/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးနှင့်-ဆီးပုံမှန်မသွားနိုင်ခြင်းပြဿနာ

ကလေးနှင့် ဆီးပုံမှန်မသွားနိုင်ခြင်းပြဿနာ

Category
ကလေးများနှင့်ကျန်းမာရေး

ဆီးပုံမှန်မသွားနိုင်ခြင်းဆိုတာဘာလဲ?

        ကလေးရဲ့အသက်အရွယ်အလိုက် ဆီးသွားတဲ့စနစ်ပုံမမှန်ခြင်းဖြစ်ပါတယ်။ ပုံမှန်ဆိုရင် ဆီးပြည့်လာတာနဲ့ ဆီးအိမ်တင်းလာပါတယ်။ ပုံမှန်ဆီးသွားတဲ့အချိန်မှာ ဆီးအိမ်ကကျုံ့လာတဲ့အတွက် ဆီးပြွန်မှာရှိတဲ့အပြင်ရှုံ့ကြွက်သားက ဆန့်ထားခြင်းဖြင့် ဆီးအိမ်ထဲကဆီးတွေ ရှောရှောရှူရှူနဲ့ အကုန်ထွက်သွားပါတယ်။ ဆီးအိမ်ပြည့်ချိန်နဲ့ ဆီးပေါက်ချိန်မှာ ပြဿနာရှိတာကို ဆီးသွားရခက်ခဲခြင်းလို့ခေါ်ပါတယ်။

ဘာကြောင့်ပုံမှန်မသွားနိုင်တာလဲ?

       အကြောင်းအရင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။

1. အလေ့အကျင့်မကောင်းခြင်း

ဆီးသွားတဲ့အကြိမ်ရေနည်းခြင်း၊ ဆီးသွားဖို့အချိန်မရအောင် အလုပ်ရှုပ်နေခြင်း၊ အရင်ကဆီးလမ်းကြောင်းပိုးဝင်ပြီး နာကျင်ဖူးခြင်းကြောင့် ဆီးသွားရန်ကြောက်နေခြင်း၊ စိတ်ပိုင်းဆိုင်ရာပြဿနာတစ်ခုခုရှိခြင်း၊ အမူအကျင့်နှင့်လေ့လာသင်ယူမှုဆိုင်ရာပြဿနာရှိခြင်း၊

2.  မွေးရာပါ ဆီးလမ်းကြောင်းတည်ဆောက်ပုံချို့ယွင်းချက်ရှိခြင်း

3. မွေးပြီးမှကင်ဆာ (သို့) ထိခို်က်မှုတစ်ခုခုကြောင့် ဆီးလမ်းကြောင်းတည်ဆောက်ပုံချို့ယွင်းချက်ရှိခြင်း

4. ဆီးလမ်းကြောင်းကို ထိခိုက်စေသော အာရုံကြောရောဂါများ (ဥပမာ- လေဖြတ်ခြင်း၊ တက်ခြင်း၊ ဆီးအိမ်နှင့် ဆီးလမ်းကြောင့်ရှုံ့ကြွက်သားများကိုထိန်းချုပ်သော အာရုံကြောများကိုထိခိုက်စေတဲ့ ဦးနှောက် (သို့) ကြောရိုးမကြီးအာရုံကြော ပုံမမှန်ခြင်း)

5. ဆီးလမ်းကြောင်းကိုထိခိုက်စေသော အင်ဒိုခရိုင်းနှင့် ကျောက်ကပ်ရောဂါများ (ဥပမာ- ဆီးချို၊ နာတာရှည်ကျောက်ကပ်ရောဂါ)

6 ဆီးလမ်းကြောင်းကိုထိခိုက်စေသော မျိုးရိုးဗီဇရောဂါများ (ဥပမာ - Ochoa syndrome, Williams syndrome)

7. ဆီးလမ်းကြောင်းကိုထိခိုက်စေသော ရောဂါပိုးဝင်ခြင်းနှင့် ထိခိုက်မှုများ (ဥပမာ- ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ ဆီးပြွန်ရောင်ခြင်း၊ ပြင်ပပစ္စည်းဝင်ရောက်ခြင်း၊ ပင်အပ်အရွယ်ရှိသံကောင်ဝင်ခြင်း)

