်တဲ့ ဗီတာမင်ဘီ၊ ဗီတာမင်ဒီ၊ ကယ်လ်ဆီယမ်နဲ့ သံဓာတ်တွေ ပါဝင်နေတဲ့အတွက် စိတ်ပူစရာ မလိုအပ်ပါဘူး။

          ဒါ့အပြင် အားဆေးတွေမှာလည်း ဘေးထွက်ဆိုးကျိုး မကင်းပါဘူး။ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ခန္ဓာကိုယ်ထဲ များပြားနေခြင်းကလည်း ဘေးဖြစ်စေတတ်ပါတယ်။ ဒီဓာတ်တွေဟာ ကလေးတွေ သောက်နေတဲ့ဆေးတွေကိုလည်း အဟန့်အတား ဖြစ်စေနိုင်ပါတယ်။

      ကလေးမှာ အာဟာရ မပြည့်ဝဘူးလို့ ထင်မြင်ပါက ကလေးဆရာဝန်နဲ့ တိုင်ပင်ကြည့်ပါ။ အောက်ပါအချက်များ ရှိနေပါက အားဆေး လိုအပ်နိုင်ပါတယ်။

●        ကလေးဖွံ့ဖြိုးမှု ပုံမှန်ထက် နှေးကွေးနေခြင်း

●        နာတာရှည်ရောဂါများ၊ အစာ ဓာတ်မတည့်မှုများ ရှိနေခြင်း

●        အသီးအရွက် စသည်ဖြင့် တစ်မျိုးဆိုတစ်မျိုးပဲ စားနေခြင်း

          ဆရာဝန်က အားဆေးတိုက်ဖို့ ညွှန်ကြားတဲ့အခါမှာလည်း ကလေး အသက်အရွယ်လိုက် လိုအပ်တဲ့ပမာဏကိုပဲ တိုက်သင့်ပါတယ်။ သတိထားရမယ့်အချက်က ဆေးတွေကို ကလေး မမီလောက်တဲ့ နေရာမှာပဲထားပြီး ချိုချဉ်၊ စားစရာ မဟုတ်ကြောင်း သေချာရှင်းလင်း ပြောပြထားသင့်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)