8. ဆီးမထိန်းနိုင်ခြင်း (ချောင်းဆိုးနှာချေချိန်တွင် မထိန်းနိုင်ဘဲဆီးထွက်ကျခြင်း)၊ တစ်ခစ်ခစ်ရီစဉ်ဆီးထွက်ကျခြင်း၊

ရောဂါလက္ခဏာများ

- ဆီးထွက်ကျခြင်း  (နေ့ (သို့) ည) - ပထမဆုံးတွေ့ရတဲ့ရောဂါလက္ခဏာဖြစ်ပါတယ်။

- ဆီးခဏခဏသွားခြင်း၊ ဆီးမထိန်းနိုင်ခြင်း

- ဆီးသွားချင်လျှင်ချက်ချင်းသွားရခြင်း၊ ဆီးတစ်စက်စက်ကျခြင်း၊ ဆီးသွားလျှင်ညှစ်သွားရခြင်း

- ခါးနာခြင်း၊ ဗိုက်အောင့်ခြင်း

- ဆီးလမ်းကြောင်းပိုးထပ်ခါထပ်ခါဝင်ခြင်း

- ဆီးထဲတွင်သွေးပါခြင်း

- ဆီးသွားသောအကြိမ်ရေနည်းခြင်း - 24 နာရီအတွင်း ဆီးသုံးကြိမ်အောက်သာသွားရခြင်း

- ဝမ်းချုပ်ခြင်း၊

အမျိုးအစားများ

       အဖြစ်များတဲ့အမျိုးအစားတွေကတော့ -

1. နေ့အချိန်တွင်စိုစွတ်နေခြင်း - ရှူးနည်းနည်းစီထွက်ကျပြီး အတွင်းခံဘောင်းဘီတစ်ထည်လုံးစိုစွတ်နေခြင်း

2. ရီလျှင်ဆီးထွက်ကျခြင်း - တစ်ခစ်ခစ်ရယ်လျှင် (သို့) အားရပါးရရယ်ချိန်မှာ ဆီးလုံးဝထွက်ကျသွားခြင်းဖြစ်ပါတတ်ပါတယ်။

3. ဆီးမထိန်းနိုင်သောရောဂါလက္ခဏာစု - ဆောင့်ကြောင့်ထိုင်ခြင်းကဲ့သို့သောအပြုအမူကြောင့် ဆီးခဏခဏသွားချင်ခြင်း (တစ်နေ့လျှင် အနည်းဆုံး 7 ကြိမ်)။ ဆီးကတော့ တစ်ခါသွားရင်နည်းနည်းပဲသွားတတ်ပါတယ်။

4. အိပ်ရာများစိုစွတ်နေခြင်း - အိပ်ပျော်နေတဲ့ကလေးက ညအချိန်မှာ ဆီးသွားချင်စိတ်ကို မထိန်းချုပ်နိုင်ခြင်းကြောင့်ဖြစ်ပါတယ်။ ပုံမှန်ဆိုရင် အသက် 5 နှစ်ကျော် 6 နှစ်အရွယ်ရောက်ရင် အိပ်ရာထဲ ရှူးပေါက်တာမရှိသလောက် နည်းသွားပါတယ်။

ဆီးပုံမှန်မသွားနိုင်ခြင်းနဲ့ overactive bladder (ဆီးအိမ်တက်ကြွလွန်းခြင်း) ဘာကွာသလဲ

       Overactive bladder ဆိုတာ ဆီးအိမ်ကြွက်သားကြီးတွေက သူ့အလိုလိုကျုံ့ပြီး ဆီးခဏခဏသွားခြင်း၊ ဆီးမထိန်းနိုင်ခြင်း၊ ဆီးသွားချင်လျှင်မထိန်းနိုင်ဘဲ ထွက်ကျသွားခြင်း စတာတွေကိုဖြစ်စေပါတယ်။ ဆီးမထိန်းနိုင်ဘူးဆိုတဲ့နေရာမှာ တစ်ခါတစ်ရံဆီးထွက်ကျတာကနေပြီးတော့ လုံးဝမထိန်းနိုင်တော့တဲ့အထိဖြစ်နိုင်ပါတယ်။

ရောဂါစစ်ဆေးခြင်း

1. ရောဂါရာဇဝင် - ကလေးဆီးသွားတဲ့ပုံစံကိုမေးပြီး မှတ်ထားခိုင်းပါလိမ့်မယ် (ဆီးသွားသောအကြိမ်ရေနှင့် ပမာဏသိရန်)၊ ဝမ်းသွားတဲ့အကြောင်း (အကြိမ်ရေ၊ ပမာဏ၊ ညှစ်ပြီးသွားရခြင်း၊ ဗိုက်အောင့်ခြင်း) ကိုလည်းမေးပါတယ်။ လူမှုဝန်းကျင်ဆိုင်ရာမေးခွန်းတွေကတော့ သေးဆိုနေတဲ့အတွက် ကလေးကိုဘယ်လိုထိခိုက်နိုင်လဲ၊ ကလေးကျောင်းလုပ်ငန်းတွေမှာ ဘယ်လိုအကျိုးသက်ရောက်နိုင်သလဲ၊ အမူအကျင့်ဆိုင်ရာချို့ယွင်းချက်ရှိသလား၊ အခြားလှု့ံဆော်မှုတစ်ခုခု (ဥပမာ ဆူညံမှု၊ ထိတွေ့မှု)တို့ကြောင့် ဆီးသွားခြင်းရှိသလားစတဲ့မေးခွန်းတွေမေးပါလိမ့်မယ်။

2. ခန္ဓာကိုယ်နှင့် အာရုံကြောစစ်ဆေးမှုများ - နောက်ကျော၊ အစာဟောင်းအိမ်၊ မျိုးပွားအင်္ဂါအပါအဝင် ခန္ဓာကိုယ်အစိတ်အပိုင်း ချို့ယွင်းမှုရှိ/မရှိ သေချာစစ်ဆေးပါလိမ့်မယ်။ အာရုံကြောစစ်ဆေးမှုမှာတော့ ခန္ဓာကိုယ်အောက်ပိုင်းရဲ့ တင်းအား၊ ထိတွေ့ခံစားနိုင်မှု၊ တုန့်ပြန်မှုတွေကို ပိုပြီးအာရံုံစိုက်စစ်ဆေးပါတယ်။

3. အခြားအထူးစစ်ဆေးမှုများ - ဆီးအိမ်အတွင်းသိုလှောင်မှုနဲ့ ဆီးသွားတဲ့လုပ်ငန်းတွေကို စစ်ဆေးနိုင်ဖို့အတွက် radiologic နဲ့ urodynamic စစ်ဆေးမှုများကို ပြုလုပ်နိုင်ပါတယ်။

အခြားစစ်ဆေးမှုများမှာ

ကျောက်ကပ်နှင့် ဆီးအိမ် အာထရာဆောင်း - ဆီးလမ်းကြောင်းပိတ်ဆို့မှုနဲ့ ဆီးအိမ်ရဲ့စွမ်းရည်ကို သိနိုင်ပါတယ်။

အောက်ပိုင်းရှိအရိုးများကို သံလိုက်ဓာတ်မှန်ရိုက်ခြင်း - ကျောရိုးမကြီးအာရုံကြောတိုင်ချို့ယွင်းမှုရှိ/မရှိသိနိုင်ပါတယ်။

ဆီးသွားချိန်တွင် ဓာတ်မှန်ရိုက်ခြင်း - ဆီးအိမ်မှ ကျောက်ကပ်ဘက်သို့ ဆီးပြန်စီးဆင်းမှုရှိ/မရှိသိနိုင်ပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်ဖူးတဲ့သူတွေမှာပိုပြီး ရိုက်တတ်ပါယတ်။

Radionuclide cystogram

ကျောက်ကပ်စစ်ဆေးခြင်း - ကျောက်ကပ်လုပ်ငန်းစဉ်နှင့် ကျောက်ကပ်ပျက်စီးမှုကို သိရှိနိုင်ပါတယ်။

ကုထုံးများ

       ဖြစ်ရသောအကြောင်းအရင်း၊ ရောဂါလက္ခဏာပြင်းထန်မှု၊ ခန္ဓာကိုယ်စမ်းသပ်မှု ဓာတ်ခွဲခန်းနဲ့ စမ်းသပ်ချက်အဖြေတွေအပေါ်မူတည်ပြီး ကုထုံးအမျိုးမျိုးရှိပါတယ်။

1. ဝမ်းချုပ်ခြင်းကို ကုသခြင်း - ဝမ်းချူဘောလုံးများ၊ ဝမ်းပျော့ဆေးများ၊ အမျှင်ဓာတ်ပါသောအစားအစာများသုံးပြီး ဝမ်းချုပ်ခြင်းကိုကုသခြင်းဖြင့်  ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို သက်သာစေနိုင်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ဝမ်းပျော့ဆေးတွေကို မသောက်စေတော့ဘဲ အမျှင်များများစားစေပါလိမ့်မယ်။

2. ဆီးအိမ်ထိခိုက်စေသောအရာများကိုဖယ်ရှားခြင်း - ကလေးကို ရေပိုတိုက်ပါ။ ကဖင်း၊ ကာဗွန်ပါသောအချိုရည်များ၊ အချဉ်ဓာတ်ပါသောဖျော်ရည်များနှင့် ချောကလက်စတဲ့အစားအသောက်တွေကို မကျေွးပါနဲ့။

3. ဆီးလမ်းကြောင်းပိုးဝင်ခြင်းကိုကုသခြင်း - ဆီးလမ်းကြောင်းခဏခဏပိုးဝင်တတ်တဲ့ကလေးတွေမှာ ပိုးသတ်ဆေးတိုက်နိုင်ပါတယ်။

4. အမူအကျင့်ပြောင်းလဲမှုများ - ဆီးပုံမှန်မသွားနိုင်တာကို ထိန်းချုပ်နိုင်ဖို့အတွက် ကလေးတွေနဲ့ မိဘတွေအသုံးပြုနိုင်တဲ့နည်းလမ်းတွေ ပါဝင်ပါတယ်။ ရည်ရွယ်ချက်ကတော့ ဆီးထိန်းနိုင်ပြီး ဆီးကောင်းကောင်းသွားနိုင်ဖို့ပဲဖြစ်ပါတယ်။

5. ညဘက်အိပ်ရာထဲဆီးသွားခြင်းအတွက် - ညအချိန်မှာ အိပ်ရာစိုလာရင် အချက်ပေးသံမြည်ခြင်းဖြင့် ကလေးရဲ့ဆီးထိန်းနိုင်မှုကို အထောက်အကူဖြစ်စေပါတယ်

6. နေ့လည်ဘက်ရှူးပေါက်ချခြင်းနှင့် အခြားပြဿနာများ - ရေများများသောက်ခြင်း၊ ဆီးပေါက်ချိန်သေချာထားရှိခြင်း (2-4 နာရီကြာတိုင်းဆီးပေါက်ခြင်း)၊ အမျှင်ဓာတ်များများစားခြင်း၊ တင်ပါးဆုံကြွက်သားများသန်မာအောင်လေ့ကျင့်ခန်းများလုပ်ခြင်းများက အထောက်အကူရစေပါတယ်။

7. Anticholinergic ဆေးများ - oxybutynin (Ditropan), hyoscyamine (levbid) ဆီးမထိန်းနိုင်တဲ့ကလေးတွေအတွက်အသုံးဝင်ပါတယ်။

8. ခွဲစိတ်မှုများ - တစ်ခါတစ်ရံမှာ နောက်ခံရုပ်ပိုင်းဆိုင်ရာပြဿနာတွေကို ပြုပြင်နိုင်ဖို့အတွက် ခွဲစိတ်မှုလိုအပ်ပါတယ်။

Dr. Mya Myo Myo Swe

www.drmyanmar.com